လက်ယာ အစွန်းရောက်ဆောင်း (ယောဟန်အောင်)

အနွေးထည် ပွပွကြီးတွေ
ထပ်ထပ် ကျပ်စည်းထားတဲ့သူ
ငါလည်းအနှစ်အသား နည်းနည်း
အခေါက်အပွေးထူထူ လူလိုဖြစ်နေရ။
ခေတ်ကိုက မကောင်းတာပါ
ဒီတစ်ခါဆောင်းက အကြောင်းဖန်တယ်
ဒို့မိဘများပြောတတ်တဲ့ ဆုတ်ကပ်ဆိုတာမျိုးပေါ့။
ဂလိုဘယ်လိုက်ဇေးရှင်းကြီးလဲ လာပါလေရော၊
ငါလည်း
ဘောင်းဘီတိုဝတ်ရ
က်ပ်သီချင်းကြိုက်ရ
သီချင်းသံကြားရင် ကိုယ်တွန့်ခါရ
ကိုယ့်ကိုကိုယ် လစ်ဘရယ်လိုက်ဇ်နည်းနည်းလုပ်ရ၊
အဆီလျော့စားတာနဲ့ယောဂ အကြောင်းပြောရ။
အမေရိကန်ဆန်အောင်
အလံထောင် ဟိတ်ဟန်လုပ်ရ။
အရှေ့ အလယ်ပိုင်းဒေသမှာ
လူတွေသေနေတာကို
တယ်မိုက်ကြသကွယ် လို့ ဟန်လုပ်နေရ။
စစ်ကတော့ဖြစ်မှာပဲ
ကိုယ်ဘာသာ လွတ်အောင်နေ
ကိုယ့်အရေးကလွဲပြီး များများ
ဘာမှ မစဉ်းစားနဲ့
ကိုယ့်ဘာသာ အားပေးပြန်ရ။
(အေးလွန်းတဲ့ဆောင်းကငါ့နှလုံးသားကိုခဲခံစားမှုနည်းအောင် ပြောင်းခဲ့ပုံရတယ်)
မျိုးရိုးဗီဇပြောင်းထားတဲ့
ပန်းသီးမွကိုကိုက်
ဆိုဒါရှိန်းမြရေကို ကျိုက်ချရင်း
CNN ဟိုက်ဘရစ်သတင်းကိုကြည့်
အဆာမပြေဘူး
ရေငတ်တယ်
ရေငတ်တယ်။
သစ်ခေါက်တွေဝါးနေရသလိုပဲ
စမ်းချောင်းလေးကိုငတ်တယ်
တောအရက်ကိုငတ်တယ်
ဂန္ဒီရုပ်ရှင်ကားကိုငတ်တယ်
ငြိမ်းချမ်းရေးကိုငတ်တယ်
ရွှေဘကိုငတ်တယ်
မောင်သာနိုးရဲ့ “မလင်းပြာ” ကိုငတ်တယ်
စွန့်လွတ်ပေးဆပ် သူရဲကောင်းဇာတ်လမ်းထဲက
ဓါးတောင် သံချောင်းကို ငတ်တယ်။
ဒီတစ်ခါဆောင်းက
ပိုတစ်ကိုယ်ကောင်းဆန်တယ်
ပိုဟိတ်ဟန်ကြီးတယ်
ပိုဖြီးလုံး ဖြန်းလုံးထုတ်တယ်၊
မှန်ပြတင်းမှာနှင်းခိုးပိန်းရိုက်လာ
ဟုတ်ပါရဲ့ လား
အဆိပ်ခိုးတွေ
ဓါတုမိုးရည်ဆားစ်ပိုးတွေလို့ ထင်နေသေးတယ်။
(မျက်ရည်နဲ့ သွေးတွေလည်းဖြစ်နေနိုင်ခဲ့)
ခေါင်းစွပ်မဲမဲ
လက်အိတ်မဲမဲနဲ့ လမ်းထဲသွားရင်
အကြမ်းဖက်သမား ထင်လေလားလို့
ငါ့ကိုယ်ငါ စိုးလာရပြန်
နှင်းခါးကြားထဲ မျက်နှာကိုပြန်ပြန်ဖွင့်ပြရတယ်။
ဟလိုက်ရင် “၀ှားကနဲ” ထွက်သွားတဲ့
အငွေ့တွေပြန်ပြန်လိုက်သိမ်း
အမေရိကန် ဆန့်ကျင်ရေးလေစိမ်းတွေ
ထင်သွားမှာစိုးလို့ မြိုချ
ရာဘာချိုဝါးရည်နဲ့ လှိမ့်ချရတယ်၊
ကိုယ့်လျှာကို ပြန်ကိုက်သိမ်း
မျက်မှန်စိမ်းတပ်နားတွေလည်း ပြားကပ်နေတော့တယ်။
ကွင်းပြင်တွေက တစပြင်လိုဖြူဖွေး
သစ်ကိုင်းတွေက အရိုးပြိုင်းပြိုင်းထောင်
ခဲနေတဲ့လေတွေက စောစောအမှောင်ချပစ်တယ်။
ကမ္ဘာတစ်ဘက်ခြမ်းမှာ ငတ်နေတာမဖြစ်နိုင်ဘူး။
တောင်းဆိုလွှာ တော်တော်များများမှာ
ငါ လက်မှတ်ထိုးခဲ့သားပဲ။
ဝေလငါးတွေ မသတ်ဖို့
မြေမြုပ်မိုင်းတွေရပ်ဖို့
သစ်ပင်တွေ အခုတ်ရပ်ဖို့
စီးကရက်ဖြတ်ဖို့
ငါလက်မှတ်ထိုးခဲ့ပါတယ်။
မလင်းပြာရယ်...
အခုတော့
ဒီလိုဖြစ်နေရတာ အခါခါစိတ်ဓါတ်ကျတယ်
ငါ ...
အီရတ်ကို မသွားပါရစေနဲ့။
ယောဟန်အောင်

No comments: