ကိုသန်းထွန်း ၏ ကဗျာများ ( စတစ်ကာလူ၊ ဇောင်း၊ ထွက်တော်မူကြီး )

စတစ်ကာလူ

ဇရပ်ခါးပန်းလို
ပတ်ကြမ်းတိုက်အရေပြားနဲ့
“ငါလို ယောကျာင်္း
ပြဿဒါးမရှိ” ဆိုရဲသူ။
“ဘက်တူရင် လူမရွေး” တဲ့လား
နဂါး ဂဠုန်နဲ့
ကျားအခုန် ဓားအစုံနဲ့
သွားဟုန်ဟုန် ဥုံတွေအကွက်တွေရဲ့ အပြင
်(အမယ်) “ဘ၀ကို ပုံသေ မတွက်နဲ့” တဲ့
ကောက်ချက်နဲ့လူ။
(ဟုတ်ပ) သူ….
ဘူတာကြီးရဲ့  မွေးစားသား။
ကဲ…ဆေးမင်ကြောင်တစ်ကိုယ်လုံး
(နောက်ဆုံး)
ပုခုံးအသာပင့်ကြည့်ကာမှ
အား……..
ကြယ်ပွင့်နီန
ီ“ဘယ်ရီကတ်” စောင်းစောင်း
ခေါင်းမွေးအလိပ်လိပ်
မုတ်ဆိတ်ကျင်စွယ်ဖားဖားနဲ့
လား… လား
ဒါရဲဘော် “ချေဂွေဗားရား”။ ။
ကိုသန်းထွန်း
..............................................................

ဇောင်း
မာနသံ တဖြောင်းဖြောင်း
ထောင်လမောင်းထမွှေနှောက်
ထုတ်ချင်းပေါက် လျင်မြန်မှုမျိုးနဲ့
လောကရဲ့  တစ်နံတစ်လျားကိုပဲ
ပိုင်းခြားပစ်ခွင်းတော့မလို
စူးရဲပြိုးပြက်
ကတ္တီပါကျောက်ကုန်းရဲ့  အခင်းအကျင်းကလည်း
ဖျဉ်းကနဲမာန်သွင်း
ပါးပြင်းထမြွေဟောက်တစ်ကောင်လို
တောက်လောင်ကျွမ်းမြိုက်လို့၊
နှာမှုတ်
ခွာရှပ်
(တစ်ခါ တစ်ခါ) ပတပ်ရပ်လိုက်တာများ
မြေသားကိကန်ထွက်
တိမ် ညွှန့်မြက်ခင်း
စိတ်ရှိတိုင်း ချနင်းတော့မလို
သူရဲကောင်းတစ်ဦးတလေကများ
သူ့ကျောလျားရှည်ကြီးပေါ်
အကျအနတက်ခ
ွမပေးမချင်း
ဒီ… သူကောင်းမြင်းမျိုးရဲ့  ဂုဏ်မာန
ဖုတ်ထနေဦးတော့မယ် ထင်ရဲ့ ။ ။
ကိုသန်းထွန်း
..............................................................


ထွက်တော်မူကြီး

သူဟာ
ပျောက်ဆုံးနေဆဲ အမြီးတစ်ချောင်းအတွက်
ကျည်းပေါင်းတက်ခြေဖ၀ါး
ရင်းစားလိုက်ရတဲ့ လူတစ်ကောင်ပေါ့။
သူဟာ
ထူထူထောင် ခေါင်းတစ်လုံးအားကိုးနဲ့
ပုဆိုးတွေ ထမီတွေချုပ်လိုချုပ်
အိုးတွေ အိမ်တွေ လုပ်လိုလုပ်
နောက်ဆုံး ကြိုးတွေကြိမ်တွေတုပ်လာမှ
သူ့ကိုသူ ရွေးနှုတ်ဖို့ကြိုးစား
သူ့အားနဲ့သူ မလုံလောက်လေတော့
သူ့တရားနဲ့သူ စုံထောက်ရင်း
သူ့ဖ၀ါးနဲ့သူ ခုန်ပေါက်ရင်း
မျောက်တစ်ကောင် ဖြစ်လာပါရောတဲ့။
ဒါပေမယ့်
သူဟာ
အမှတ်သညာဆိုလို့ နည်းနည်းမှမရှိ
သူ့ကိုသူ အဖတ်ဆယ်စရာ
တစ်ပတ်လည်လာမယ့် ရာဇ၀င်ကို
စောင့်ဖို့ပဲရှိသတဲ့လေ
သူကျစ်တဲ့ကြိုးနဲ့သူကိုသူ ထမ်းပိုးလျှိုထမ်း
ဟော...ဒီ
တောလမ်းကလေးအတိုင်းသွားလေရဲ့။
ကိုသန်းထွန်း(ဧကစာ မီးခိုးကဗျာစာအုပ်မှ)

No comments: