ကြောင် (နေမျိုး)

သူဟာကြောင်တစ်ကောင်ဖြစ်တယ်လို့
ပြောကြတယ်
သူဟာ ငါးတစ်ကောင်မှ မစားဖူးဘူး
သူ့အဖေလဲ ငါးတစ်ကောင်မှ မစားဖူးဘူး
သူ့အဘိုးလဲ ငါးတစ်ကောင်မှ မစားဖူးဘူး
(သူဟာကြောင်တစ်ကောင်ဖြစ်တယ် လို့ပြောကြတယ်)
သူ့ရန်သူတွေကသူ့အကြောင်းရေးဖွဲ့ထားတဲ့
ကဗျာတွေဖတ်ပြီးသူငိုတယ်
ဒါပေမယ့် သူဟာကြောင်တစ်ကောင်ဖြစ်တယ်
သူဟာပြင်သစ်ဘာသာနဲ့ချောင်းဆိုးပြီး
ဂျာမန်ဘာသာနဲ့သန်းဝေတယ

“ကြောင်တစ်ကောင်၏တစ်နေ့တာ”စာအုပ်ကို
မြန်မာဘာသာနဲ့ထုတ်ဝေခဲ့တယ်
အဲဒီစာအုပ်ဟာ အရောင်းစွံခဲ့လေတော့
သူဟာ ကြောင်တစ်ကောင်ဖြစ်ကြောင်းပိုသေချာလာတယ်
ကုတ်အင်္ကျီအကြီးကြီးထဲမှာ
သူ့ကိုယ်လုံးသေးသေးလေးဟာမြုပ်နေတတ်ပြီး
သူ့တွေးခေါ်မြော်မြင်မှုတွေကို
ကုတ်အင်္ကျီဘယ်ဘက်အိတ်ထဲမှာ
ထည့်ထားတတ်တယ်
(ညာဘက်အိတ်ထဲမှာတော့မက်ဒေါနားနဲ့လီနင်ရဲ့ဓာတ်ပုံတွေရှိတယ်)
သူ့ကိုမယုံကြည်သူတွေက ၅.၂စင်တီရှိတဲ့
နှုတ်ခမ်းမွှေးကိုအတုကြီးလို့ပြောကြတယ်
ဒါပေမယ့်သူလက်သည်းတွေကိုတော့
အားလုံးကြောက်ရွံ့ကြရဲ့
သူဟာမြို့တစ်မြို့ကိုခုန်အုပ်နိုင်တယ်
ပင်လယ်ထဲကမျောလာတဲ့စံပယ်ပန်းလေးတစ်ပွင့်ကို
ဟိုတယ်တစ်ခုပေါ်ကနေပြီးအနံ့ခံနိုင်တယ်
စာအုပ်တစ်အုပ်ထဲမှာ ပုန်းအောင်းနေတဲ့ဝါကျတစ်ကြောင်းကို
မှန်ပြောင်းတစ်လက်နဲ့ကြည့်တတ်တယ်
(သူဟာကြောင်တစ်ကောင်ဖြစ်တယ် လို့ပြောကြတယ်)
သူဟာမနက်တိုင်းနွားနို့မှန်မှန်သောက်တယ်

လေကို၀၀ရှူသွင်းတယ်၊ သတင်းစာဖတ်တယ်၊ ပေါင်ချိန်တယ်
ရွှေဈေးအတက်အကျကိုမှတ်သားတယ်၊
ပြီးရင် ဂေါက်ရိုက်တယ်ပြီးရင်
ဘီယာသောက်တယ်
ခေတ်ပေါ်ကဗျာ(မာရ်နတ်မင်းမေ့ဆေးပြယ်သောအခါ)ဖတ်တယ်
နတ္ထိ၀ါဒီတွေဆီဖုန်းဆက်တယ်
သူဟာရေခဲသေတ္တာထဲ ဆောင်းကိုသိမ်းထားပြီး
မီးလင်းဖိုထဲမှာ နွေကိုဝှက်ထားတယ်
ရေချိုးခန်းထဲမှာတော့ မိုးဟာရွာသွန်းအမြဲ
ဝက်သစ်ချပင်ကြီးက အရွက်တွေကြွေတော့
သူအသက်၄၀ ရှိပြီ
နွေတစ်ရက်မှာ သူဟာ
မိန်းမတစ်ယောက်လဲလျှောင်းနေတဲ့ အခန်းတံခါးသော့ကို
လွှင့်ပစ်ပြီးပင်လယ်ဆီ ခရီးထွက်လာခဲ့တယ်
ငါးတစ်ကောင်အကြောင်းဟောပြောဖို့ပါ။

နေမျိုး

No comments: