မဆုံးသေးတဲ့ကဗျာ


ကိုယ့်ဦးခေါင်းကိုယ်
နှစ်များစွာ မီးဆေးခဲ့ပြီးသား
ဖြတ်ခနဲ စက္ကန့်မှာတောင်
နောက်ကြောင်းပြန် ခေါင်းမြိတ်ချုံလိုက်ဖို့
အရိပ်မထင်ခဲ့ဘူး
ငါပြီးရင် ငါ့သားက
ငါရောက်တဲ့နေရာကနေ
ဆက်ထွင်းဦးမှာပဲ
ဇာတ်လမ်းက ဒီမှာတင် ရပ်သွားတာမှ မဟုတ်ဘဲ။

လွှမ်းရုံ
ပိတောက်ပွင့်သစ်၊ အမှတ် (၂၅)၊ ဇူလိုင်၊ ၂၀၀၉။

ရန်ကုန်ည


ဆုပ်ကိုင်နိုင်သမျှဆုပ်ကိုင်
ရပ်တည်နိုင်သမျှရပ်ထား
ဘာမှအလကား မရဘူးဆိုလို့
စတိုးဆိုင်ရှေ့က လမ်းဖြတ်ကူးခဲ့တယ်။

ဒီမှာလေ
ကျပ်မပြည့်တဲ့ညဥ့်ငှက်တွေ
တစ်ဖန် ပြန်လည်ရှင်သန်ထမြောက်လာကြတဲ့
ရန်ကုန်ဆိုတဲ့ ရန်ကုန်ညမှာ
ပန်းဆိုးတန်းတစ်ဝိုက်
လမ်းသလားကြည့်လိုက်တော့
ရန်ကုန်ညဟာ
ကားမီးရောင်နဲ့ တုန်နေရဲ့။

ဒီခေတ်မှာ
နာတာရှည်ရောဂါကို
ဆေးမြီးတိုနဲ့ ကုသချင်လို့ မဖြစ်ဘူး။
ညပလက်ဖောင်းပေါ်က
အမျိုးကောင်းသမီးလေးရယ်
ဘဝဆိုတာ
ဂွဒ်မောနင်းပေါင်မုန့်စိမ်ထားတဲ့ နို့တစ်ခွက်ပေါ့
သေခြင်းတရားဆိုတာတော့
သတ္တဝါတိုင်းရရှိမယ့် အချိန်ပို လုပ်အားခပဲ။

လန့်နိုးခဲ့တဲ့ အိပ်မက်အတွက်
ဒေါသထွက်နေလို့လည်းအပို
ရှယ်လီကိုရွတ်ဆို
ဘိုနိုကိုဂုဏ်ပြု
မသမာမှုမှန်သမျှ
လက်တကမ်းက ရင်ဆိုင်ထားလိုက်မယ်။

ဒီကနေ့ည မိုးကောင်းကင်မှာ
မိုးသာတိမ်လိပ်တွေ ကင်းစင်ပါရဲ့လား
ခင်ဗျားတို့ရဲ့ သွေးထဲမှာရော
ပိုးမွှားတွေ သန့်စင်ပါရဲ့လား
သံသရာ ချားရဟတ်ထဲမှာ
ငွေကြယ်ကလေးတွေ ပွင့်ခဲ့လို့
ကိုယ့်ဘဝကိုယ် မက်မောမိပြန်တယ်
တကယ်ဆိုရင်
တို့သွေးသားဟာ
အမှန်တရားနဲ့သာ တည်ဆောက်သင့်ပေရဲ့။

သြော်…
အနော်ရထာလမ်းမကြီးက
ခြေသံတွေကို ထမ်းထားဆဲ
ချွေးတစိုစို လူတန်းကြီးတွေနဲ့
ခုံးကျော်တံတားကြီးတွေအောက်
ဘဝတွေ စီးဆင်းနေလေရဲ့။

ဘယ်ဆီဘယ်ဝယ်မသိ
ဘဝတွေ စီးဆင်းနေလေရဲ့။

စစ်ကြီးအတွင်းတုန်းက
ရန်ကုန်ညမှာ
ဗုံးခိုကျင်းတွေ တူးခဲ့တယ်။

စစ်ကြီးအတွင်းတုန်းက
ရန်ကုန်ညကို
ဗြိတိသျှစစ်သားတွေ ဆုတ်ခွာခဲ့ကြတယ်။

စစ်ကြီးအတွင်းတုန်းက
‘ကင်ပေတိုင်’ ရုံးခန်းဟာ
‘ရွှေဂုံတိုင်’ မီးပွိုင့်နားမှာ ရှိခဲ့တယ်။

စစ်ကြီးအတွင်းတုန်းက
လူတွေ ကပ်ဆိုက်ခဲ့ကြတယ်

စစ်ကြီးပြီးပြန်တော့
ရန်ကုန်ညမှာ
အင်းစိန်တိုက်ပွဲ ဖြစ်ခဲ့တယ်။

ဒီလိုနဲ့
ရန်ကုန်ညမှာ
‘မိုရှေဒါယန်း’ အိပ်စက်ခဲ့
‘ချူအင်လိုင်း’ အိပ်စက်ခဲ့
‘ချာဗလစ်ယောင်ချိုင်ယု’လည်း အိပ်စက်ခဲ့။
ခုတော့ ရန်ကုန်ညဟာ
ပြီးခဲ့တဲ့စစ်ကြီးကို မေ့လို့
ကြုံခဲ့တဲ့ ဒုက္ခတွေကိုမေ့လို့
‘အဖော်’ကို ဟိုတယ်ပေါ်မှာ ဝေငှလို့
လူငယ်တွေ ကြယ်လို ကခုန်လို့
မရေရာတဲ့ ဆော့(ဖ်)ဝဲတွေနဲ့
ရန်ကုန်ညဟာ သက်ဝင်လှုပ်ရှားလို့။

ဟဲလို… ရန်ကုန်ညရေ
သင်နဲ့ နှစ်ဦးသဘောတူ ပွေ့ဖက်ပြီး
သင်နဲ့ နှစ်ဦးသဘောတူ အိပ်စက်ခဲ့ရတာ
အကုန်အကျ များလွန်းလှပေမယ့်
အခုထိ မငြီးငွေ့နိုင်တာ ဘဝပေါ့
ဂိတ်ထိုးလိုက်တဲ့ အောက်ဆိုက်ကားလေးပေါ်
အနာဂတ်ကို မျှော်ပြီး တက်လိုက်တယ်။

ခုံးကျော်တံတားကြီးတွေအောက်
ဘဝတွေ စီးဆင်းသွားရှာပြီ။

မိုဃ်းဇော်
ရုပ်ရှင်တေးကဗျာ၊ ဒီဇင်ဘာ၊ ၂၀၀၆
ရွှေအမြုတေစာပေဆု (၂၀၀၇)

ဥဒါန်း

(ခဏ ခဏ ပြန်ဖတ်မိတဲ့ တော်လှန်ရေးကဗျာတစ်ပုဒ်)
ပြာဝင်းဝိုးဝါးတဲ့
ဆောင်းနှင်းများကသာ
သမိုင်းရဲ့ ဘာသာစကားဖြစ်မယ်ဆိုရင်
တလိမ့်လိမ့် ခယွင်းတဲ့
သွေးနှင်းစက်တွေ
တို့မြေမှာ မှိုင်းမှိုင်းဝေရော့မယ်။

သေသူရဲ့ အရိုးတွေက
ရှင်သူကို ဘာလုပ်ရမယ်လို့
အံချီးဖွဖွ ရည်ညွှန်းကြတာ
သမိုင်းလို့ ဆိုရမယ်။

ရာဇ၀င်ဆိုးရဲ့
အရိုးတွန်သံ
ဘယ်သူ့ထံပါး
သယ်ဆောင်သွားမလဲ နှင်းတို့ရယ်။

ဒီဘက် ကမ္ဘာခေတ်ရဲ့
ရဲရင့်တဲ့ သမိုင်းကြောင်းဟာ
တို့ပြည်က ကျောင်းသားအလောင်းတွေဆီမှာ ရှိတယ်။

သားပျောက်ရှာနေတဲ့ အမေကို
သူ့အောက်ကမြေက
“မေမေ” လို့ တိုးတိုးလေးခေါ်နေတယ်
မေမေရယ် မေမေရယ် မေမေရယ်။

ဇာဘုရင်ရဲ့ စနစ်ဆိုးကြောင့်
ပြည့်တန်ဆာဖြစ်ရတဲ့
ရုရှားမလေးဟာ
အိပ်ယာထဲမှာ ငိုနေတယ်။

နေ၀င်းရဲ့ စနစ်ကြောင့်
သူပုန်ဖြစ်ရတဲ့ ကျောင်းသားတွေ
လမ်းမပေါ်မှာ တိုက်ပွဲဝင်နေတယ်။

ဒီနေ့ပွဲဟာ
ရှုံးရှုံး နိုင်နိုင်
ယှဉ်ပြိုင်ခြင်းသာ အဓိက ဆိုတဲ့ ပွဲမဟုတ်ဘူး
သူသေကိုယ်သေ အပြိုင်နွှဲ
ဝိညာဉ်ခြင်း ရိုက်ခွဲတဲ့ပွဲ ဖြစ်တယ်။

“ဟေ့... ကြိုးစင်”
ငါ ရင်ကော့ပြီး လာခဲ့မယ်။ ။
ရွှေဘုန်းလူ

တော်လှန်ရေး (သို့) နောင်ရိုးသစ္စာ

အနားသတ်မျဉ်းတစ်ကြောင်း ခြားရုံနဲ့
ငါတို့ရဲ့ ယုံကြည်ချက်တွေ ပြောင်းလဲသွားရတော့မှာလား။
ကြည့်လေ...သတိတွေနဲ့ စည်းနှောင်
ရာစုတစ်ထောင် ဖြတ်သန်းဖို့
ပွင့်ခဲ့တဲ့ တော်လှန်ပန်းတွေ
တံတားနီ...မြေနီကုန်း...ရှစ်လေးလုံး...။
၉၀...၉၄...၉၅...၉၆...၂၀၀၇
ငါးရောင်ခြယ်တွေ တဖြတ်ဖြတ်တောက်
ရွှေဝါရောင်ခေတ်ကို ရောက်လို့
ပြည့်ဝမ်းမီးတောက်
သံဃာလျှောက်ခဲ့ပေါ့...။
ကိုဗဟိန်း၊ ကိုအောင်ကျော်၊ ကိုဖုန်းမော် တို့ရေ
သေနတ်တစ်ချက် ဖောက်ရင် နေပြည်တော်မှောက်ဖို့
ငါတို့ရင်ထဲကို စီးဆင်း ပေတရာကို စီးနင်း
တော်လှန်ရေးသီချင်းတွေ အကျယ်ဆုံး ဆိုပေးကြပါဦး။
တချို့က စိတ်ပျက် တချို့က ခွဲထွက်
တချို့က သွေးကြောင် တချို့က ဘေးရှောင်
နှစ် နှစ်ဆယ်ဆိုတဲ့ ဘောင်အကျော်မှာ
Time Out ခေါ်လိုက်ကြပြီတဲ့လား
လူရှင်သင်္ချိုင်းထဲက တောက်ခေါက်သံတွေနဲ့
အမေ့မျက်ရည်တွေကြားက ကြွေလုလုကြယ်စင်တချို့
ငါတို့ ကယ်တင်ရဦးမယ်လေ...။
စစ်ဝါဒီတွေယာ အရိုင်းပြဆုံး ဆိုးနေလို့
ဧရာဝတီလည်း အပိုင်းပိုင်း ကျိုးကြေခဲ့ရပါပြီ
ပြည်အရိုင်းကို ဒီအတိုင်း ကြည့်နေမယ် ဆိုရင်
ငါတို့ရင်တွေ ခွဲထုတ် အသဲနှလုံးတွေ ဆွဲနှုတ်ထားမှ ရမယ်။
ခေါင်းမော့တယ်ဆိုတာ ခေါင်းငုံ့တာလောက်တော့ မလွယ်
သေချာပါတယ် တော်လှန်ရေးနဲ့ နေမ၀င်အင်ပါယာ
ဘယ်ဟာကို ချစ်သလဲဆိုရင်
ဒုတိယအချက်ကို ငါငြင်းမယ်.......။
ဇော်မြင့်(မလေးရှား)

ကမ်းတတ်တိုက်ပွဲ


လောကဓံကလည်း အနိုင်ကျင့်တယ်
ဘ၀ကလည်း အဖိတ်အစင်များတယ်
ပဋိပက္ခတွေဟာ ဆီလိုအပေါက်ရှာပြီး ထွက်လာကြတယ်။

စားကြတယ်
လူကို လူချင်းစားကြတယ်။

ဘာဖြစ်လို့
ငါ့ချောတိုင်လေးကိုမှ
ဝတ်ဆီတွေ တဗြန်းဗြန်း ပတ်နေရတာတဲ့တုန်း။

အဖတ်ဆယ်မရတဲ့
ခေတ်ကာလကလည်း အရည်ကျဲလွန်းလှတယ်
အဲဒီလို ခေတ်ကာလမှာမှ
အလံစိုက်ဖို့ လူဖြစ်လာရတာဆိုတော့
“ဆကပ်တိုတိုဝတ် အောက်စလွတ်ရင်ဖုံး။”

ဘယ်သူ့ကိုမှ
မြူဆွယ်ဖျားယောင်းတာ မလုပ်ခဲ့ဘူး
ဘယ်သူရဲ့
မြူဆွယ်ဖျားယောင်းတာကိုမှလည်း မလုပ်ခဲ့ဘူး
ငါ့အဓိပ္ပါယ်ကိုငါ ထွန်ယက်တယ်
နေပူမရှောင်
မိုးရွာမရှောင် ထွန်ယက်တယ်။

မက်မက်စက်စက် စိုက်ပျိုးခဲ့တယ်
ငါ့ရဲ့ ယုံကြည်ခြင်းတွေ
ယုံကြည်ခဲ့တယ်
လွန်ခဲ့တဲ့ အနှစ် ၂၀ ကလည်း ယုံကြည်ခဲ့တယ်
ယခုလည်း ယုံကြည်ခဲ့တယ်
အရိုင်းစိုင်းဆုံး ယုံကြည်ခဲ့တယ်
ငါ့သွေးတွေထဲ ၀င်ရောက်နေတဲ့အထိ ယုံကြည်ခဲ့တယ်။

ငါ ပစ္စုပ္ပန်တည့်တည့်မှာပဲနေတယ်
တော်လှန်ရေးဆိုတာ တဦးချင်းကိစ္စပဲတဲ့လား
တကိုယ်တော်ဝါဒနဲ့ တော်လှန်ရေးလုပ်မယ်တဲ့လား
ငါ ဒါကို ရယ်သွမ်းသွေးမိတယ်
တော်လှန်ရေးဆိုတာ စည်းရုံးစုဖွဲ့ခြင်းဖြစ်တယ်
ပစ္စုပ္ပန်ကိစ္စလည်းဖြစ်တယ်
ငါပစ္စုပ္ပန်တည့်တည့်မှ နေတယ်။

ဘာတဲ့ …
ပန်းရောင်ဆိုပါလား
ငါ ဘယ်တော့မှ အနီကို အနက်အစွန်းမခံဘူး
ငါဘယ်တော့မှ ကြက်သွေးရောင် မဖြစ်ခဲ့ဘူး
တရားသေမဟုတ်ဘူး လမ်းညွှန်။

တရားမျှတမှုတွေ မိုးလိုရွာ
အေးချမ်းကြပါစေ
အမှန်တရားတွေ နေလိုသာ
နွေးထွေးကြပါစေ
လူအချင်းချင်းသွေးစုတ်ခြင်း
ကင်းရှင်းကြပါစေ။

သမိုင်းကို မျက်ရည်ခံထိုးလိမ့်မယ်ထင်သလား
ငါ့ရိုးသားမှုကို ငါယုံကြည်တယ်
ပြက်ပြက်သားသားကို ယုံကြည်တယ်။

ဘယ်သူတွေ
အကုန်အစင် ရိုးသားခဲ့ကြသလဲ
အကုန်အစင် ရိုးသားသူသာ
အကုန်အစင် ရရှိပေလိမ့်။

ကြေမွရမှာတဲ့လား
ဒီလိုပါပဲ
အထုအထောင်းတွေကြားက
သံမဏိသားကျလာကြတဲ့
ငါ့ရှေ့က ငါ့ချစ်သူတွေကို ငါချစ်တယ်။

ဒါ
ငါတို့ခေတ်တဲ့လား
မဟုတ်ဘူး
ဒါ
ငါတို့ခေတ်မဟုတ်သေးဘူး
ငါတို့ခေတ်ဟာ ဒီလိုဖြစ်ခွင့်မရှိဘူး
ငါတို့ခေတ်ကို ရောက်ဖို့ ငါတို့ထူထောင်ရဦးမယ်။

ညိုထက်(လမ်းသစ်ဦး)