မိသားစုဆိုတာ
တစ်ယောက်ရှေ့ရောက်ဖို့
တစ်ယောက်
နောက်ဆုတ်လိုက်ရတယ်
သစ်ကိုင်းတစ်ကိုင်းတိုးထွက်ဖို့
သစ်ကိုင်းတစ်ကိုင်း အခုတ်ခံရတယ်
မိသားစုသီချင်းဟာ အတက်အဆင်းရှိတယ်
သံစုံမြည်တယ်။
လူခြောက်ယောက်ရှိ လူခြောက်ယောက်
လက်ဆယ်ချောင်းရှိ လက်ဆယ်ချောင်း
ခေတ်က တောင်းဆိုတဲ့အတိုင်း လှုပ်ရှားရတယ်
အိမ်ရှိလူအကုန်။
မိသားစုဆိုတာ
ရှင်သန်ဖို့အတွက် အဆက်မပြတ်တိုက်ပွဲဝင်ရတယ်
ရန်ကုန်ဟာ စစ်မြေပြင်
လဲကျသွားတဲ့ ငါ့အဖေနေရာကို
ငါ့ညီလေး ၀င်ခဲ့ရတယ်
မိသားစုကိုငါမမြင်ခဲ့ဘူး
ငါ့အတွေးအခေါ်က
သားသမီးဆိုတာ သီးခြားရှင်သန်ရတဲ့ဘ၀တစ်ခု။
ငါဟာ လမ်းပေါ်မှာကြီးပြင်းခဲ့လို့
လမ်းနဲ့သွေးသားတော်စပ်တယ်လို့ထင်တယ်။
ငါ့မိသားစုမှာ ငါဟာ မလင်းတဲ့မီး
ငါ့မိသားစုမှာငါဟာ မလုံခြုံတဲ့ထရံ
ငါ့ကြိုးကိုတီးခတ်လိုက်တိုင်း သံကြောင်ထွက်တယ်
ငါ့မိသားစုမှာ
မိုးယိုပေါက်ကလေးတစ်ပေါက်ရှိနေတယ်ဆိုတာလဲ
ငါပဲဖြစ်မှာ
ငါ့မိသားစုမှာကြမ်းခင်းတစ်ချပ်ကျိုးပဲ့နေတယ်ဆိုလဲ
ငါပဲဖြစ်မှာ
မအောင်မြင်တဲ့ဘောလုံးအသင်းဟာ ငါ့မိသားစုပဲ
မ၀င်တဲ့ ဂိုးတွေကိုငါသွင်းခဲ့တာ။
စိုင်းဝင်းမြင့်(လူငယ်တွေရဲ့ကဗျာစာအုပ်၂၀၀၃မှ)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment