အောင်ချိမ့်ရေးသည်

ငါဟာ ခန်းမကြီးထဲသို့ဝင်
စင်ပေါ်သို့တက်
လက်ကိုဝှေ့ယမ်းပြီး
နံရံ…
မမြင်ရတဲ့နံရံနဲ့
မြင်ရတဲ့နံရံတွေအပေါ်မှာ
ဖြေဖျော်သလိုလို
ဟောပြောသလိုလို
ငိုစရာလိုလို
ရယ်စရာလိုလို
မှော်ဆရာလိုလို
ဗေဒင်ဆရာလိုလို
တဘောင်လိုလို
ကောလဟာလလိုလို
ရာဇ၀င်လိုလို
သမိုင်းလိုလို
အောက်ပါစာကြောင်းများကို
ငါလျှောက်ရေးတယ် ငါရေးတယ်။
အခု မိတ်ဆွေဖတ်ရမှာ
ကျွန်တော်လျှောက်ရေးတဲ့
ကျွန်တော့်“အဟမ်း…”
ကျွန်တော့် “ကျမ်း..” အဲ..
ကျွန်တော့် ကဗျာဖြစ်ပါတယ်။

(၁)
ဒါပေမဲ့ ဒါဟာ
အလေးအနက်ပါ။
ကျွန်တော့်လိုပဲ ပျင်းနေတဲ့
ကျွန်တော့် သူငယ်ချင်းတွေကို
ဖတ်ပြဖို့ ရည်ရွယ်ပါတယ်။
သူတို့နှစ်ယောက်ဟာ အတော်ကွာဝေးပြီး
ကျွန်တော့်နဲ့လည်း အတော်ကွာဝေးတဲ့
ကျွန်တော့်သမီးနှစ်ယောက်ကို
ဖတ်ပြဖို့ ရည်ရွယ်ပါတယ်။
ဘ၀တစ်သက်တာမျှ
တစ်ယောက်ကိုတစ်ယောက်တွေ့အောင်
သူတို့စောင့်စားခဲ့ကြ
ငါ့ နှစ်ပေါင်းများစွာ ညီငယ်လေး
အဲဒီညီငယ်ရဲ့ ညီမလေး
သူတို့ကို ဖတ်ပြဖို့ရည်ရွယ်ပါတယ်။
အသံနဲ့ စာရေးစာဖတ်ပြုနေတဲ့
ကျွန်တော်တို့ရဲ့ အာစရိယဂုဏော
ဆရာ ဒဂုန်တာရာကို
ဖတ်ပြဖို့ ရည်ရွယ်ပါတယ်။

(၂)
အဲ သလိုနဲ့
ငါ့ ဒီကဗျာကို စလိုက်ရဲ့

(၃)
ဘာဖြစ်လို့လဲဆိုတော့
ငါတို့ မသိကြဘူး
ငါတို့ သိတာကတော့
ငါတို့ ရောက်လာခဲ့ကြပြီ။
ဘောလုံးပွဲမှာ လူလဲကစားသလို
ငါတို့ ရောက်လာခဲ့ကြပြီ။
ပဆစ်ဝိုင်းမှာ
ကြွေပစ်သလို
ငါတို့ ရောက်လာခဲ့ကြပြီ။
ဖြစ်နိုင်သေးတာက
ကြွပျံတက်လာတဲ့ ရဲနေတဲ့
ကရွတ်နဲ့
ပျံလာတဲ့ကျီးကန်း စွပ်မိသလို
ငါတို့ရောက်လာခဲ့ကြပြီ။

(၄)
ကမ္ဘာဟာ အကြိမ်ကြိမ်ပျက်ခဲ့တယ်
မီးကြီးလောင်ခဲ့တယ်
မိုးကြီးရွာခဲ့တယ်
လေကြီးတိုက်ခဲ့တယ်။
ပျက်ရာမှ
ဒီတစ်ခါပြန်အတည်
ဒီကမ္ဘာဆီ
ငါတို့ရောက်လာခဲ့ကြပြီ။

(၅)
ဘုရင်တွေ ဘုရင်တွေ
ကျွန်တွေ ကျွန်တွေ
ပညာရှိတွေ ပညာရှိတွေ
အရူးတွေ အရူးတွေ
အရူးတွေ ဘုရင်တွေ ပညာရှိတွေ
အရူးတွေ အရူးတွေ
ကျွန်တွေ ဘုရင်တွေ။

(၆)
သရဲ ပြိတ္တာ မြေဖုတ်ဘီလူး အကြိမ်ကြိမ်
ငါတို့ဟာ
တိရိ စ္ဆာာန်အကြိမ်ကြိမ်
ငါတို့ဟာ
လူအဖြစ် ဘယ်နှကြိမ်
ငါတို့ဟာ။

(၇)
ဘုရားသာသနာကြုံခဲ့ရ
ငါတို့ဟာ
သိကြားသာသနာကြုံခဲ့ရ
ငါတို့ဟာ။

(၈)
ငါတို့ဟာ
ဘယ်နှကြိမ်မြောက်လဲ။
ဘယ်ဒုက္ခဟာ
ဘယ်လောက်လဲ။
ဘယ်ပူလောင်မှုဟာ
ဘယ်လောက်လဲ။
ဘယ်ရှုံးနိမ့်မှုဟာ
ဘယ်လောက်လဲ။
ဘယ်အနိုင်ရမှုဟာ
ဘယ်လောက်လဲ။
ဘယ်အနိုင်ကျင့်ခံရမှုဟာ
ဘယ်လောက်လဲ။
ဒီပွဲစဉ်ဟာ
အမှတ်ဘယ်လောက်လဲ။

(၉)
ခုတော့ဖြင့် အခန့်သား
မြို့တွေမှာ ငါတို့နေထိုင်ကြလို့။
မြို့တွေဟာ
ပင်လယ်ထက် တအိအိနိမ့်ဆင်းလို့
မြို့တွေဟာ
မီးခိုးတွေ မွှန်လို့
မြို့တွေမှာ ငါတို့နေထိုင်ကြလို့။
မြို့တွေဟာ
မိုးအုံ့လို့
မြို့တွေမှာ ငါတို့နေထိုင်ကြလို့။
မြို့တွေဟာ
နေပူလို့
မြို့တွေမှာ ငါတို့နေထိုင်ကြလို့။
မြို့တွေဟာ
မဆလာနံ့သင်းလို့
မြို့တွေမှာ ငါတို့နေထိုင်ကြလို့။
မြို့တွေဟာ
ယင်တလောင်းလောင်းအုံလို့
မြို့တွေမှာ ငါတို့နေထိုင်ကြလို့။
မြို့တွေဟာ
တောကြောင် လက်ခမောင်းခတ်လို့
မြို့တွေမှာ ငါတို့နေထိုင်ကြလို့။

(၁၀)
ငါတို့ဟာ မြို့တွေမှာ
လူနဲ့လူ
ညစ်ကြတာ
ငါတို့ဟာ မြို့တွေမှာ
လူနဲ့လူ
ဓါတ်ပြားနားထောင်တာ။
ငါတို့ဟာ မြို့တွေမှာ
လူနဲ့လူ
အမူအယာလုပ်ကြတာ။
ငါတို့ဟာ မြို့တွေမှာ
လူနဲ့လူ
သတ်ကြတာ။
ငါတို့ဟာ မြို့တွေမှာ
လူနဲ့လူ
လက်ထပ်ကြတာ။

(၁၁)
တချို့က
လယ်လုပ်ကြတယ်။
တချို့က
စက်ရုံမှာလုပ်ကြတယ်။
တချို့က
လူပြက်လုပ်ကြတယ်။
တချို့က
စာရေးကြတယ်။
တချို့က
မေးခွန်းတွေထုတ်တယ်။
တချို့က
မေးခွန်းတွေကို ဖြေတယ်။
တချို့က
ရှင်းတဲ့အလုပ်
လုပ်တယ်။
တချို့က
ရှုပ်တဲ့အလုပ်
လုပ်တယ်။

(၁၂)
ဒါပေမဲ့ လူဆိုတာ
လူဖြစ်လာသမို့
လူဆိုတာ အခွန်ပေးဆောင်ရတယ်။
မြေခွန်
အိမ်ခွန်
မီးခွန်၊ ရေခွန်။
နေလို့
နေတဲ့အခွန် ပေးဆောင်ရတယ်။
ရှင်တော့
ရှင်တဲအခွန် ပေးဆောင်ရတယ်။
ငိုတော့
ငိုတဲ့အခွန်။
ရယ်တော့
ရယ်တဲ့အခွန်။
သေတော့
သေတဲ့အခွန်။
လူဆိုတာ
အခွန်ကျေပွန်ရမှာပေါ့။
လူဆိုတာ ဘာပဲဖြစ်ဖြစ်
အခွန်ကို
ကျေပွန်ခဲ့ပါတယ်။

(၁၃)
ရှေးရှေးတုန်းက လူဟာ
ဂူနဲ့နေခဲ့။
ယဉ်ကျေးတော့ လူဟာ
အိမ်နဲ့နေခဲ့။
ရှေးရှေးတုန်းက လူဟာ
ဒီအတိုင်းနေခဲ့
ယဉ်ကျေးတော့ လူဟာ
အစိုးရနဲ့နေခဲ့။
အလွန်အဆင်ပြေပါတယ်
အလွန်ပြည့်စုံပါတယ်
မီးအစုံ ရေအစုံ အလွန်ပြည့်စုံပါတယ်။
သဘာဝနဲ့ လောကဖြစ်စဉ်တရားရဲ့
အလိုလိုက်ခံရတဲ့
လူသားများ။

(၁၄)
တစ်ခါက သီချင်းဆိုဖူးရဲ့
“မင်းကို ငါချစ်တယ်”
အခုလည်း သီချင်ဆိုနေတယ် အဲဒီသီချင်း
“မင်းကို ငါချစ်တယ်”
အဲဒါကြောင့် ကွန်ပျူတာတွေ အင်တာနက်တွေ
အသက်ထွက်
ပျက်စီးတွန့်လိမ်ကုန်သတဲ့။
အို…အချင်းလူငယ်
သီချင်းဆိုကြ!
နောက်ထပ်
သီချင်းဆိုကြ!
ချစ်ခြင်းက
ဘယ်အရာကို
ပျက်စီးစေတာတဲ့လဲ။
အင်း…အင်တာနက်လည်း
ပျက်စီးခဲ့ပေရဲ့။

(၁၅)
ဘယ်အရာကို ငါတို့အလိုမရှိ
ငါတို့မသိ။
ရည်မှန်းချက်ဆီသွားရင်း
ထွေပြားလာတယ်
များလာတယ်။
မီးကိုမတွေ့သူနဲ့
မီးကိုစတင်တွေ့ရှိသူဟာ
ငါတစ်ယောက်တည်း
ငါပါပဲ။
ငါ့မိတ်ဆွေဟာလည်း
ငါတစ်ယောက်တည်း
ငါပါပဲ။
ရေ မီး မင်း ခိုးသူ
မချစ်မနှစ်သက်သောသူ
ငါတစ်ယောက်တည်း
ငါပါပဲ။

(၁၆)
အလျားတစ်လံ
အနံတစ်ထွာ
လူဆိုတာ ပေါက်စနလေး။
ဒီကဗျာဟာ
ပေါက်စနလေးပေါင်း
သန်းပေါင်းများစွာအကြောင်းပဲ။

(၁၇)
သမိုင်းမှာ
အနုမြူဗုံးနှစ်လုံး ကြဲချခဲ့တယ်။
မြို့ကြီးနှစ်မြို့ဟာ
ပြာပုံနဲ့
အငုတ်သာကျန်ခဲ့တယ်။

(၁၈)
ပင်လယ်အနက်ကြီးထဲ
ရေဆင်းချိုးပြီး ပြန်တက်လာတဲ့ အသစ်လို
လှပသစ်လွင်တဲ့မြို့ကြီးနှစ်မြို့
ပြန်ပေါ်လာတယ်။
ဖြစ်နိုင်တာနဲ့ မဖြစ်နိုင်တာကြား
ဘာသာစကားနဲ့ မုသားစကားကြား
ငါနဲ့ငါ့မိဘကြား
သူတို့ဝါဒနဲ့ ကျွန်တော်တို့ဝါဒကြား
နေမင်းကြီးနဲ့ မိုးမှောင်ကြား
ကမ္ဘာ ကြီးနဲ့ ကမ္ဘာကြီးကြား
ကမ္ဘာကြီးဟာ
ပြန်စည်ကားလာတယ်
လူသံတွေ
ပြန်စည်ကားလာတယ်။
အချစ်ရေးတွေ
ပြန်အဆင်ပြေလာတယ်။

(၁၉)
ဘာလဲ
ဘာဖြစ်နေတဲ့ ကမ္ဘာကြီးလဲ။
ဆေးမစားမီပုံ ကမ္ဘာကြီးလား
ဆေးစားပြီးပုံကမ္ဘာကြီးလား
ငါတို့နဲ့ ဆိုင်လည်းဆိုင် မဆိုင်လဲမဆိုင်တဲ့
ကမ္ဘာကြီးလား။

(၂၀)
စစ်ကြီးဖြစ်တော့
လူတွေအတိဒုက္ခရောက်ကြတယ်။
စစ်ကြီးပြီးတော့
လူတွေ ပျင်းလာကြတယ်။
စစ်ကြီးဖြစ်တော့
လူတွေ ကြံဖန်အသက်ရှင်ကြတယ်။
စစ်ကြီးပြီးတော့
လူလိမ်တွေ ပေါလာတယ်။

(၂၁)
ဒါပေမဲ့ ငါတို့ဟာ
ကင်မရာရှေ့ဖြတ်လျှောက်မပျက်
ဖြတ်လျှောက်လျက်ပါပဲ
ဖြတ်လျှောက်မြဲပါပဲ။
အဲဒါ
နည်းသလားကွ။
ငါတို့ဟာ စပ်ဖြဲဖြဲနဲ့
ကင်မရာရှေ့ဖြတ်လျှောက်ခဲ့သပေါ့။

(၂၂)
ကိုယ့်လူ
ဘယ့်နှယ့်လဲ။

(၂၃)
ငါက ကားတွေကို
ဆေးရောင်စုံ ပက်ခဲ့တယ်
ငါဟာ
`မိုက်ကယ်ဖေး` ပဲ။
ငါဟာ ဦးနှောက်ရောဂါရနေတဲ့
`အလီ` ပဲ။

(၂၄)
ငါဟာ ဘ၀မှာနေစရာမရှိလို့
သေပစ်ဖို့စဉ်းစားဖူးတယ်။
ဟာသပဲ ငါသေချင်ခဲ့ပုံများ
ဟာသပဲ ငါမသေရဲခဲ့ပုံများ။

(၂၅)
ငါသည် ရွဲကုန်သည်
ငါဟာ ဗင်းနစ်မြို့ကကုန်သည်
ငါဟာ `ထရေဒါဟော်တယ်` မှာတည်းတဲ့
ယခုခေတ် ကုန်သည်အကြီးကြီးပဲ။
ဟေး...ဘ၀မှာ
ဘာတွေ အမြတ်အစွန်းထွက်ခဲ့လဲ
အမြတ်အစွန်းထွက်မှ
ဘ၀မှာနေမှာလား။

(၂၇)
ဘုရားသွားသူသွား
ကျောင်းတက်သူတက်
မိုးပျံပူဖောင်း လွှတ်သူလွှတ်
လမ်းလျှောက်သူလျှောက်
လက်ထပ်လိုသူထပ်
စာရေးသူရေး
ကဗျာစပ်သူစပ်
သီချင်းဆိုသူဆို
စကားစမြည်ပြောသူပြော
ခိုစာကျွေးသူကျွေး
တယ်လီဖုန်းဆက်သူဆက်
ခိုးနမ်းလိုသူနမ်း
နှုတ်ခမ်းဆိုးသူဆိုး
ခေါင်းလျှော်သူလျှော်
လှေကလေးလှော်သူလှော်
အထိမ်းအမှတ်ချီတက်သူချီတက်
ရေခဲမုန့်စားသူစား
ဝိုင်သောက်သူသောက်
ဈေးဝယ်ထွက်သူထွက်
ဟောပြောပွဲနားထောင်သူနားထောင်
ဆိပ်ကမ်းမှာငေးသူငေး
ရွှေငါးမွေးသူမွေး
ခွေးကို သန့်ရှင်းသူသန့်ရှင်း
လူပျိုလှည့်သူလှည့်
ချစ်ရေးဆိုသူဆို
တစ်ကိုယ်တည်းနေသူနေ။

(၂၈)
ငါတို့ဟာ ခဲရာခဲဆစ်
စွမ်းနိုင်ကြပါတယ်။

(၂၉)
ကလေးတွေဆော့သလို
ငါတို့တန်ခိုးရှိကြတယ်။
ဘုရင်အသေတွေ သိမ်းထားဖို့
ပစ်ရမစ်တွေ ဆောက်ခဲ့ကြ။

(၃၀)
ကလေးတွေဆော့သလို
ငါတို့တန်ခိုးရှိကြပါတယ်။
လူတွေ ကျယ်ကျယ်ဝန်းဝန်း နေနိုင်အောင်
အင်္ဂါဂြိဟ်က မြေကွက်တွေ ယူရောင်းခဲ့ကြ။

(၃၂)
ကမ္ဘာရဲ့ ၀ရုန်းသုန်းကားမှုတွေ
ဆက်သွားနေသလို
ကမ္ဘာရဲ့ ငြိမ်သက်မျှော်လင့်မှုတွေ
ဆက်သွားနေတာ
ယုန်နဲ့လိပ် အပြေးပြိုင်သလိုများ
ဖြစ်နေသလား။
ကဲ...ဖြစ်လာပါလိမ့်မယ်
အေးအေးဆေးဆေး ဖြစ်ပေါ်လာပါလိမ့်မယ်။
အေးအေးဆေးဆေးပါပဲ
ငါတို့ဟာ။

(၃၃)
ကမ္ဘာကြီးနဲ့ ဘယ်သူဟာ
စာချုပ်ချုပ်ထားဖူးလို့လဲ။
ကျွန်တော်တို့
ကိုယ့်ဘာသာ
စာချုပ် မိခဲ့ပါတယ်။

(၃၄)
ညဥ့်နက်နက် အရက်ထွေထွေ
ငါဟာ အငှားကားလေးစီးလို့
အဲသလိုရှိပါသေးရဲ့
အထင်မလွဲပါနဲ့ကွာ။
အရက်သောက်ပြီး
ခေတ်ကို လိုက်မြည်းကြည့်နေတာပါ။

(၃၅)
ကောင်းကင်မှာ ဘာမှမမြင်ရ
ခေါင်မိုးအမြင့်တွေမှာ မီးတွေလင်းလို့
ကောင်းကင်မှာ
ဂျွန်ကိတို့၊ မာယာကော့ဖ်စကီးတို့
မောင်လေးအောင်တို့
ဖော်ဝေးတို့၊ မင်းလှညွှန့်ကြူးတို့
မောင်လူမှိန်တို့
ကောင်းကင်မှာရှိပါစ။
ငါတို့က စိတ်လေလေနဲ့
မူးလို့။
ငါတို့ဟာ
ချာချာလည်လို့
ရန်ကုန်မြို့ကြီးဟာ
ချာချာလည်လို့။

(၃၆)
ယောကျာင်္းဘသား ငါတို့များ
တစ်နေကုန် ထောင်ချောက်များ ခုန်ဆွခုန်ဆွခုန်၍်ရှောင်
အောင်မြင်စွာ အိမ်သို့အပြန်
ယောင်္ကျားများ အိမ်သို့ပြန်ကြ။
အိမ်ရောက်ရင်
ကိုယ့်အခန်းဝင်ကိုယ်ဝင်
ကြမ်းပြင်မာမာပေါ်လှဲချ
ဖြေလျော့ကျေနပ်မှုယူရုံပင်။
ဘယ်သူမဆို လူသားများ
ကိုယ့်အိမ်ကိုယ့်ယာ
ကိုယ့်အိမ်ယာဆီကိုယ်ပြန်
အေးအေးသက်သာ
ဖျားနာဖို့ပဲ။

(၃ရ)
မိုးတိမ်တွေ ပင်လယ်တွေ
လှပပါပေရဲ့
ခေတ်တို့လည်းခရီးနှင်မဆုံး
မဆုံးခဲ့ပါ။

(၃၈)
လူသားများ
ရုန်းကန်မှုမှ
အားနာခဲ့ပါရဲ့။

(၃၉)
အရိပ်တွေ ရှည်ထွက်တွန့်လိမ်
ဘုရားဖူးလှည့်လည်လာသူများပမာ
ဒိဌဓမ္မမှအေးရာ
ဒီမှာ ဘယ်တွေ့နိုင်မှာလဲ။
ရွှေတိဂုံစေတီမြတ်ကုန်းတော်မှ အဆင်း
လောကမြေပူကို တန်းနင်းရတာပဲ။

(၄၀)
ငါတို့ခေတ်
လူနေမှုမြင့်မားလာတယ်
အဲဒါကြောင့် ငွေတွေ ဆားငံရေလို
လိုလာတယ်။
ငွေက ပွဲကြမ်းလာတယ်။
ငွေမရလို့
ငါဟာ ငွေမရှိခဲ့။
ငွေရသူများဟာ ငွေရလို့
ငွေရှိခဲ့။
ငွေမရှိသည့်အတွက် ဘာမျှမရှိ
ငွေရှိသည့်အတွက် အကုန်ရှိ
ဘာမျှမရှိသူနဲ့ အကုန်ရှိသူများကြား
သူစိမ်းတစ်ရံဆံနှယ်ပါတကား။
အကုန်ရှိသူများအကြား
ငါဟာ ဘာကောင်ပါလိမ့်။
ငါဟာ ဘာမျှမရှိ ၍
ငါဟာကိုယ်တုံးလုံးကြီးဟေ့။
ဒီအကြောင်းကိုပဲ ငါကဗျာရေးတော့
ငါရေးတဲ့ ဒီကဗျာ
ကောင်းချင်မှ ကောင်းပါလိမ့်
ငါရေးတဲ့ ဒီကဗျာ
ချာတူးလန်ချင်လန်ပါလိမ့်။
ငါကကြိုးစားပမ်းစား
ငါဟာကိုယ်တုံးလုံးကြီးနဲ့ ရေးတာပါ။
နို့၊ ဒီလို ဘ၀ကြီးကိုယ်တုံးလုံး
ဘာကြောင့်ဖက်တွယ် ကုပ်ကပ်နေရတာတုံး
ဒုက္ခဖွယ်ဖွယ်ရာရာ တည်ခင်း....ဧည့်ခံပွဲမှာ
ငါဟာလူရင်းဖြစ်လို့ပါ။
ငါက ပွဲပြီးတဲ့အထိ
ဝတ္တရားရှိနေတယ်။
ဒီလို
ငါ့အရေးပါပုံက။

(၄၁)
ငါ့ဘေးမှာ ခွေခွေကလေး
အ၀တ်စလေးတစ်စလို
ငါ့ဇနီးသည်
သြော်...သူလည်း အသက်အရွယ်ရခဲ့ရှာပြီကိုး။
ဒီပန်းကလေးဟာ
ငါ့လက်ထဲမှာမှ ပွင့်ခဲ့တာပေါ့။
ငါ့လက်ထဲမှာပဲ
ညိုးကြွေတော့မှာလား။
ငါကပဲ
သူ့ရင်ခွင်ထဲ လဲကျသေဆုံးမှာလား။
တစ်ကြိမ်ကဆိုရင်
သူ့ဘေးမှာ သူ့လက်ဖျားကလေး ဆုပ်ဖွပြီး
ငါ ဘုရားစာတွေ ရွတ်ဖတ်ပေးခဲ့ရတယ်။
သြော်...ငါ့ရဲဘော်လေး
ငါ့ချစ်ဇနီးလေး
အချိန်တိုင်းနှင့်အမျှ
ကျော်ဖြတ်နေရပေါ့။

(၄၂)
ဘ၀ဆိုတာ
အပမ်းဖြေခရီးထွက်တာမဟုတ်
မော်တော်ဘုတ်နဲ့
အပျော် ငါးထွက်မျှားတာမဟုတ်
ဘ၀ဆိုတာ
ငါတို့တွေ ကျောက်ခေတ်ကလို
တင်းပုတ်ကြီးတွေ ကိုင်ထမ်း မထားတာပဲရှိတယ်
ငါတို့တွေ
သားစိမ်းငါးစိမ်း မစားတာပဲရှိတယ်
ဘ၀ဆိုတာ
အဲသလိုပါကွာ
နိုင်းမြစ်မှာ စုန်ဆန်နေတာကတော့
သူတို့ကုသိုလ်ပေါ့ကွာ။

(၄၃)
ဒါထက်
ပျော်ပွဲစားထွက်တယ်ဆိုတာ
ပျော်လို့လား
စိတ်ညစ်လို့လား။

(၄၄)
ရောက်ပြီလေ
မိုးရာသီရောက်ပြီ
မိုးရာသီမှာ နားကြတယ်။
ပြီးတော့
အားမွေးကြတယ်။
နွေရောက်တော့
ပြန်စကြပေါ့။
ခြေခင်းလက်ခင်းသာပြီလေ
ကုန်းခြောက်ပြီလေ။

(၄၅)
ဗွက်အိုင်တွေ
မြေဖို့ကြ
မြောင်းဖောက်ကြ။
ချုံနွယ်ပိတ်ပေါင်း
ရှင်းကြ။
ခြံစည်းရိုးအသစ်
ကာကြ
ဆေးသုတ်ကြ။
လင်းအောင်
မီးထွန်းကြ။

(၄၆)
ဘ၀တွေ
ပြန်စလို့ရပြီ
ပြန်စကြ။
ရုပ်ရှင်တွေ
ပြန်ပြလို့ရပြီ
ပြန်ပြကြ။
ပြဇာတ်တွေ
ပြန်ကလို့ရပြီ
ပြန်ကကြ။

(၄၇)
ကမ္ဘာကြီးဟာ မပျက် မပြီးနိုင်
ပျက်ပြီးရင်တောင်မှ ပြန်လာမယ်။
၆၄ ကြိမ်
၆၄ ကပ်
ကမ္ဘာဟာ ပျက်ပြီးရင်တောင်မှ
ပြန်လာမယ်။
နေကြောင့် လည်းကောင်း
ရေကြောင့် လည်းကောင်း
လေကြောင့် လည်းကောင်း
ပျက်ပြီးလည်း
ကမ္ဘာဟာပြန်လာမယ်။

(၄ဂ)
ဘာမှမဖြစ်ဘူး ကမ္ဘာဟာ
ပြန်လာမယ်။
အမှားတွေ မကုန်နိုင်ဘူး ကမ္ဘာဟာ
ပြန်လာမယ်။

(၄၉)
အဲဒီကမ္ဘာမှာ
ငါပြန်လာခွင့်ရမလား
မသေချာဘူး။
အသေအချာ
ကမ္ဘာကြီးပြန်လာမယ်
ငါတို့ပါမပါ မသိ
ငါတို့ ပြန်လာမလာမသိ။
ပြန်လာရင်တောင်မှ
ဘယ်သူဘယ်ဝါ
ငါတို့မှတ်မိမှာ မဟုတ်တော့။
ငါတို့ ပြန်မလာနိုင်ခဲ့ရင်လည်း
ကမ္ဘာကြီးဟာ လွမ်းမောဖွယ်
ငါတို့ဟာ
ကမ္ဘာကြီးကို လွမ်းမောနေမယ်။

(၅၀)
တစ်ချိန်မှာ ငါတို့ညံ့ဖျင်းပုံကို စကားစပ်မိတဲ့အခါ
ခွင့်လွတ်ပါဘိ။
ငါတို့ရဲ့ သံသေး သံကြောင် သံပျက်
ကာရံပျက်
စံနှုန်းပျက်ကဗျာကို
ခွင့်လွတ်ပါဘိ။

(၅၁)
အနိုင်နိုင်ငံက သမ္မတများ
ဝန်ကြီးချုပ်များ
ရော့ခ် အဆိုတော်များ
ရုပ်ရှင် ကြယ်ပွင့်များ
ငါတို့လိုပဲ
ဆံပင်ဖြူကိုယ်စီနဲ့
မျက်မှန်ကိုယ်စီနဲ့။

(၅၂)
ငါတို့ကား ဗုဒ္ဓတရားရိပ်၌
နေချိုခဲ့ပါတယ်။
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိပါ ဘုရား။
ဓမ္မံ သရဏံ ဂစ္ဆာမိပါ ဘုရား။
သံဃံ သရဏံ ဂစ္ဆာမိပါ ဘုရား။

(၅၃)
ဆံပင်ဖြူကြီးဆေးမဆိုးဘဲ
ငါတို့ အသက်ကြီးမယ်။

(၅၄)
ငါဟာ အင်္ကျီလည်ပင်းပေါက်နဲ့
လည်ပင်းကို အမြဲလွဲလို့။
အဲဒီ လွဲနေတဲ့လည်ပင်းပေါက်ကနေ
ပိန်ချိုင့်နေတဲ့ ငါ့မျက်နှာဟာ
ပန်းစိုက်အိုးထဲက ပန်းတစ်ပွင့်လို
ပွင့်လို့။
အဲဒါ
ငါပေါ့၊ ငါလေ
ငါဟာ ပန်းလိုပွင့်နေရဲ့။
အောင်ချိမ့်

လေညှင်းနဲ့ အတူပါလာတဲ့ ပန်းရနံ့ တွေလို ဒီနေရာမှာ စုဝေးကြ


ငါ့မြေးရေ…။
လွန်ခဲ့တဲ့တပါတ်က ငါ့မြေးဆီကို ဘဘ စာတစေါင်ရေးလိုက်ပါသေးတယ်။ အဲဒီစာထဲမှာ ငါ့မြေးရဲ့ တောင်းဆိုချက်အရ ‘ ကဗျာတပုဒ် ’ အကြောင်း ဘဘ စာရေးပြီးပြောခဲ့တယ်။ အခုလည်း ငါ့မြေးကို ကဗျာတပုဒ်အကြောင်းထပ်ပြီး ပြောပြချင် သေးတယ်။ ကဗျာအကြောင်း ကြားချင်သိချင်ပါတယ်ဆိုတဲ့ ငါ့မြေးရဲ့ ဆန္ဒပြည့်ဝနိုင်မယ်လို့ တော့ ဘဘမျှော်လင့်ပါတယ်။
ငါ့မြေးရေ…။
ထုံးစံအတိုင်း ကဗျာလေးအကြောင်းမပြောခင် ကဗျာလေးနဲ့ နွယ်နေတဲ့ အကြောင်းအရာတချို့ကိုတော့ နိဒါန်းပျိုးတဲ့ အနေနဲ့  ဘဘ ကြိုပြီးပြောပြချင်သေးတယ်။

ငါ့မြေးတို့ ဘဘတို့ ရဲ့  ပုဂ္ဂလဘ၀မှာ၊ ထူးခြားတဲ့ “ နေ့  ” တွေရှိတတ်ကြပါတယ်။ ဆိုပါတော့ ဘဘမှာဆိုရင် ငယ်စဉ်တုန်း က မူလတန်းကျောင်းကနေ၊ အလယ်တန်းကျောင်းကိုပြောင်းပြီး ကျောင်းစတက်ရတဲ့နေ့ လိုနေ့ မျိုးပေါ့။ အဲဒီနေ့က ဘဘတို့ နေတဲ့ စလင်းမြို့ လေးမှာ မိုးရိပ်မိုးယေါင် အုံ့ အုံ့ ပြပြလေး ဖြစ်နေခဲ့တယ်လေ။ ဘဘဟာ စာအုပ်တချို့ ထည့်ထားတဲ့လွယ်အိပ်ကိုလွယ်ပြီး ဘဘအဖေရဲ့ နောက်က လမ်းလျှောက်ပြီးလိုက်ခဲ့တယ်။ ကျောင်းသားသစ်တွေ လက်ခံစာရင်းသွင်းတဲ့ စားပွဲတလုံးဘေးက ဆရာ တယောက်ဆီကို လမ်းလျှောက်သွားနေတဲ့အချိန်၊ ကျောင်းသားတချို့ က ဘဘတို့ ကိုလှမ်းကြည့်နေကြတယ်လေ။ ဘဘရဲ့  ညာဖက်လက်ဟာ လွယ်အိပ်ထဲကို နှိုက်ထားတယ်။ အဲဒီလွယ်အိပ်ထဲကို နှိုက်ထားတဲ့လက်ထဲမှာ ဘာကိုဆုပ်ကိုင်လာသလဲ ဆိုတော့ “ ပိုင်းလော့ ” ဖေါင်တိန်ကလေးတချောင်းကို ကြစ်ကြစ်ပါအောင်ဆုပ်ထားခဲ့တာပေါ့။ ဒီဖေါင်တိန်လေးဟာ ၊ မူလတန်းအောင်လို့ အလယ်တန်းကျောင်းကို ပြောင်းရတော့မယ့် ဘဘအတွက်၊ ဘဘရဲ့ အဖေက ၀ယ်ပေးခဲ့တဲ့ဖေါင်တိန် ကလေးပေါ့။ ငါ့မြေးရေ…။ အဲဒီနေ့ ကို ဘဘအခုထက်ထိ မမေ့နိုင်ဘူး။ ဘဘရဲ့ ပုဂ္ဂလဘ၀မှာ အဲဒီနေ့ ဟာ တကယ့်ကို အရေးပါ တဲ့နေ့  ။ ဘဘရဲ့ ခလေးဘ၀ ကို နိဂုံးချုပ်ပြီး လူငယ်ဘ၀ကို စတင်ကူးပြောင်းလိုက်တဲ့နေ့ အဖြစ် ဘဘ ဘယ်တော့မှ မေ့လို့  မရတဲ့နေ့ တနေ့ ဖြစ်ခဲ့တာပေါ့။
ဒီတခါ ဘဘရဲ့ စာထဲမှာ ပြောပြမယ့်ကဗျာရဲ့ ခေါင်းစဉ်ကလည်း “ ဒီနေ့ ဟာ အစဖြစ်တယ် ” တဲ့။ ဒီကဗျာလေးရဲ့ ခေါင်စဉ် ကို ဖတ်လိုက်ရတယ်ဆိုရင်ပဲ ပထမဦးဆုံး ပေါ်လာတဲ့အတွေးကတော့ ဘဘရဲ့ ပုဂ္ဂလဘ၀ထဲက၊ နေ့ တချို့ ကို ချက်ချင်းဆိုသလို သတိရသွားတော့တယ်။
ဘဘမှာ ငယ်စဉ်တုန်းက အလယ်တန်းကျောင်းစတက်တဲ့နေ့ လို ထူးခြားတဲ့ ဘ၀သစ်တခုအစပြုတဲ့နေ့  တွေရှိခဲ့တာပဲ။ ဒီလို ဘ၀သစ်တခု အစပြုတဲ့နေ့ မျိုးဆိုတာ ဘဘမှာရယ်လို့ မဟုတ်ပါဘူး၊ ငါ့မြေးမှာလည်း ရှိပါလိမ့်မယ်။ တခြားလူတွေမှာလည်း ရှိပါလိမ့်မယ်။ ဒါက ပုဂ္ဂလဘ၀ရဲ့ ဘ၀သစ်စတင်တဲ့နေ့ ။ တခါ လူမျိုးတမျို့းနိုင်ငံတခုရဲ့  သမိုင်းသစ် စတင်တဲ့နေတွေကော...၊ မရှိနိုင်တော့ဘူးတဲ့လား။ ဘယ်မရှိပဲ နေပါ့မလဲကွယ်။ ၁၉၄၈-ခု၊ ဇန္န၀ါရီလ (၄) ရက် နေ့ ဟာ၊ ဘဘတို့  နိုင်ငံတပါး ကျွန်ဘ၀ကလွတ်မြောက်ပြီး လွတ်လပ်တဲ့လူမျိုးအနေ့ နဲ့ သမိုင်းသစ်စတင်တဲ့နေ့  မဟုတ်ပေဘူးလား ။ ဒီလိုနေ့ မျိုးဟာ ဘဘတို့ နိုင်ငံ၊ ဘဘတို့ လူမျိုးရဲ့ တကယ့်ကို မေ့ပျောက်လို့ မရတဲ့၊ မေ့ပျောက်မထားသင့်တဲ့ သမိုင်းသစ်တခု အစပြုတဲ့နေ့  ပေပဲပေါ့။ ကဲပါလေ…။ ကဗျာလေးကိုမပြောခင်…၊ ဘဘလည်း နိဒါန်းစကားတွေ တော်တော်ပြောလိုက်မိတယ်။ ကဲ-- ကဗျာလေးဆီ စပြီး သွားလိုက်ကြရအောင်…။

ဒီနေ့ ဟာ အစဖြစ်တယ်

ပင်လယ်ကိုဖြတ်လာတဲ့ မိုးနံ့ ပါတဲ့လေလို
မြို့ ကြီးထဲ
ငါတို့ ဝင်ရောက်ကြပါစို့ ။

နေရောင်ဟာ
အုန်းလက်ကိုင်းဖျားနဲ့  အိမ်အမိုးစွန်းကို ဖြတ်ပြီး
ခပ်စောင်းစောင်းကျနေမယ်။

သစ်ပင်တွေဟာ
ရေစိုလို့ သူတို့  အမွေးအတောင်တွေကိုဖြန့် ပြီး
ကနေတဲ့ ဒေါင်းပျိုတွေလို
အစိမ်းရောင် ပွပွ၊ လှလှကြီးဖြစ်နေမယ်။
အိမ်ရှေ့ လမ်းမပေါ်မှာ မော်တော်ကားတွေဟာ
ကြိုတင်တိုင်ပင်ထားကြသလိုပဲ
ဝး၀၀ နာရီမှာ
ဟွန်းတွေ တစ်ပြိုင်နက်ထဲတီးလိုက်ကြပေါ့။

ငါ့မြေးရေ…။
“ ဒီနေ့ ဟာ အစဖြစ်တယ် ” ဆိုတဲ့ ကဗျာထဲမှာ၊ ကဗျာပိုဒ် (၁၆)ပိုဒ်ပါတယ်။ အခု ဘဘက ပထမအပိုဒ် (၃)ပိုဒ်ကိုပဲ စပြော လိုက်တာပါ။ ဒီအပိုဒ် (၃)ပိုဒ်မှာ ထူးခြားတဲ့ အချက် (၂)ချက်ရှိတယ်။ ‘ ကနေတဲ့ ဒေါင်းပျိုတွေ ’ ဆိုတဲ့ စကားစုနဲ့ ၊ “ ကားတွေက တပြိုင်နက်ထဲ တီးကြပေါ့ ” ဆိုတဲ့ စကားစုပါပဲ။ ဒါဟာ အောင်မြင်မူကို ထေါပနာပြုတဲ့ စကားစုတွေဖြစ်နေတယ်။ “ ကနေတဲ့ ဒေါင်းပျိုတွေ ” တဲ့။ “ အမွေးအတောင်တွေချပြီး ငိုင်နေတဲ့ ဒေါင်းအိုတွေ ” မဟုတ်ဘူးနော်။ ပြီးတော့ ကားတွေက တအံ့တသြ ၀မ်းသာအားရ၊ တက်တက်ကြွကြွဖြစ်လို့  ဟွန်းတွေကို တပြိုင်နက်ထဲ တီးလိုက်ကြတာ။ လမ်းဖယ်ပေးဖို့  တယေါက်တပေါက် ဟွန်းထတီးနေကြတာမျိုး မဟုတ်ဘူး။ ကဲ-ဆက်ပြီးသွားကြရအောင်…။

ဒါဟာ အစပဲ
အရာအားလုံး
အစက ပြန်စမယ့် အစပဲ။

လေပြည်ညှင်းဟာ
အရပ်မျက်နှာအသီးသီးက
တစ်လှည့်ပြီးတစ်လှည့် တိုက်နေမယ်။

ငါတို့ ဟာ
လေညှင်းနဲ့ အတူပါလာတဲ့ ပန်းရနံ့ တွေလို
ဒီနေရာကို
စုဝေးရောက်ရှိလာကြမယ်။

သမိုင်းဝင်ဓါတ်ပုံထဲက
မျက်နှာမျိုးတွေနဲ့ 
အားလုံးဟာ
တည်ကြည်ခန့် ငြားကြလို့ ပေါ့။

မြို့ အနှံ့ က ခေါင်းလောင်းတွေဟာ
အနှစ်နှစ် အလလ ဆွံ့ အနေခဲ့တဲ့ သူတို့ အသံ
သူတို့ ပြန်ရပြီမို့ 
ဝမ်းသာမဆုံးဖြစ်လို့ 
( အပြုံးမျက်နှာတွေဟာ
ပြန်ပြီးတည်လို့ မရတော့သလို့ မျိုး )

ကန်ရေပြင်ဟာ
သူကိုယ်တိုင် ကုန်းပေါ်တက်လာပြီး
ပွဲတော်မှာ နွှဲချင်နေတယ်။

လက်ခုပ်သံတွေဟာ
တိကျတယ်။
အပိုအလိုမရှိဘူး။
ရုပ်ရှင်မရိုက်ဘူး။
ဇာတ်တိုက်မထားဘူး။

တာထွက်တော့မယ့်
အားမာန်တွေဟာ
အချက်ပေးသံကို စောင့်နေကြပြီ။


ငါ့မြေးရေ…။
ဒီကဗျာပိုဒ်တွေကြတော့ အရာအားလုံးအစပြုမယ့်၊ အစကနေ ပြန်စမယ့်နေ့ ကို ထပ်ကာတလဲလဲ ပုံဖေါ်ဖို့ ကြိုးစားထားတာ တွေ့ ရတယ်။ ဥပမာ…လူတွေစုဝေးရောက်ရှိလာကြတာ၊ လူတွေရဲ့ မျက်နှာထား ။ တချိန်လုံးတိတ်ဆိတ်နေခဲ့ရတဲ့ တမြို့ လုံးက ခေါင်းလောင်းတွေက အသံတွေတပြိုင်နက်ထဲ ပြန်ထွက် ပြန်မြည်လာကြတာ…။
ဒီနေရာမှာ အဲသလိုထူးခြားတဲ့နေ့ နဲ့ ပါတ်သတ်ပြီး ဘဘကြည့်ခဲ့ဖူးတဲ့ ရုပ်ရှင်ဇာတ်ကားတခုအကြောင်း ကြားညှပ်ပြီဲး ပြော ချင်သေးတယ်။ ဇာတ်ကားရဲ့ နာမည်ကိုတော့ ဘဘမမှတ်မိတော့ဘူးကွဲ့ ။ ဒီဇာတ်ကားထဲမှာ အာဂျင်တီးနားနိုင်ငံ၊ သမတကြီးရဲ့  ဇနီးဟာ နာမကျန်းဖြစ်လို့  သေငယ်ဇောနဲ့ မျောနေတဲ့အချိန်မှာ အာဂျင်တီးနားနိုင်ငံရဲ့ မြို့ တော် “ ဗျူနိုးဟေရီးစ် ” တမြို့ လုံးမှာရှိတဲ့ မြို့ သူမြို့ သားတွေဟာ၊ သူတို့ ချစ်ခင်လေးစားရတဲ့ သမ္မတကတော်ရဲ့  နာရေးသတင်းကို အားလုံးငြိမ်သက်ပြီး စေါင့်ပြီး နား ထောင်နေကြတဲ့ အချိန်၊ မြို့ ကြီးတမြို့ လုံးတိတ်ဆိတ်ငြိမ်သက်နေတဲ့အချိန်၊ သမ္မတကတော် သေဆုံးသွားပြီဆိုတဲ့သတင်း ထွက်ပေါ်လာခဲ့တယ်။ အဲဒီအချိန်မှာပဲ “ ဗျူနိုးအေရီးစ် ” တမြို့ လုံးမှာရှိတဲ့ ဘုရားကျောင်းခေါင်းလောင်းတွေဟာ ၀မ်းနည်းခြင်း အထိမ်းအမှတ်နဲ့  တပြိုင်နက် ထဲ တီးကြ၊ ထိုးကြတော့တယ် ငါ့မြေး ။ ဘဘမှာဖြင့် အဲဒီဇာတ်ကားထဲက ခေါင်းလောင်းသံတွေကို ဒီကဗျာဖတ်ရင်းက ပြန်ပြီးသတိရ မိတယ်။ မြင်ယောင်မိတယ်။ ဒါပေမယ့်၊ ဒီကဗျာထဲမှာပါတဲ့ ခေါင်းလောင်းတွေကြတော့ အောင်မြင် မှုအတွက်၊ အောင်ပွဲခံမှုရဲ့  သင်္ကေတအဖြစ်၊ သမိုင်းသစ်တခု အစပြုတဲ့နေ့ ကို အသိအမှတ်ပြု ၊ ဂုဏ်တင်တဲ့သဘော တပြိုင်နက်ထဲ တီးလိုက်တာပါ။
ကဲ- နေက်ထပ်ကဗျာပိုဒ်တွေကို ဆက်ပြီးဖတ်ကြရအောင်…။

ကျားတွေဖြတ်ဖို့ 
တောမှာ
လမ်းခင်းထားရိုးမရှိဘူး။
ချောင်းတွေ့ ရင်
ခုန်ကျော်သွားဖို့ ပဲ
ချောင်းကျယ်ရင်
ဖောင်ဖွဲ့ မယ်။

ဒီကဗျာတပိုဒ်ထဲကတော့ အရာအားလုံးအစပြုမယ့် ‘ နေ့  ’ ကို ဂုဏ်တင်တဲ့နေ့  မဟုတ်ဘူးငါ့မြေး..။ အဲသလို အရာအားလုံး အစပြုနိုင်မယ့် “ နေ့ ” ပေါ်ပေါက်လာဖို့ အတွက် ဘယ်လိုရုန်းကန်တိုက်ပွဲဝင်ခဲ့ရသလဲဆိုတဲ့ ‘ အတိတ်ကာလ ’ ကိုပြန်လည်တူးဖေါ် ပြတာပဲ ဖြစ်တယ်။
ဘဘတို့ မှာလည်း ဒီလိုပါပဲ။ ဘဘရဲ့ မူလတန်းအောင်လို့  အလယ်တန်းကျောင်းသားဘ၀ကို ကူးပြောင်းရောက်ရှိတဲ့ “ နေ့ ” ကိုရောက်ဖို့ ၊ ဘဘဟာ စာတွေအများကြီး ကျက်ခဲ့ရတာပဲ။ သူများတကာထက် ဥာဏ်ထိုင်းသူဖြစ်တာနဲ့  စာကို တခြားသူ တွေထက် ပိုပြီးကြီးစားခဲ့ရတာပဲ။ အဲဒီ မူလတန်းနေက်ဆုံးနှစ်၊ စတုတ္ထတန်းမှာ ဘဘဟာ နေ့ မအိပ်ညမအိပ် စာကျက်ခဲ့ရလို့  ကျန်းမာရေးတောင်မှ ချို့ တဲ့ခဲ့ရတယ်။ တကယ်တော့ ဘဘရဲ့ ပုဂ္ဂလဘ၀မှာ၊ မူလတန်းကျောင်းသားဘ၀ကို ပြည်ဖုံးကားချပြီး
အလယ်တန်းကျောင်းသားဘ၀ကို အစပြုတဲ့ “ နေ့ ” ကိုရောက်ဖို့ ၊ ဘာတခုမှ အလွယ်တကူနဲ့ ကျော်ဖြတ်ခဲ့တာမဟုတ်ဘူး။ စာတွေဘယ်လောက်ပဲ ခက်ခက်၊ ငါ..မရ ရအောင် ကျက်မယ်ဆိုတဲ့ ဇွဲသတ္တိနဲ့ ဘဘဟာ၊ မူလတန်းကျောင်းသားဘ၀ကို နိဂုံးချုပ်ခဲ့ ရတာ။ အလယ်တန်းကျောင်းသားဘ၀ အစပြုတဲ့ “ နေ့ ” ကို သိမ်းပိုက်နိုင်ခဲ့တာ။
ကဲ…၊ ကျန်တဲ့ ကဗျာပိုဒ်တွေဆီ ဆက်ကြဦးစို့ …ငါ့မြေး ။

ဒီနေ့ ဟာ “ အစ ” ဖြစ်တယ်။
အရာအားလုံး
အစကပြန်စမယ့် “ အစ ” ဖြစ်တယ်။

ဒီနေ့ ဟာ
ကမ္ဘာပေါ်မှာ
အလှဆုံးနေ့ တွေထဲက တစ်နေ့ ဖြစ်တယ်။
ဒီနေ့ ဟာ
စစ်ပွဲစတင်တဲ့နေ့  မဟုတ်ဘူး။
စစ်ပွဲပြီးဆုံးတဲ့နေ့  မဟုတ်ဘူး။
ဒီနေ့ ဟာ
မေတ္တာ စတင်တဲ့နေ့ 
မေတ္တာအောင်နိုင်တဲ့နေ့ 
ဖြစ်ရဲ့ ။
ဒီနေ့ ဟာ
ငြိမ်းချမ်းမှု စတင်တဲ့နေ့ 
ငြိမ်းချမ်းမှုအောင်နိုင်တဲ့နေ့ 
ဖြစ်ရဲ့ ။
ဒီနေ့ မှာ
စစ်နိုင်သူ မရှိဘူး။
စစ်ရှုံးသူ မရှိဘူး။

အခု ဘဘဖေါ်ပြခဲ့တဲ့ ကဗျာပိုဒ်တွေကတော့ အရာအားလုံး အစက ပြန်စမယ့် “ နေ့ ” ရဲ့ “ လေးနက်မြင့်မားလှတဲ့ ဂုဏ်ရည်” ကို၊ ထပ်ကာတလဲလဲ ဖေါ်ပြသွားခဲ့တာ ငါ့မြေးတွေ့ဲရလိမ့်မယ်။ ဒါပေမယ့် “ ဒဿန ” အားဖြင့် သာမာန်ထက် အများကြီး ပိုပြီး နက်နက်တူးမှ ဖေါ်ယူလို့ ရနိုင်တဲ့ ကဗျာပိုဒ်တွေလည်း ပါနေတယ်။ အဲဒါကတော့

ဒီနေ့ ဟာ
စစ်ပွဲစတင်တဲ့နေ့  မဟုတ်ဘူး။
စစ်ပွဲပြီးဆုံးတဲ့နေ့  မဟုတ်ဘူး။
ဒီနေ့ ဟာ
မေတ္တာ စတင်တဲ့နေ့ 
မေတ္တာအောင်နိုင်တဲ့နေ့ 
ဖြစ်ရဲ့ ။
ဒီနေ့ ဟာ
ငြိမ်းချမ်းမှု စတင်တဲ့နေ့ 
ငြိမ်းချမ်းမှုအောင်နိုင်တဲ့နေ့ 
ဖြစ်ရဲ့ ။
ဒီနေ့ မှာ
စစ်နိုင်သူ မရှိဘူး။
စစ်ရှုံးသူ မရှိဘူး။

ငါ့မြေးရေ…။ ဒီကဗျာပိုဒ်တွေကိုတော့ ဘဘ သိပ်ပြီးရှင်းမပြချင်ဘူး ငါ့မြေး ။ ဘဘရဲ့ အရည်အချင်းလောက်နဲ့ လည်း ရှင်းပြတဲ့အခါ ဒီကဗျာပိုဒ်တွေရဲ့ ဆိုလိုရင်းကို မှီအောင်ရှင်းပြနိုင်မယ် မထင်ဘူး။ မူရင်း အဓိပ္ပါယ်ရဲ့ အနီးတ၀ိုက်လောက်အထိပဲ ဘဘ ရှင်းပြချင်တယ်။ ရှင်းပြနိုင်မယ်။ တကယ့်ကို လက်တဆုံး နှိုက်ယူမှ ရမယ့် ကဗျာ့ပရိယါယ်တွေပါပဲ။ အဲ…ငါ့မြေးရဲ့ လက်တံ ကတော့ ရှည်မှဖြစ်မှာပေါ့လေ။ ဒါပေမယ့် ဒီကဗျာပိုဒ်တွေကို ခံစားသိရှိနိုင်ဖို့ အထောက်အကူဖြစ်မယ်လText Colorို့  ယူဆရတဲ့စကား တချို့  ကိုတော့ ဘဘ ဖြည့်ပြောလိုက်ဦးမယ်။
ဘဘတို့ ရဲ့  ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က ပြောဖူးတယ် ငါ့မြေး ။ သူပြောတဲ့စကားကို တလုံး မကျန် ခရေစေ့တွင်းကျတော့ ဘဘ မမှတ်မိပေမယ့်၊ ဆိုလိုရင်း အဓိပ္ပါယ်ကိုတော့ ဘဘမှတ်မိတယ်။ အဲဒါကတော့
တိုင်းပြည် ကောင်းစားတိုးတက်အောင် ငါတို့ က လုပ်ခွင့်ရမယ်ဆိုရင် အောင်မြင်ပါစေသားတဲ့၊ ပြီးတော့ သူတို့ က တိုင်းပြည်ကောင်းစားတိုး တက်အောင် ဆောင်ရွက်ခွင့်ရမယ်ဆိုရင် ပိုပြီးအောင်မြင်ပါ စေသား…” တဲ့။
ငါ့မြေးရေ…။
အဲဒီစာသား ၊ အဲဒီစကားကို ကြားရတဲ့အချိန်တုန်းက၊ ဘဘဖြင့်တကိုယ်လုံး ကြက်သီးမွေးညှင်းတွေထပြီး ကျေနပ်အားရဖြစ်လိုက်မိတယ်။ ဒါဟာဖြင့် တကယ့်ကို “ မွန်မြတ်ကြီးကျယ်တဲ့ မေတ္တာတရား ” ကို အခြေခံတဲ့ “ စကား ” တွေပဲ။ ကဗျာဆရာပြောချင်တဲ့ “ မေတ္တာအောင်မြင်တဲ့နေ့ ၊ မေတ္တာစတင်တဲ့နေ့  ” ဆိုတဲ့ စာသားထဲက “ မေတ္တာ” ဆိုတဲ့ “ အဲသလို မေတ္တာ” မျိုးကိုပြောတာပဲပေါ့။ ပြီးတော့ တဆက်ထဲဆိုသလိုပဲ ၊ “ ဒေါ်အောင်ဆန်းစုကြည် ” ပြောဖူးတဲ့ စကားတခွန်း။ “ ဒိုင်ယာလော့ လုပ်ရင် ဘယ်သူမှ မနိုင်ဘူး၊ ဘယ်သူမှ မရှုံးဘူး ” တဲ့။ ဒါလည်း ကဗျာထဲက “ဒီနေ့ ဟာ စစ်နိုင်သူမရှိဘူး၊ စစ်ရှုံးသူမရှိဘူး ” ဆိုတဲ့စာသားနဲ့  တထပ်ထဲ ကျမနေပေဘူးလား။
ငါ့မြေးရေ…။ “ ဒီနေ့ ဟာ အစဖြစ်တယ် ” ဆိုတဲ့ ကဗျာကို ဘဘရှင်းပြခဲ့တာ တော်တော်လေးလည်းရှည်ခဲ့ပြီ။ ကဲ--- နောက်ဆုံးတပိုဒ်ဆီ ဆက်ကြရဦးမယ်။

ဒီနေ့ အကြောင်း
ကဗျာတပုဒ်ရေးရပေလိမ့်မယ်။
ဒီနေ့ အကြောင်း
ကဗျာတပုဒ်မရေးခဲ့ဘူးဆိုရင်
ငါဟာ
ဘာမှမရေးခဲ့တဲ့ လူတစ်ယောက်နဲ့ 
ဘာထူးဦးတော့မလဲ။

ကိုင်း…။ ကဗျာဆရာကတော့ ၊ နောက်ဆုံးကဗျာပိုဒ်မှာ သူရဲ့ ရပ်တည်ချက်ကိုပါ ထည့်သွင်းရေးဖွဲ့ ပြလိုက်ပြီ။ တကယ် တော့ ကဗျာဆရာဟာ ဒီကဗျာထဲက တချို့ စာသားတွေအတိုင်း “ လေညှင်းနဲ့ အတူပါလာတဲ့ ပန်းရနံ့ တွေလို ဒီနေရာကို စုဝေး ရောက်ရှိကြတဲ့သူ ” တွေထဲမှာ သူလဲပါဝင်ရမယ်တဲ့။ သူဟာ အဲသလိုနေ့ ၊ အဲဒီနေရာကို သမိုင်းဝင်ဓါတ်ပုံထဲက မျက်နှာမျိုးနဲ့  တည်ကြည်ခန့် ငြားနေပါလိမ့်မယ်လို့  ဖွင့်ဟ၀န်ခံလိုက်ပြီ ဆိုပါတော့ ငါ့မြေး ။ ဒါကတော့ တိုင်းပြည်ကောင်းစားစေချင်တဲ့ ၊ ကောင်းစားအောင် ဖန်တီးနိုင်တဲ့ “ နေ့  ” အတွက် စာပေသမားတွေ ဘယ်လိုရပ်တည်သင့်သလဲ ဆိုတာကို ထည့်ပြောသွားတဲ့ သဘောပါပဲ။
ကဲ…။ ဘဘရဲ့ စာကလည်း ရှည်လျားလွန်းပြီ။ ငါ့မြေးလည်း “ ဒီနေ့ ဟာ အစဖြစ်တယ် ” ဆိုတဲ့ ကဗျာအတိုင်း၊ ပုဂ္ဂလ ဘ၀သစ် အစပြုတဲ့နေ့ ၊ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးရဲ့ ဘ၀သစ်စတင်တဲ့နေ့ တွေကို ကိုယ်တိုင်ပါဝင် စိုက်ထူနိုင်တဲ့သူ ဖြစ်အောင် ကြိုးစားသင့်တယ်လို့  ဘဘအကြံပြုလိုက်ပါတယ်။ ။


ကိုးကား။ ။ မောင်တင်သစ်ရဲ့ “ ဒီနေ့ ဟာ အစဖြစ်တယ် ” ကဗျာ
စံပယ်ဖြူ ၊ ဧပြီ ၊ ၂၀၀၇

(ဆရာငြိမ်းဝေ ဘလော့မှ ထပ်ဆင့်ဖော်ပြလိုက်တာပါ)

စစ်အတွင်းကကွဲကွာသွားတဲ့ သူငယ်ချင်း ညီအစ်ကိုတစ်တွေပြန်တွေ့တဲ့နေ့

.
မောင်ချောနွယ်ဟုခေါ်သည်
သူကျုံးထဲကတက်လာသည်
သူ့မှာအနုပညာ အင်္ကျီပါပါသည်။
မောင်ချောနွယ်ဟုခေါ်သည်
သူသံမဏိလမ်းက လာသည်
သူ့မှာအနုပညာ အင်္ကျီပါပါသည်။

*
ဤကမ္ဘာမြေ၌ ကျွန်ုပ်ထွန်ယက်သမျှသည်
အသက်ဓာတ်သားဖြစ်ပါ၏။ ကဗျာဖြင့်စပ်ယှက်ခဲ့သော
ကျွန်ုပ်၏ နေ့ပေါင်းများစွာ ညပေါင်းများစွာအား
ကဗျာဖြင့်သူကောင်းပြုပါ၏။
အယူမှန်သူအတွက် အယူခံမလို
ကမ္ဘာကြီးအတွက် ညတိုင်းသီချင်းဆိုခဲ့တယ်။

(၁)
“ကဲ အခုကစပြီး တစ္ဆေကဖီးကိုဖွင့်မယ်”
ရဲဘော်သူငယ်ချင်းတို့
“ငါတို့ဟာ စစ်အတွင်းက ကွဲသွားတဲ့
သူငယ်ချင်းညီအစ်ကိုတတွေဖြစ်ကြရဲ့”
ငါတို့တွေ ရဲရင့်ပြောင်မြောက်စွာ တိုက်ပွဲဝင်ခဲ့ကြရဲ့
ရှိစေတော့
သူရဲကောင်းမှတ်တမ်းမ၀င်ဘူး
ရှိစေတော့
ငါတို့ဟာ သူရသတ္တိရှိလို့ ကဗျာဆရာဖြစ်ခဲ့ကြတယ်
ကဗျာဆရာဆိုတာ
အဂတိမလိုက်စားဘူး
ဟော ကြည့်ပါလား
ကဗျာဆရာ အနန္တသူရိယအမတ်ဟာ
ကဗျာတစ်ပုဒ်နဲ့ ကြိုးစင်တက်ခဲ့တာ
မလှဘူးလား
လွှတ်လှ။
သေခြင်းတရားဆိုတာ
စောစောက လပ်ကီး လူစီယာနိုရယ်
ဘီယာဘူးတွေနဲ့ ပစ်ပေါက်လိုက်တော့
ဖန်တွေ မှန်တွေ ကွဲကျသွားကြတယ်မဟုတ်လား
လွှတ်လှတယ်။
သေချင်းတရားဆိုတာ
ရဲဘော်တို့ ရဲရဲမှတ်ထားကြ
စားပွဲပေါ်က ဖန်ခွက်တစ်လုံး
သမံတလင်းပေါ် ကျကွဲသလောက်ပဲ ရှိတယ်
လွှတ်လှ။
ငါတို့ရဲ့ ကဗျာဆရာ မောင်ချောနွယ် ပြောတာကတော့
သေခြင်းတရားဆိုတာ
လေယာဉ်ပျံတစ်စီးပေါ်ကနေ
လေယာဉ်ပျံတစ်စီး ပြောင်းစီးသလောက်ပါပဲကွာတဲ့
လွှတ်လှ။
ကဲ….နောက်ဘ၀မှာ နောက်ဘ၀ကူးရင်
နောက်ဘ၀ရောက်ရင်လည်း
ကဗျာဆရာဖြစ်ဦးမှာသေချာတဲ့
ငါတို့ရဲ့ သစ္စာတိုင်တရားရှိတယ်
ငါတို့ဟာ
လူတစ်သိန်း တစ်သန်းမှာမှ
ကဗျာဆရာတစ်ယောက်ဖြစ်တယ်ဆိုတဲ့
၂၁ ရာစု သီအိုရီရှိတယ်
ဟုတ်တယ်….ဟုတ်….
ဟုတ် ၁၀ ကြိမ်အော်ဟစ်ကြရဲ့
ကဲ…ခု အခမ်းအနာသစ်တစ်ခု မကျင်းပခင်
ငါတို့သူရဲကောင်းတွေကို
အရင်ဆုံးအလေးပြုကြရအောင်
ကဲ အားလုံးငြိမ်သက်ပါ
၁၅ မိနစ်ငြိမ်သက်ပေးပါ။

(၂)
(၁၅ မိနစ်ဆိုတာ ငါတို့ရဲ့နောက် ၁၅ဘ၀ကိုဆိုလိုတယ်)
နောက်၁၅ဘ၀ ကဗျာဆရာပေါ့။
ဟုတ်တယ် နောက်၁၅ ဘ၀ထိ
ငါတို့ဟာ ကဗျာဆရာပဲဖြစ်ရမယ်
ပထမဦးဆုံး ငါတို့ရဲ့ ကဗျာဆရာဖော်ဝေး
သူ့ကိုအလေးပြုကြ
၁၅ မိနစ်ငြိမ်
ဒုတိယမြေချစ်သူကို
သူ့ကိုအလေးပြုကြ
တတိယစစ်တွေနောင်လတ်
၁၅ မိနစ်ငြိမ်
စတုတ္ထ…မောင်စိမ်းခေါင်
ကဲ...ရိုးပြတ်တောမောင်အောင်ခက် ၁၅ မိနစ်ငြိမ်
ကဲ…အားလုံးသက်သာနိုင်ပြီ။
ခုချိန်ကစပြီး တစ္ဆေကဖီးကို ဖွင့်လှစ်လိုက်ပါပြီ
ကြိုက်သလိုနေနိုင်ပါတယ်
ကြိုက်သလိုပေါ့။
ရှေးဦစွာ“ရော်ဘင်ဟု”က သရဲမျက်နှာဖုံးကို စွပ်လိုက်တယ်
အားလုံးမျက်နှာဖုံးတွေ စွပ်လိုက်ကြရဲ့ 
အားလုံးတစ္ဆေတွေ၊ သူရဲတွေ၊ ဘီလူးတွေ၊ဖုတ် ပြိတ္တာတွေ
မှင်စာတွေဖြစ်သွားကြရဲ့။
အဲဒီခဏမှာပဲ
ဟောခန်းကြီးတစ်ခန်းလုံး မီးခိုးတွေ လှိုင်အူလာရဲ့
အားလုံးစီးကရက်တွေသောက်ကြ
ဘီယာတွေ၊ ၀ိုင်တွေ၊ ၀ီစကီတွေ သောက်ကြနဲ့
စကားတွေတဖြောင်းဖြောင်းထအောင် ပြောကြတော့ရဲ့
အားလုံးမီးတွေ မှိတ်လိုက်ကြ
အားလုံးကကြမယ်
အားလုံး အားလုံး
စိတ်လွတ်လပ် ကိုယ်လွတ်လပ်
ထောင့်မီး မီးလေးတွေလင်းလာ
အစိမ်း အနီ အပြာ အ၀ါ
ဟေ့…အသံတစ်သံပေါ်လာ
လူ့ဘ၀ဆိုတာ လေထဲက ဖယောင်းတိုင်မီးလေးပါ
အားလုံး Candle In The Wind ပဲ
ဒါပဲ… ဒါပဲ…ဒါပဲ…
အားလုံး ဖယောင်းတိုင်မီးတွေ ထွန်းညှိကြ
သီခင်းဆိုကြမယ်(သံပြီုင်)။

(၃)
စစ်အတွင်းက ကွဲသွားတဲ့
သူငယ်ချင်းညီအစ်ကိုတွေ ပြန်တွေ့တဲ့နေ့
ဟေ့…စစ်သီချင်းတွေဆိုကြ
ချီတက်ကြမယ်…ကမ္ဘာသစ်ဆီ
ဟော…
သစ်ကုလားအုပ်ဟီသံတွေ မြင်းဟီသံတွေ
မော်တော်ကားသံတွေ ရဟတ်ယာဉ်သံတွေ…
ကဗျာဆရာတွေလာကြပြီဟေ့
အသံတွေကြားနေရပြီ
ခြင်္သေ့ဟောက်သံတွေ ကျားဟိန်းသံတွေ ဆင်နှာမှုတ်သံတွေ
ကလဲနက်မှုတ်သံတွေဝေဆာလို့
ငါတို့ ကဗျာဆရာတွေလာကုန်ကြပြီဟေ့
ကြိုဆိုလိုက်ကြရအောင်
ဟော…ကြည်ဝင်းတော၊ မိုဃ်းဇော်၊ ငွေယံဦး၏မိုးဝေးကိုရွေး၊ ၀င်းမြင့်၊ ခက်ထန်ပိုင်စိုး၊
ဇော်ဝင်းတင့်၊ကမ္ဘာပု
စတီးလ် အစရှိသော
လူငယ်ကဗျာဆရာတွေ တစ်ပြုံတစ်မကြီးဟာ
ဟောခန်းတွင်း ၀င်ရောက်လာကြ
တွေ့ဆုံသည်နှင့်တစ်ပြိုင်နက်
ဟေး…ဟေး…ဟေး…အသံတွေ
ဆူညံစွာ တစ်ပြိုင်နက်တည်း ထွက်လာကြရဲ့
အုတ်အောင်သောင်းတင်းပါပဲ
ကဗြုန်းကရုန်းပါပဲ
ဟော…အော်ကြပြန်ပြီ
ဟေ့ မက်ဆိုပိုတေးနီးယားကလာတာ
ဟေ့ ငါလည်းမက်ဆိုကပဲ
ဟိုမှာမင်းနဲ့ငါမတွေ့တာတစ်ခုပဲ
ဟေ့ ငါလည်း မက်ဆိုပိုတေးနီးယားစစ်မြေပြင်မှာ
ကျခဲ့တာပဲကွ
အဲဒီမှာ လူဖြစ်ခဲ့တာပဲ
ခုသေပြီး လုလူဝင်စာပြန်ဖြစ်တာ
တန်ပါတယ်
အရာရာဖြစ်ပျက်နေတာ တန်ပါတယ်ကွာ
ဟေ့ ငါက ဟိုနိုလူလူကလာတာ
ငါနဲ့အတူတူပေါ့ကွာ
ဟေ့ ငါလည်းပါတယ်ကွ
ဟေး… ဟေး…ဟေးဟေး…
တွေကုန်ကြပြီကွာ။

(၄)
ဟေ့ ငါက အီတလီကလာတာ
အီတလီစပျစ်ခြံကလာတာ
စပျစ်ဝိုင်တွေပါတယ်
ရဲဘော်တွေအားလုံးအတွက်ပဲ
တို့တွေအားလုံးက စစ်အတွင်းက ကွဲသွားတဲ့
သူငယ်ချငးညီအစ်ကိုတွေ
တစ်ယောက်နဲ့တစ်ယောက်ပစ်ချလို့မရဘူး
ပြောပြရရင်လည်း လွမ်းစရာကြီးကွာ
ဟား…. ဟား…. ဟား…. ဟားဟား
ကဲ လုတွေ့ပြီပဲ
ဘာလုပ်ကြမလဲ
ငါသိတာကတော့
လောကကြီးမှာ အရက်ကလွဲပြီး
ဘာမှပျော်စရာကောင်းတာမရှိဘူး
ဟေ့ သောက်ပစ်ကြ သောက်ပစ်ကြ
ဟေ့ကောင်တွေ ငါက ဟော်လန်ကလာတာ
ငါ့မှာနို့ဆီတွေပါတယ် သောက်ကြ
ငါတို့တွေနို့ငတ်ခဲ့ကြတယ် မဟုတ်လား
ဖောက်သာသောက်ကြ
ရောက်ချင်ရာရောက်ကြပစေ
တို့တွေနေပူခဲ့တယ်
ဒါကြောင့်ပဲ တို့တွေနေမပူဘူးပေါ့
ဟေ့ ငါက ဒါင်္ဂျီလင်က လာတာ
ဟေ့ ငါက ပန်ဂျပ်က လာတာ။

(၅)
ဘာလဲ ဘ၀ဆိုတာ ဘာလဲ
စူးစမ်းနေစရာမလိုဘူး
ငါဟာ စပျစ်ခြံအလုပ်သမားလေး
ဒါ ၀မ်းနည်းစရာလား
ငါ…ချစ်သူနဲ့တွေ့ချင်တဲ့အခါ
ငါတွေ့ရတယ်
ငါပျော်ချင်ရင်ပျော်ရတယ်
ငါကနေပျော် သေပျော်သမားပဲ
စစ်အတွင်းက သူငယ်ချင်းတွေ
ပေါင်မုန့်လေးတစ်ယောက်တစ်ဝက်
သေမင်းကျည်ဆံတွေ တဖျောက်ဖျောက်အောက်မှာ
တို့တွေ လျှောက်ခဲ့တာ
ဘာဖြစ်လာလဲ
ဘာမှ မထူဆန်းဘူး
နေကြသေကြပါပဲကွာ
တို့တွေ...ပြန်မဆုံဖြစ်ကြဘူးထင်တာ
ခုပြန်ဆုံကြတယ်
ဒါကောင်းတယ်
ဒါ အကောင်ဆုံးဆုလာဘ်ပဲ
ဒါကောင်းတယ်
အေး…ကောင်းတယ်
ဒါပေမဲ့ ငါတို့လည်းပြောပါရစေဦး၏ငါက ကွင်းစလန်မှာနွားခြံပိုင်ရှင်
ငါက သြစတြေးလျ ကမ်းခြေတစ်နေရာမှာ ကျခဲ့တာ
အဲဒီမှာလူသွားဖြစ်
နွားတွေမွေး
နို့စားနွားတွေပေါ့
ငါ့မှာ
နွားနို့တွေပါတယ်
အားလုံးသောက်ပစ်ကြ
ဒါဟာနတ်ဆိုးရဲ့ဝိုင်ပဲ
နွာနို့ဟာ နတ်ဆိုးရဲ့ဝိုင်ပဲ
နတ်ဆိုးရဲ့ဝိုင်တွေကိုငါတို့ပဲသောက်ကြရဲ့။

(၆)
သောက်နိုင်ကြတာ
ကဗျာဆရာဆိုတာ
နတ်ဆိုးဝိုင်တွေ သောက်တဲ့သူတွေ
အထက်တန်းစားတွေ
ဒုက္ခနဲ့ ဒဏ်ရာတွေဟာ
ငါတို့ရဲ့ရှုမျှော်ခင်းတွေပဲကွ
ငါတို့တွေ အလှကြည့်နေကျတွေပဲ
ဟုတ်တယ်မဟုတ်လား
ဟုတ်တယ်…ဟုတ်တယ်
ဟုတ်တယ်…ဟုတ်တယ်
ဟုတ်တယ်…ဟုတ်တယ်
အားလုံး ၀ိုင်းအော်ကြ
အားလုံးပျော်သွားကြပြီ
ဘာနဲ့တူသလဲဆိုတော့
ဥပမာကလဲ ခပ်ရှားရှားပါပဲ
ဂရင်း ဖာလူဒါဆိုင်ကရေခဲတုံးကြီးလို
ပျော်လို့ ပြဲလို့
အော်လို့ ဟစ်လို့
ခ်နးလုံးပြည့်အော်သံတွေ
ပျော်စရာကြီး
(စစ်အတွင်းကကွဲသွားတဲ့ သူငယ်ချင်းညီအစ်ကိုတွေ
ချစ်ချင်းအားဖြင့် အမြဲပဲညီညာကြစေ)
တေးသံဖောက်ပြီးထွက်လာ
အားလုံးသီဆိုကြ
ဘာနဲ့တူသလဲဆိုတော့
တီကောင်တွေ အထွေးလိုက်ကြီး ရှုပ်ထွေးသလိုမျိုး
ရှုပ်ထွေးပျော်ရွှင်ကြ
တေးသံခဏရပ်အသွား
ဟေ့… ငါတိုပက နော်မန်ဒီမှာ ကျခဲ့တာကွ
မင်းတို့နဲ့ကွာကွာပြီးနော်မန်ဒီမှာ
ငါတို့သွေးအလူးလူးနဲ့ ကျကျန်ရစ်ခဲ့တာ။

(၇)
ဝမ်းမနည်းဘူး
မျက်ရည်မကျဘူး
ဘယ်အရာမှအလကားမရဘူး
ဘယ်အရာမှအလကားမရဘူး
ဒါ ငါ့သီအိုရီပဲ
မသစ်လား…
သစ်ရုံတင်မဟုတ်ဘူး လှနေတယ်။
ဟေ့ ငါက ပုလဲဆိပ်ကမ်းမှာကျခဲ့တာကွ
ကြည့်ပါလား၊ ငါ့သွားတွေ ခေါနေတာ
ငါက ဂျပန်ကျွန်းစုတစ်စုမှာ လူဖြစ်ပြီး
ဟိုက်ကုကဗျာတွေဘာတွေ ရေးနေတာ
ခုမှ သူငယ်ချင်း ညီအစ်ကိုတွေနဲ့
တွေ့ရအောင်ရောက်လာတာ
စစ်အတွင်းက သူငယ်ချင်းညီအစ်ကိုတစ်တွေ
ချစ်ခြင်းဖြင့် ညီညာစေ…
ချစ်ခြင်းဖြင့် ညီညာစေ…
သူ့အသံတိတ်သွား၊ သူ့သွေးသူချိန်ကြည့်နေ
နောက်ထပ်အသံ ပေါ်လာပြန်
အသံသြကြီးနဲ့
ဟေံငါက စစ်တောင်မြစ်ဝှမ်းမှာကျခဲ့တာ
ခု သခွားသီးတွေပါတယ်
စားပစ်ကြ…ငါကသခွားခင်းပိုင်ရှင်
ဟေ့…ငါက ရိုးမရိုးစပ်မှာကျခဲ့တာ
မြို့မဟုတ်ဘူး
ဟေ့ကောင် ခက်ထန်
မင်းမမှတ်မိဘူးလား
ရန်သူ့ကျည်ဆံ တဖွားဖွားကြားမှာ
ငါတို့တစ်တွေ ရှေ့တက်ခဲ့ကြတာလေ။

(၈)
ဟေ့ ငါက ဟန်ဂေရီစစ်မျက်နှာက
ဗုံနင်းမိတာ တစ်စစီပဲ ကိုယ့်လူရေ
အဲဒီကနေလူပြန်ဖြစ်ပြီး
ပါရီတောရပ်ပိုင်းလေးမှာနေခဲ့တာပေါ့
အရက်ဘားမှာ စားပွဲထိုးလေးပေါ့
အဲဒီကနေမှ ဒီရောက်ခဲ့ရတာ
တစ်ယောက်ကထအော်တယ်
အားလုံခဏငြိမ်ပေးကြပါ
ကဗျာဆရာတွေလာနေကြပြီ။
သစ်ကုလားအုပ်သံတွေကြားရတယ်
မြင်းဟီသံတွေကြားရတယ် ကျားသစ်သံတွေ…
ခြင်္သေ့ဟောက်သံတွေကြားနေရတယ်
ကျားသစ်သံတွေ…
ခြင်္သေ့ဟောက်သံတွေ ကြားနေရတယ်
ဟော… တောခွေးအူသံတွေ ကြားနေရတယ်
ပင်လယ်လှိုင်းရိုက်သံတွေကြားနေရတယ်
ခြင်္သေ့ဟာက်သံကတော့
ဒါ နေသွေးဦး ခေါ် အာရပ်ဖက်တီးပဲဖြစ်မှာ
ဒီကောင်ကြီး ခြင်္သေသေ့နဲ့တထေရာထဲတူတယ်
ဟောက်တတ်တယ်
ဟော…လှေလှော်သံတွေ ကြားရပြန်ပြီ
ဒါ ကဒုံတင်စိုးပဲဖြစ်မှာ
ဟော မြှေတွန်သံတွေ ကြားရပြန်ပြီ
ဒါ မြွေကြီး ခေါ် ဇော်ဝင်းတင့်ပဲ ဖြစ်မှာ
သေချာပါတယ်
မလွဲပါဘူး

(၉)
ဟော တကယ်ဝင်လာတော့လည်း
သင်းအုပ်ဆရာ အ၀တ်အစားကြီးဝတ်လို့
“ယူကော”ဆိုတဲ့ကောင်ကြီးရယ်
အာဖရိကဗုံကိုထုနှက်ကာ
ဆန်လဲမဟုတ် ပြောင်းလဲမဟုတ်
ဆန်ပြောင်းရယ်
ဟာကြူလီငပျော့ ခေါ်ကြည်ဝင်းမြို့ရယ်
ငါးသလောက်နှစ်ကောင် ပူးချည်ထားတဲ့အပြုံးနဲ့
အခန်းကျယ်ကြီးထဲအားလုံးလည်းရောက်ရော
ဆန်ပြောင်းရဲ့ အာဖရိကဗုံသံ ကြားရတော့တာပဲ
တစ်ခန်းလုံး
အာဖရိကဗုံသံတွေ လွှမ်းမိုးသွား
သူငယ်ချင်းညီအစ်ကိုတွေ
ရိုးဟေး ညာသံတွေ
ဗု့သံအလိုက်လိုက်ကကြ
အခန်းကြီးဝက်ဝက်ကွဲမျှ
အတော်ကလို့မောတော့
အားလုံးပိုင်သီချင်းလေးကို
တစ်ယောက်မကျန်သီဆိုကြ…
“စစ်အတွင်းက ကွဲသွားတဲ့
သူငယ်ချင်းညီအစ်ကိုတစ်တွေ
ချစ်ခြင်းနဲ့ ညီညာကြစေ“။

(၁၀)
ထိုသီချင်းကို လေးကြိမ်သံပြိုင်သီဆိုပြီး
ဟေ့ ဟေ့ သူငယ်ချင်းညီအစ်ကိုတစ်တွေ
ကြည်ဝင်းမြို့မှာ ၀က်ပေါင်နှစ်ပေါင်ပါတယ်
ဘာဘီကျူးမီးဖို ဖိုကြရအောင်
ပြီးရင်
ဝက်ပေါင် ကင်ကြရအောင်
ပြီးရင်
ဒီမှာ ၀ိုင်တွေအများကြီးရှိတယ်
ဝက်ပေါင်နဲ့ ၀ိုင်နဲ့ သောက်ကြတာပေါ့
ဟေး…တဲ့
အသံကြီးတစ်စုတစ်ခဲတည်းထွက်
ဘာဘီကျူးမီးဖို ဖိုလိုက်ကြတယ်
မီးပုံကြီးဘေးမှာကြည်ဝင်းမြို့က
သူ ပဲခူးရိုးမမှာ ကျခဲ့တာတဲ့
မြွေကြီး ခေါ် ဇော်ဝင်းတင့်က စစ်တောင်းမြစ်ဝှမ်းမှာ
သင်ကြီးခေါ် စာသင်ကြီးကတော့
အင်ဖာတိုက်ပွဲမှာ
အဲဒီမှာ လူဖြစ်တာ
ဒါဂျီလင်က လက်ဖက်ခင်းထဲမှာ နေနေပြီးမှ
ခုမှ ဒီရောက်လာရတာတဲ့
ကမ္ဘာကြီးဟာ ပြားတယ်တဲ့
ဟော…ဖော်ဝေးရယ်
ဝတ်ရုံအနီကြီးဝတ်ပြီးဖော်ဝေး၀င်လာ
အားလုံး ၁၅ မိနစ် ငြိမ်သက်စွာ အလေးပြုကြ။

(၁၁)
ငါတို့ သူငယ်ချင်းတွေ ပြန်ဆုံဖို့ဆိုတာ
ဘ၀အသီးသီးတိုင်းပြည်အသီးသီးက လာကြရတာ
ဒါအတွက် ငါတို့တွေ စိတ်မပျက်ခဲ့ကြဘူး
အါတို့မှာ
နတ်တွေတောင် မမြင်နိုင်တဲ့
ခွန်အားတွေအပြည့်ရှိတယ်
ကဗျာဆရာဟာ
တောင်ဝင်ရိုးစွန်းလည်း ဖြစ်တယ်
ကဗျာဆရာဟာ
ဥတ္တရယဉ်စွန်းလည်း ဖြစ်တယ်
ကဗျာဆရာဟာ
ဧ၀ရက်တောင်လည်း ဖြစ်တယ်
ကဗျာဆရာဟာ
မြေ၀ပ်ငှက်ကလေးလိုလည်း နေတတ်တယ်
ကဗျာဆရာဟာ
သတ္ထုတွင်းတူးသူလည်း ဖြစ်တယ်
ကဗျာဆရာဟာ
ကြယ်ကလေးလိုလည်း မှိတ်တုတ်မှိတ်တုတ် နေတတ်တယ်
ကဗျာဆရာဟာ
စစ်မုန်းသူလည်းဖြစ်တယ်
ဝေဟင်မှာ စာမရီငှက်ဖြစ်ပြီး
မြေပြင်မှာ ကေသရာဇာလည်း ဖြစ်တယ်
ရေပြင်မှာနဂါးဖြစ်တယ်
ကဗျာဆရာဟာ
ရေတွက်မရတဲ့ နာမ်တွေဖြစ်တယ်
မမြင်နိုင်တဲ့ စွမ်းအင်ရှိသူတွေဖြစ်တယ်
လက်ခုပ်သံတွေ တစ်ခန်းလုံး
အုန်းအုန်းကျွက်ကျွက်ဆူညံသွား။

(၁၂)
ဝက်ပေါင်နဲ့ ၀ိုင်တွေ အားလုံးသောက်
ဆိုချင်တဲ့သီချင်းတွေ အသံနက်ကြီးတွေနဲ့ဆိုကြ
ကြိုးတန်းဆွဲပြီး ဟိုဘက်သည်ဘက် ခိုစီးကြ
ကင်းမြီးကောက်ထောင်ပြီး လမ်းလျှောက်သူလျှောက်ကြ
ကျွမ်းထိုးသူတွေကလည်း
ရှေ့ကျွမ်းနောင်ကျွမ်းထိုးကြ
ဆန်ပြာင်းက အာဖရိကဗုံကိုနှက်လိုက်တော့
အားလုံးမြိုင်သွားပြီး ကကြပြန်ပြီ
ဗုံသံကလည်း မရပ်မနားကိုတီးလို့
အားလုံးကလည်း မရပ်မနားကို ကကြလို့
ပျော်စရာကြီးပါ
အခန်းကျယ်ကြီးထဲမှာ
ကဗျာဆရာတွေချည်းပဲ
ကဗျာဆရာမဟုတ်တာတစ်ယောက်မှ မရှိဘူး
ဟေး…
ကဗျာဆရာတွေကွ
ကမ္ဘာကြီးကို မျက်ခြည်မပြတ် စောင့်ကြည့်နေတာ
ပြီးရင် ကမ္ဘာကြီးကို အင်္ကျီချုပ်ဝတ်မယ်
တစ်ယောက်တစ်ခွန်းစီအော်ဟစ်ကြ
အားလုံးလဲမူးကုန်ကြပေါ့
ဒါပေမဲ့
တစ်ယောက်မှသတိမလစ်ကြပါဘူး
ဟော…နောက်ဆုံးဝင်လာ ရောက်လာတာက
ရော်ဇင်ဟု ခေါ် သိန်းဇက်
သူ့မျက်နှာက လင်းတနဲ့တူတယ်
သူ့ကဗျာကလည်း လင်းတရဲ့အတ္ထုပတ္တိတဲ့။

(၁၃)
ဒီကောင်ကြီးဝင်မူး
အာဖရိကဗုံသံတွေနဲ့ ကခုန်
အော်ချင်တာတွေအော်ဟစ်
ခဏနေတော့ ဗုံသံရပ်သွား
အဲဒီမှာ အောင်ချိမ့်အသံကြီးထွက်လာ
“ဟေ့…ကဗျာဆရာဆိုတာ ငါတစ်ယောက်တည်းပဲ ရှိရမယ်“
အောင်ချိမ့်ကြီးက ကဗျာဆရာတွေကိုသေနတ်နဲ့ပစ်ချလိုက်တော့
အားလုံး
အိုက်တင်အမျိုးမျိုးနဲ့ လဲကျသွားကြ
(သူပစ်တာက ရေသေနတ်နဲ့ ပစ်တာ)
ခဏနေတော့ အားလုံး တဟားဟားရယ်ပြီး ထလာကြ
ကဗျာဆရာဆိုတာ ဘယ်တော့မှမသေဘူး
သိထား…
မသေဆေးမြစ်ရှိတယ်
မရပ်နားတဲ့ မြစ်တွေရှိတယ်
အဲဒီလိုနဲ့
အခန်းကျယ်ကြီးထဲက ထွက်ဖို့ပြင်တော့
အခန်းကြီးဟာ ပဒုမ္ပာကြာဖက်ကြီးလို
အလိုလိုပွင့်ကျသွား
သူတို့အားလုံးမှာ
ကမ္ဘာသစ်ဝတ်စုံတွေ ၀တ်ပြီးဖြစ်နေတာ
အံ့သြဖွယ် တွေ့ရှိလိုက်ရတယ်။
မောင်ချောနွယ်
၁၃-ဇွန်-၂၀၀၁

ငါတို့ခေတ်

ငါတို့ခေတ်မှာ နိုင်ငံတော်ကပဲ
နိုင်ငံတော်သီချင်းဆိုသံ ပြန်ပြန်ပြီး လန့်နေရရှာတယ်
ငါတို့ခေတ်မှာ အမေရိကန် မုန်းတီးဝါဒီတွေကပဲ
အမေရိကန်ကို ဈေးရောင်းချင်ကြပြန်တယ်
ငါတို့ခေတ်မှာ အရင်အတိုင်း ပြန်ပြန်ဖြစ်သွားတဲ့

ညီမျှခြင်းတစ်ခု ရှိခဲ့ဖူးတယ်
ငါတို့ခေတ်မှာ အသစ်ဆောက်ထားတဲ့ တံတားကြီးတွေနဲ့
အကျင့်ပျက်ချစား မတရားတိုးတက်လာတယ်
ငါတို့ခေတ်မှာ လက်ဖက်ရည်ခွက်တွေသေးသေးသွားပြီး
စားပွဲထိုးတွေ ငယ်သထက်ငယ်လာတယ်
ငါတို့ခေတ်မှာ ချောင်းတစ်ခုအဖြစ် စီးခဲ့ဖူးတဲ့ ထမင်းရည်ဟာ
ရာဇ၀င်ထဲက ပုလင်းနဲ့ချင်ပြီး တိတ်တိတ်လေးရောင်းမှရတဲ့
အာဟာရတစ်ခု ဖြစ်လာဖူးတယ်
ငါတို့ခေတ်မှာ တင်ထားတဲ့ထီးတော်နဲ့
ပစ်သတ်ခံရတဲ့ သံဃာတော်တွေရှိတယ်
ငါတို့ခေတ်မှာ သာဿနာ့အလံဟာ
တော်လှန်ရေးအလံသစ် တစ်ခုထပ်ဖြစ်လာတယ်
ငါတို့ခေတ်မှာ ရန်သူတော်ရင်ချီးကျူးဖို့
ဟန်ပြင်ရင်းနဲ့ သူရဲကောင်းတွေအိုခဲ့ကြတယ်
ငါတို့ခေတ်ရဲ့ဟင်နရီဒူးနန့် ဟာ
စစ်ရေးပြမှာ ချီတက်နေရရှာတယ်
ငါတို့ခေတ်မှာ နည်းပညာအရကျွန်ပြုခံနိုင်ငံနဲ့
တစ်ပါးနိုင်ငံကျွန်ဖြစ်ခံ ပြည်သူဆိုတာရှိလာပြန်တယ်
ငါတို့ခေတ်မှာ တန်းစီမှခွဲတန်းရတဲ့ စားအုန်းဆီနဲ့
ဆီလျှော့စားဖို့ ကျန်းမာရေးပညာပေးရှိတယ်
ငါတို့ခေတ်မှာ မိုးလုံးပြည့်မုသာဝါဒဟာ

ပြည်တွင်းသတင်းမှာ အချိန်မှန်လာတယ်
ငါတို့ခေတ်မှာ အမှန်တရားဟာ

ရေဒီယိုထဲက ထွက်ကျလာတယ်
ငါတို့ခေတ်မှာ “ကိုယ်ထူကိုယ်ထ” နဲ့ “သံချပ်”ဟာ ပျောက်ဆုံးပြီး
“ကိုယ်အားကိုယ်ကိုး” နဲ့ “ဟစ်ဟော့”ဟာ စင်ပေါ်ရောက်လာခဲ့တယ်
ငါတို့ခေတ်မှာ စိစစ်ရေးခွင့်ပြုပြီးမှ
ကဗျာဆရာဟာ အဖမ်းခံရပြန်တယ်
ငါတို့ခေတ်မှာ

ကြက်ဆူပင်ဟာ လူတစ်ချို့လာမှ အစိုက်ခံရရှာတယ်
နောက်ဆုံး...

ဘ၀အသေ လူတွေနဲ့
ငါတို့ခေတ်ဟာ နွံနစ်ရရှာတော့တယ် ။ ။
ဂျိုး(ငြိမ်းချမ်းရေး)

နိဗ္ဗာန်ဘုံအထက်နားဆီက

* ငါ......
အမြင့်တနေရာက
ရပ်နေရာကမြင်မိ
အောက်နားမှာကြည့်.......
နာနာဘာဝ
ဝိနာဘာဝ
မကောင်းဆိုးဝါးတသင်း
ရုန်းရင်းဆန်ခတ်
မရပ်မနား ပြေးလွှားခုန်ပေါက်
ပေါက်မြောက် ဟစ်အော်
ဒုစရိုက်နွံထဲ နစ်နေဆဲ......။

* သူတို့ထဲက တစ်ယောက်
နောက်တောက်တောက် ပြီတီတီ
ငါ့ဆီ လှမ်းအော်
ဟေ့...ရဲဘော်ကြီး
သွေးသောက်ကြီးရေ
နောင်ကြီးရေ.....တဲ့။ ။


ကြည်ဇော်မိုး
[ "I stood upon a high place" by Stephen Crane"]
[ '၈၆ ဂန္ထ၀င်ပျိုးခင်း ကဗျာစာအုပ်မှ]

ဆင်ခြေဖုံး

ငါရဲ့လမ်းသွယ်လေးပါပဲ
မညီညာမှုတွေပါမယ်
နေမင်းထက်စောတဲ့ ခြေသံရယ်
အချိန်မမှန်တဲ့ မီးခိုးတွေရယ်
တချို့တိတ်လို့၊

ပေတံနဲ့တူတဲ့လူတွေ ထွက်လာမယ်
လူသစ်တွေရယ်
အရိပ်အကဲကြည့်နေတဲ့ ဗွီဒီယိုရုံရယ်
တိုးလာတဲ့ ရုပ်သံထောင်ချောက်တွေရယ်
ခြေထောက်နဲ့ ဘဏ်လေးရယ်
ကျွဲရိုင်းသံဗူးရောင်းတဲ့ သရေစာဆိုင်ရယ်၊

အိမ်ထောင်ကျသွားတဲ့ မိန်းကလေးတွေရှိမယ်
အိမ်ပြန်နောက်ကျတဲ့ ယောက်ျားပြန်လာမယ်
ဓာတ်တိုင်တွေ တချို့ လင်းလို့
နိုင်ငံတကာသတင်းလာချိန် ဆန်ဝယ်ထွက်တဲ့ကောင်လေး
အိမ်တွေကွက်လို့ မီးလင်းနေတုန်း
ငါပြန်ရောက်ခဲ့၊

မိုးလင်းတော့
လူဟောင်းတွေ လမ်းလေးပေါ် ခြေချော်နေဆဲ
လူသစ်တွေ ခြေကုပ်ကောင်းကောင်းနဲ့
မြို့ထဲကို ထွက်သွားကြရဲ့၊
ငါ့မှာတော့
စိတ်ကူးနဲ့လမ်းခင်းနေတုန်းပဲ။ ။
ရိုးမြေ
[စာပေစိစစ်ရေးရဲ့ ဆုတ်ဖြဲခြင်းခံရတဲ့ ကဗျာ ၁၉၉၇၊ ဇူလိုင်လ ထုတ်၊ စတိုင်သစ်မဂ္ဂဇင်းမှ ]

သရဲရထား (ငြိမ်းအေးအိမ်)

အပိုင်း(၁)

ကျွန်တော်တို့ သည် ခရီးတခုကိုသွားရန် အဆင်သင့်ဖြစ်နေကြပါပြီ။စိတ်ညစ်ညူးဖွယ် ကောင်းသော ငရဲ (သို့မဟုတ်) ၎င်းနှင့် ဆင်ဆင်တူကောင်း တူနိုင်သည့် အရပ်တခုဆီသို့ အ လည်အပတ်သွားရန် အသင့်ဖြစ်နေကြခြင်း ဖြစ်၏။ကျွန်တော်တို့သည် နှစ်ပေခန့်ကျယ်သော သံလမ်း တခုပေါ်တွင် တင်ထားသည့် ရထားသေးသေး လေး တစီးပေါ်တွင်ထိုင်ရင်း ခရီးစတင်မည့် အချိန်ကို စောင့် စား နေကြသည်။

ရင်ခွင်ထဲတွင် ငါးနှစ်အရွယ် သားငယ်ကို ပွေ့ဖက်ထားရင်း လမ်းခရီးတွင် တွေ့ကြုံရမည့် အတွေ့ အကြုံ သစ်များကို စိတ်ကူးဖြင့် တေွးကြည့်နေမိသည်။
ထိုစဉ် ဘယ်ဘက် လက်မောင်းပေါ်တွင် တဒိတ်ဒိတ် သွေးတိုးသံတခု ဖြစ်ပေါ်နေကြောင်း အထိအတွေ့ဖြင့် ခံစား လိုက်ရ၏။ ထိုသွေးတိုးသံတို့သည် ကျွန်တော့် ဘယ်လက်မောင်းနှင့် ထိကပ်နေ သော သားငယ်၏ ရင်ဘတ်မှ ထွက်ပေါ်နေခြင်းဖြစ်သည်။

ကျွန်တော့်သားငယ်၏ နှလုံးသားဆီမှ ကြောက်ရွံ့ခြင်း(သို့မဟုတ်)စိတ်လှုပ်ရှားခြင်းကြောင့် ဖြစ်ပေါ်နေသည့် နှလုံးခုန်သံ မြန်မြန်များသည် တဒိတ်ဒိတ် သွေးတိုးသံတို့ကို ဖြစ်စေ၏။

ကျွန်တော့်ဘေးတွင် ကပ်ထိုင်နေသည့် ဇနီးသည် သူ့ရှေ့တူရူရှိ (ကျွန်တော်တို့ ဖြတ်သန်းဝင်ရောက် ရမည့်) တံ ခါး ပေါက်ကို ငြိမ်သက်တိတ်ဆိပ်စွာ ငေးကြည့်နေသည်။ သူလည်း စိတ်လှုပ်ရှားနေပုံ (သို့မဟုတ်) ကြောက်နေပုံ ရသည်။
ဘာကြောင့် သည်လို ခရီးစဉ်မျိုး၊ အစီအစဉ်မျိုးကို ကျွန်တော်တို့ ရွေးချယ်လိုက်မိကြပါလိမ့်ဟု တွေးနေမိသည်။ ကျွန်တော်တို့ ကိုယ်တိုင် စိတ်တိုင်းကျ ရွေးချယ်လိုက်ကြသည်လား။ အကြောင်း ကြောင်းက ကျွန်တော်တို့ကို ရွေးချယ်ပေးလိုက်သည်လား။


လူ့သဘာဝသည် အကြောက်တရားနှင့် စိတ်လှုပ်ရှားမှုကို အဟာရတခုလို မက်မက်မောမော သောက် သုံး လို တတ်သည့် သဘောရှိပါသလား။
ကျွန်တော်သည် သားလေးလက်ထဲသို့ ပစ္စတိုသေနတ်ကို ထည့်ပေးလိုက်၏။ ပြီးမှ ပြန်ယူကာ ကျည်ဆံများ ဖြည့် ပေးနေမိပြန်သည်။ အားလုံးပေါင်း ပလတ်စတစ်ကျည်ဆံလုံးလေးများ ရှစ်လုံးတိတိ။
သူ့သေနတ်ထဲသို့ ကျွန်တော် ကျည်ဆံဖြည့်ပေးနေချိန်တွင်၊ သားသည် သေနတ်ကို စူးစူးစိုက်စိုက် ကြည့် နေသည်။ သူကျေနပ်နေပုံ (သို့မဟုတ်) စိတ်လုံခြုံမှု တစုံတရာ ရရှိနေပုံပေါ်သည်။
ဤ ကျည်ဆံမကုန်မီ ခရီးစဉ် ပြီးဆုံးပါ့မလား။ ကျွန်တော်မသိပါ။
ဤသေနတ်ဖြင့် မည်သည့်ရန်ကိုမျှ မကာကွယ်နိုင်ကြောင်းတော့ ကျွန်တော်သိပါသည်။ ကျွန်တော် သိသလို သား လေး မသိသည်မှာ ကံကောင်းသည်။ လောလောဆယ်ဆယ် ထိုကလေးအတွက် သူ့ ကစားစရာ သေ နတ်လေးသည် အဖေ့ရင်ခွင်မှ လွဲလျင် ကြီးမားသော အားကိုးရာ တခုဖြစ်၏။ ရှေ့ဆက် ကျွန်တော်တို့ ကြုံရမည့်ခရီးတွင် ကျွန်တော်တို့ကို ရန်သတ္တုပြုမည့်၊ ချောက်လှန့်မည့်၊ စိတ်အနှောင့် အယှက်ဖြစ်စေမည့် အစီ အစဉ်များဖြင့်သာ ပြည့်နှက်နေမည်မှာ သေချာသည်။
ကျွန်တော်တို့သည် သူများစိတ်တိုင်းကျ (သူတို့အလိုကျ) ပြုပြင်ဖန်တီး ကျုံးသွင်းထားသည့် ၀န်းကျင်တခုထဲသို့ မိမိကိုယ်ကို (သိလျက်နှင့်) ပစ်ထည့်လိုက်သင့်ပါသလား။
ဤသို့ သေချာနေပါလျက် ထိုခရီးကို သွားရန် ကျွန်တော်တို့ ဘာကြောင့်ရွေးချယ်ခဲ့ကြပါသလဲ။ မသိပါ။
ကျွန်တော်ရွေးချယ်ခဲ့သည့် ခရီးလား။ ကျွန်တော့်ဇနီး ရွေးချယ်ခဲ့သည့် ခရီးလား။ ကျွန်တော့် သားငယ် ပူဆာ၍ လိုက်ပို့ဖြစ်သည့် ခရီးလား။ မသိပါ။
မည်သို့ဆိုစေ ကျွန်တော်တို့သည် ခရီးတခုကို အစပျိုးရန် အသင့်ဖြစ်နေသည်မှာတော့ အမှန်ပင် ဖြစ်သည်။
စူးရှသော ၀ီစီသံ တချက်ကြားလိုက်ရ၏။
သိမ့်ကနဲ တုန်သွားသော ခံစားမှုတခုကို ရလိုက်သည်။ ခန္ဓာကိုယ်များ ယိမ်း လှုပ်သွားခဲ့၏။
ကျွန်တော်တို့သည် ခရီးတခုကို အမှန်တကယ်ပင် စတင်ခဲ့ပါပြီ။ ရထားသည် ကျွန်တော်တို့အား ခရီးတခုဆီသို့ ခေါ်ဆောင်သွားခဲ့ပြီ။ တကျွိကျွိ တအိအိမြည်သံများနှင့်အတူ ရထားငယ်သည် ပိတ်ထားသော ဆင်နား ရွက်တံခါးတခုကို သူ့ဦးခေါင်းဖြင့် တိုးဝှေ့လိုက်သည်။ ထိုတံခါးသည် တကျွိကျွိ တအိအိမြည်ရင်းပင် ပွင့်သွားခဲ့ပြီ။
ကျွန်တော်တို့သည် အလင်းမှလာသူများ ဖြစ်သော်လည်း တံခါးကို ဖြတ်ကျော်လိုက်သည်နှင့် အမှောင်ထဲ ရောက်ရှိသွားကြသည်။ ပိန်းပိတ်မှောင်တော့ မဟုတ်။ အနီနှင့် ခရမ်းဖျော့ဖျော့ စွက်ထားပြီး ပြပြ အလင်း သာရှိသော အတော်မှောင်သည့် အမှောင်ဖြစ်သည်။ ပြန်ဆုတ်ခွင့်မရှိသော ခရီးတခုကို ကျွန်တော်တို့ စတင် ခဲ့ပါပြီ။ လမ်းခရီးတလျှောက် ကြုံတွေ့ရမည်များကို ဆန္ဒရှိသည်ဖြစ်စေ၊ မရှိသည် ဖြစ်စေ၊ လက်ခံ ဖြတ်သန်း ရုံမှတပါး အခြားနည်းလမ်း မရှိတော့ပါ။
မြင်ကွင်းသည် အမှောင်ကို အလင်းက လုနေ၏။ အလွန်အင်အားနည်းပါးလှသော အလင်းမှုန်မှုန် လေးကို အ မှောင်က ပျက်ရယ်ပြုနေ၏။ အလွန်အင်အား နည်းပါးလှသော အလင်းမှုန်မှုန်ကလေးကို အမှောင်က ပျက်ရယ် ပြုနေ၏။
ရယ်သံလိုလို၊ ညည်းသံလိုလို၊ ခြိမ်းခြောက်သံလိုလို အသံများ ၀န်းကျင်တခုလုံးတွင် ထွက်ပေါ်နေ သည်။ စိတ် ဓါတ်ကို စတင် ချိုးဖဲ့ဖျက်ဆီးဖို့ ကြိုးစားနေသော အစီအစဉ်ဖြစ်သည်။ သားငယ်၏ ခန္ဓာကိုယ် သည် တချက် တုန်သွားသည်။ ကျွန်တော်က သားငယ်၏ လက်ကို တင်းတင်းဖျစ်ညှစ်လိုက်ရင်း-
"သားမကြောက်နဲ့ မင်းသေနတ်ကို အသင့်ချိန်ထား"
ဟုအားပေး၍ သူ့သေနတ်လေးကို ကျွန်တော့်လက်ဖြင့် အုပ်မိုးကာ ပတ်ဝန်းကျင်ကို ချိန်ရွယ် ပစ်ခတ်ဟန် ပြုလိုက်သည်။ ကလေး၏ စိတ်ဓါတ်ကို အရေးပေါ် အားမာန် ဖြည့်သွင်းပေးသည့် ကြိုးပမ်းမှု ဖြစ်သော်လည်း ဤနေရာသို့ ထိုကလေးကို ခေါ်လာမိသည့် လွဲချော်လွန်းလှသော အစီအစဉ်ကိုတော့ ထိုလုပ်ရပ်က ချေဖျက် နိုင်စွမ်းမရှိမှန်း ကျွန်တော် သိရှိနောင်တ ရနေမိသည်။
သုံးနိုင်စွမ်းရည်မရှိသော သူ့သေနတ်လေးအကြောင်း (သည်ကလေး) မတွေးမိစေဖို့ ကြိတ်ဆု တောင်းနေမိ၏။
ကျွန်တော့ ဘယ်ဘက်လက်မောင်းပေါ်တွင် ခပ်ပြင်းပြင်း ဆုပ်ညှစ်လိုက်သော လက်သည်းရှည်များ စူးနစ်ဝင် ရောက်လာသည်။ စနစ်တကျ စိတ်ဓါတ်ဖြိုခွဲခြင်းဒဏ်ကို စတင်ခံစားလိုက်ရသော မိန်းမသား တယောက်၏ ခံစားမှုပြယုဂ်ဖြစ်သည်။ လူများ၏ စိတ်ဓါတ်ကို ဖျက်ဆီးနှိပ်ကွပ်ပစ်ဖို့ စနစ်တကျ မကြံစည်အပ်မှန်း ဘာကြောင့် လူတွေ သတိမမူ မိကြပါသလဲ။
တုန်ယင်သလို ရှိသော်လည်း ထိမ်းသိမ်းထားသော အသံဖြင့်-
"သားသား၊ မကြောက်နဲ့၊ အကောင်တွေ့ရင် သေနတ်နဲ့ ပစ်"
အမေ၏ သားကို အားပေးစကား မဆုံးလိုက်ပါ။ ကျွန်တော့ ညာဖက် အပေါ်ထောင့်မှ အ၀တ်ဖားလျားနှင့် သရဲရုပ်ကြီးတရုပ် ပြိုကျလာပြီး၊ သူ့ညာလက် ဖတ်လပ်ကြီးနှင့် ကျွန်တော့် မျက်နှာဆီသို့ လှမ်းရိုက်လိုက်သည်။
"သား ပစ်၊ ဒိုင်း ဒိုင်း ဒိုင်း" အော်ဟစ်အားပေး၍ ကလေးလက်ကို ဆွဲကာ သေနတ်သေးသေး လေးနှင့် ထို အရုပ်ကို ပစ်ဟန်ပြုရင်း သူ့ရိုက်ချက်ကို ခေါင်းငုံ့ရှောင်လိုက်ရ၏။ ထိုအချိန်တွင် ကျွန်တော် ကြောက်ရွံ့ နေခဲ့ပါသလား။
မကြောက်ပါ။
'တာရာမင်းဝေ' ၏ 'အရုပ်မြို့တော်' လို၊ ပျော်စရာမကောင်းသော၊ စိတ်ရှိတိုင်း ကန့်လန့်တွေးရင်း ရယ်မောပစ်ဖို့ မ ကောင်းသော အရုပ်များနှင့် တွေ့ဆုံရမည်ကို သိထားနှင့်ပြီး၊ ကျွန်တော့်စိတ်ကို ကြိုတင်ပြင်ဆင် ထား ခဲ့ပြီးသောကြောင့် ဖြစ်ပါသည်။
ရထားဘီးသည် တကျွိကျွိ တအိအိ မြည်နေ၏။
အမှောင်ကို ခရမ်းပြာနှင့် အနီကျဲကျဲတို့ ဆိုးပက်ထား၍ ထိုအရောင်တို့သည် စိတ်ကို ခြောက်ခြား စေသည်။ အ လုံပိတ်ခန်းဖြစ်၍ လေမသန့်။ ဖုံနံ့များ မွှန်နေသည်။ အော်ညည်းသံ တုန်တုန်ရီရီတို့က အဆက်မပြတ် ပျံ့လွင့်နေ၏။ ထိုဝန်းကျင်သည် သူ့ရည်ရွယ်ချက် ပေါက်မြောက်အောင် ကစားကွင်း ဖန်တီးရှင်တို့ စိတ်တိုင်းကျ ပြုပြင်ထားသော ၀န်းကျင်ဖြစ်သည်။
လူတို့ စိတ်ဓါတ်ကို အကြောက်တရားတို့ဖြင့် ဖိညှစ်အနိုင်ယူထားသည့် အချိန်ကာလများ ဖြစ်သည်။
ထိုအခြေအနေတွင် နေပျော်ပါမည်လား မိတ်ဆွေ။
ကျွန်တော်တို့ မိသားစုကတော့ ပြန်ဆုတ်ခွါခွင့်မဲ့ ရထားသံလမ်းတခုပေါ်တွင် သူခေါ်ရာသို့ လိုက်ပါ သွားနေရပြီ ဖြစ်သည်။
ရထားတစီး၊
စိတ်ညစ်ညူးဖွယ်ဖန်တီးထားသော ၀န်းကျင်၊
အမှောင်များ၊
မိသားစု သုံးယောက်၊
လေထုညစ်ထပ်ထပ်၊
ညည်းညူသံများ၊ လေတိုးသံများ။
အမှောင်၊ မိသားစုသုံးဦး၊ ရထားတကောင်၊ သံလမ်းတချောင်း၊ ဖုန်နံ့စူးရှရှရှိသောလေ၊ သံလမ်းကို ပွတ်ကြိတ်သံ တဂျိမ်းဂျိမ်း၊
ကြိုတင်စီစဉ်ထားသောဝန်းကျင်၊
အကြောက်တရား၊
ဖိစီးခြင်း၊
ခြိမ်းခြောက်မှုများ၊
နီကျင်ကျင်မီးရောင်၊
လူတို့ဖန်တီးထားသည့် အခြေအနေ၊ ရထားတရုပ်၊ မိသားတစု၊ သူလိုရာသွားမည့် သံလမ်းတစုံ။ အစွမ်းရှိသလောက် ခြောက်လှန့်တတ်သော အရုပ်များ။
အလုံခန်းတခုထဲတွင် ကျွန်တော်တို့ မိသားတစုသာ။
သံလမ်းသည် အကွေ့တခုဆီသို့ လှည့်ပတ် ၀င်ရောက်လိုက်၏။ အကွေ့တိုင်းသည် အပြောင်းအလဲ တခုစီကို ပိုင်ဆိုင်ထားတတ်ကြောင်း ကျွန်တော်တို့ မမေ့ထားသင့်ပါ။
ကျွန်တော်တို့ ပန်းရောင်စုံပွင့်ဖတ်များ ကျရောက် မျောပါနေပြီး၊ ရေကြည်ကြည် စီးနေသော စမ်းချောင်းတခုမှ ရေဖြင့် မျက်နှာသစ်ချင်လာသည်။
နားထဲသို့ တဂျုန်းဂျုန်း တဂျိမ်းဂျိမ်း မြည်နေသော အမျိုးအမည်မသိ ယန္တရားတခု၏ အသံ ၀င်ရောက်လာသည်။ ညာဖက်သို့ စောင်းငဲ့ကြည့်လိုက်တော့ တီဗွီဇာတ်လမ်းတွဲများတွင် မြင်ဖူးနေကျ ပြည်သူ့တရားရှင်ကြီး 'ပေါင်ချိန်' နှင့် သူ့ အပေါင်းအပါများ။
တီဗွီဇာတ်လမ်းတွဲများတွင်၊ အမှန်တရားမြတ်နိုးလွန်းသူကြီး၊ သမာသမတ်ရှိလွန်းသူကြီး 'ပေါင်ချိန်' သည် ဤအ ခန်းထဲတွင်တော့ လူများကို ခြောက်လှန့်ခြိမ်းခြောက် သူကြီး ဖြစ်နေသည်ကို တွေ့ရ၏။ သူ့လက်ထဲမှ သစ်တုံးတခုဖြင့် သူ့စပွဲကို တဒုန်းဒုန်းထုနေသည်။ သူ့ရှေ့ရောက်လာသူ ဘယ်သူကိုမဆို တရားခံအဖြစ် ပြစ် ဒဏ်ချမည့်သဘော။ သူ့အခြံအရံများ အားလုံးကလည်း ရထားပေါ်ပါလာသူ မှန်သမျှကို တရားခံလိုသ ဘောထားကာ ခပ်တင်းတင်း ခပ်ရဲရဲကြည့်နေကြသည်။ ခွေးခေါင်းဓါးစက် ကြီးက ပါးစပ်ဟဖြဲကာ လူတိုင်း၏ ခေါင်း ကို သွေးသံရဲရဲ ဖြတ်ချလိုက်မည့်ဟန်။
ကျွန်တော် မအံ့သြဖြစ်ပါ။
အရာရာသည် စီမံခန့်ခွဲသူတို့ ဖန်တီးထားသော အခြေအနေ အကြောင်းတရားများပေါ် မူတည်ပြီး ဖြစ်လိုရာ ဖြစ်တတ်သည့် သဘောကို စဉ်းစားမိလိုက်သောကြောင့် ဖြစ်ပါသည်။
သေနတ်ကိုင်ထားသော ကျွန်တော်တို့ သားအဖ၏ လက်များသည် တင်းကနဲ ဖြစ်သွားပြီး၊ 'ပေါင်ချိန်' ၏ နဖူးတည့်တည့်ကို ချိန်ရွယ် ပစ်ခတ်လိုက်ကြသည်။ ထိုလှုပ်ရှားမှုသည် ကျွန်တော်တို့ သားအဖနှစ်ယောက် လုံးဝ တိုင်ပင်ထားခြင်းမရှိသော တိကျလှသည့် ချိန်ကိုက်လှုပ်ရှားမှုတခု (လွန့်တုန့်မှု) တခုသာဖြစ်သည်။
ထိုစိတ်သည် မတရားမှုကို ရွံမုန်းသောစိတ်၊ ဖိနှိပ်ခြင်းကို ရုန်းကြွတုန့်ပြန်သောစိတ် ဖြစ်မဖြစ် စိတ်ပညာရှင်တို့ စိစစ်စေချင်သည်။ မတော်မတရား နှိပ်စက်သည်ဟု မြင်လာလျှင် အမှန်တရား၏ သင်္ကေတအဖြစ်( နှစ်သက်ခဲ့ စုံမက်ခဲ့သော) 'ပေါင်ချိန်' ကိုပင် ပစ်သတ် လိုက်ဖို့ ၀န်မလေးသော စိတ်တခုကို တွေ့လိုက်ရသည်။ ထိုစိတ်သည် မွေးဖွားလာသည့် လူသားတိုင်း၏ ရင်ထဲသို့ သဘာဝတရားက ထည့်သွင်းပေးလိုက်သော အမြုတေဓါတ်တမျိုး ဖြစ်နိုင်သည်။
ပေါင်ချိန်ကြီး တို့ ကျန်ရစ်ခဲ့ပြီ။
ရထားကတော့ ကျွန်တော်တို့ကို တင်ဆောင်ကာ ဆက်လက်ရွေ့လျားသွားလာရင်း ခြောက်လှန့်မှု အဆင့် ဆင့်ဆီသို့ ခေါ်ဆောင်သွားနေဆဲ ဖြစ်၏။
ကွေ့ချိုးတခုသို့ ရထားကွေ့ချလိုက်သည်။
'အား' ကနဲ အော်သံတခု ထွက်လာသည်။ ဇနီးနှင့် သားငယ်ထံမှ ဖြစ်သည်။ သူတို့ ခေါင်းငုံ့လိုက်ကြ သည်။ သား က ကျွန်တော့်ရင်ခွင်ထဲ ကြုံ့ဝင် စီးကပ်နေ၏။ ကျွန်တော့် ညာလက်က သူတို့နှစ်ဦး ကိုယ် ပေါ်မှ ကန့်လန့်ဖြတ် မိုးကာပြီး ဖြစ်နေသည်။
မမြင်ကွယ်ရာမှ ပါးပျဉ်းထောင်ထားသော မြွေတကောင်ကျွန်တော်တို့ကို ပေါက်သတ်မည့်ဟန်ဖြင့် ရုတ်တရက် ထိုးထွက်လာသောကြောင့် ဖြစ်၏။ စက္ကူမြွေရုပ်ဖြစ်သော်လည်း ထိုအခိုက်အတန့်တွင် အရုပ်ဟု မမြင်နိုင် မထင်နိုင်ပဲ ကြောက်လန့် နေခဲ့ကြသည်။
ကျွန်တော် နည်းနည်းရယ်ချင်လာသည်။
ကိုယ့်ချွေးနည်းစာငွေကြေးကို ရက်ရက်ရောရောပေးပြီး ကိုယ့်စိတ်ဓါတ်ကို နှိပ်စက်ခံနေသည့် ကျွန်တော် တို့မိ သားစုအဖြစ်ကို ပြန်စဉ်းစားတွေးမိ၍ ဖြစ်သည်။
ကျွန်တော်တို့တတွေသည် ကိုယ်ရသင့်သည်များကို ထိုးအပ်၍ ဘယ်နှစ်ကြိမ် ဘယ်နှစ်ခါများ နှိပ်စက်ခံခဲ့ကြ ဖူးပါသလဲ။

အပိုင်း (၂)

ရုပ်ရှင်များ၊ ဗွီဒီယိုဇာတ်ကားများထဲတွင်တော့ 'ခြောက်နှစ်ခန့်ကြာသော်' ဟု စာတမ်းထိုးကြမည် ထင်သည်။
သရဲရထား၊ အပိုင်း(၁)ဟု ခေါင်းစဉ်တပ်ထားသော အထက်ပါ အရေးအသားကို ကျွန်တော် ရေးသားခဲ့သည်မှာ လွန်ခဲ့သော (၆)နှစ်ခန့် (၂၀၀၀ ပြည့်ဝန်းကျင်က) ဖြစ်ပါလိမ့်မည်။ ထိုစဉ်က အသက်ငါးနှစ်သားဟု ဖော်ပြ ထားသော ကျွန်တော့ သားငယ်သည် ယခုအခါ (၁၁)နှစ်သားအရွယ် ရောက်နေပြီ ဖြစ်သောကြောင့် ထိုသို့ ခန့်မှန်းမိခြင်း ဖြစ်သည်။
ထိုအရေးအသားကို ဘာ့ကြောင့် ပြီးဆုံးအောင် ကျွန်တော် ဆက်မရေးဖြစ်ခဲ့သည်ကို အမှတ်မရတော့၊ မသိ တော့ပါ။ ၂၀၀၆ နှစ်ဦးတွင် ကျွန်တော်တို့ သားအဖ ဓါတ်ပုံဟောင်းဖိုင်များ ရှာဖွေ ရာမှ ထိုရေးလက် စကလေးအား အမှတ်မထင် ပြန်လည်တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ' ကျွန်တော်၏ စာပေ ဆိုင်ရာ အားထုတ်မှုများ' ဟူသော ဖိုလ်ဒါ (Folder) ကြီးအောက်ရှိ 'ရေးလက်စများ' ဟူသော ဖိုလ်ဒါ ထဲတွင် ဖိုင် (File) တခုအနေဖြင့် ပြန် လည် တွေ့ရှိခဲ့ကြပါသည်။
ယခုအခါ မြန်မာစာကို အတန်ငယ်ချောအောင် ဖတ်ပြုနိုင်နေပြီ ဖြစ်သော အလယ်တန်း ကျောင်းသားလေးက သူကိုယ်တိုင် ပါဝင်ခဲဖူးသော နေ့ရက်တခု၊ ကစားနည်းတခုအကြောင်းကို ပြန်ဖတ် ရသောအခါ အလွန် သဘောကျသွားပြီး ဖခင်ဖြစ်သူ ကျွန်တော့်အား ပြီးဆုံးအောင် ဆက်ရေးရန် တိုက်တွန်းခဲ့သည်။ သို့သော် သူ့ဆန္ဒအား ကျွန်တော် မဖြည့်ဆီးနိုင်ခဲ့ပါ။ ထိုနေ့က ဖြစ်ပျက်ခဲ့သော အကြောင်းအရာများကို ကျွန်တော့် မှတ်ဥာဏ်က မှိန်ဝါးလိုက်ခြဲ့ပီ ဖြစ်သည်။ မြွေကြီးပြီးတော့ ဘာကောင်တွေနဲ့ တွေ့ခဲ့လဲ။ ကျွန်တော်တို့ တွေ့မြင် ခဲ့ကြရသည်မှာ အရိုးစုတွေ၊ လူသေအလောင်းလိုမျိုး တွေ၊ ဖုန်နံ့မွှန်ထူထူတွေ၊ မှောင်မဲမဲနီရဲရဲ အလင်း အမှောင်တွေပဲ ဖြစ်ပါလိမ့်မည်။ ဆိုရလျင် စိတ်ပျက်စရာ မြင်ကွင်းများ၊ အသံများ၊ အနံ့များသာ ရရှိခဲ့ကြပြီး မည် သည့် ပျော်ရွှင်ချမ်းမြေ့ဖွယ်မျိုးမှ တွေ့ကြုံခဲ့ရသည် မဟုတ်ပါ။
ခြိမ်းခြောက်၊ ခြောက်လှန့်ခံရမှု၊ စိတ်ဖိစီးခံရမှု၊ သက်တောင့်သက်သာမရှိမှု၊ ဟူသောခံစားမှုများ အတွက် အချိန်နှင့် ငွေများပေးပြီး၊ ကစားခဲ့ကြပြီးဖြစ်သည်။ မှတ်မှတ်ရရ ကျွန်တော်တို့ မိသားစု အနေဖြင့် ထို တကြိမ်နောက်ပိုင်းတွင် သရဲရထား မစီးဖြစ်ကြတော့ပါ။ ဖန်တီးသူတို့ စိတ်ကြိုက် စီမံခန့်ခွဲထားသော ဘောင် တခု၊ ၀န်းကျင်တခုထဲတွင် ထိုသူတို့ စိတ်တိုင်းကျ အနှိပ်စက်ခံရသော ဘ၀မှ လွန်မြောက်၊ လွတ်မြောက်ခဲ့ကြပြီ ဖြစ်သည်။ သို့သော် ထိုအရာမှာ ကစားနည်းတခု ကစားကွင်းတခုသာ ဖြစ်ကြောင်း ကျွန်တော်တို့ မမေ့ခဲ့ပါ။
ကစားနည်းတခုကို မကစားခြင်းဖြင့်လည်းကောင်း၊ ကစားကွင်းတခုကို မသွားရောက်ခြင်းဖြင့် လည်းကောင်း၊ ရှောင်ကွင်းနိုင်သော်လည်း ဘ၀ကစားကွင်းအတွင်းရှိ ကိုယ်မကစားလိုသော ကစားနည်းကို မည်သို့ ရှောင် ကွင်းရမည်ကို ကျွန်တော်မသိခဲ့။ နည်းလမ်းမရှိခဲ့။
သရဲရထားစီးနည်းသည် ပိန်းပိတ်အမှောင်နှင့် မီးအလင်းမှိန်တို့ကို အားပြုတည်ဆောက်ထားသော ၀င်္ကပါ ကစားကွင်း တခုဖြစ်လျင် ဘ၀သည် နေ့အလင်းနှင့် ညအမှောင်တို့ကို အားပြုတည်ဆောက်ထား သော ၀င်္ကပါ ကစားနည်းတခုသာ ဖြစ်ပါလိမ့်မည်။
သရဲရထား ကစားနည်းတွင် ကျွန်တော့်သားက ပလတ်စတစ် သေနတ်ကို ကိုင်တွယ်ခဲ့သော်လည်း ဘ၀တွင်မူ ကျွန်တော်က သံမဏိသေနတ် ကိုင်ကောင်း ကိုင်ရမည်။ တရားမျှတသင်္ကေတ ' ပေါင်ချိန်' ကြီးက မြင်မြင် သမျှကို သတ်ဖြတ်ပြဖို့ ဒေါသကြီးနေသလိုမျိုး၊ ဘ၀ထဲတွင် အမှန်တရား၏ ပက်ပက်စက်စက် ခြိမ်းခြောက်မှုကို မခံ ရနိုင်ဟု မည်သူမျှ ကံသေကမ္မ မပြောနိုင်။
တကယ်တော့ ကျွန်တော်တို့သည် ရှင်သန်နေထိုင်ရသမျှ အချိန်တွင်း၊ ကွေ့ပေါင်းများစွာမှ ခြိမ်းခြောက်မှုများစွာ အချိန်မရွေး ထွက်ပေါ်လာနိုင်သည့် ဘ၀၀င်္ကပါထဲတွင် သရဲရထား စီးနေကြရခြင်း မျှသာ ဖြစ်သည်။
ကစားကွင်းမှ သရဲရထားတွင် ရထားစီးနေရချိန် ရှိသည်။
ကျွန်တော့်ဘ၀တွင် ကျွန်တော် ရှင်သန်နေခွင့်ရ အချိန်ရှိသည်။
ကစားကွင်းက ရထားတွင် ခရီးဆုံးထွက်ပေါက်ရှိသည်။
ကျွန်တော့်ဘ၀တွင် ခရီးဆုံးထွက်ပေါက် ဘယ်မှာရှိပါသလဲ။
မေးခွန်းများသည် ရထားတစီးစာမက လေးလံစွာ ကိုယ်ပေါ်ပိကျလျက်။


ငြိမ်းအေးအိမ်
[အခြေအနေ အကြောင်းတစုံတရာကြောင့် စာရေးသူထံမှ ခွင့်ပြုချက်မယူနိုင်ခြင်းကို ခွင့်လွှတ်နားလည်ဖို့ တောင်းပန်ပါတယ်]

တည်ကိန်း၊ ရလဒ်၊ အကြွင်း -မသီတာ(စမ်းချောင်း)

ဆယ်စုနှစ်တစုမက ကျော်လွန်ခဲ့ပြီ ဖြစ်သည်။
သူ ကတော့ သူ သာ ဖြစ်လေသည်။
xxxx xxxx
ဆယ်စုနှစ်တစု၏ ဟိုမှာဘက်တုန်းက ဖြစ်သည်။
သူ့အခန်းမှာ သာမန် နံရံဖြူဖြူ အခန်းလေးတခန်းသာပဲ ဖြစ်ခဲ့သည်။ ကြွေပြား၊ နံရံကပ်စက္ကူ စသဖြင့် ရေပန်းမစားသေးသော ကာလ ဖြစ်သည်တကြောင်း၊ သူ့မှာလည်း မိသားစု ငါးဦးကိုပင် ၀မ်း၊ ခါး၊ ၀အောင်၊ လှအောင် ကြိုးပမ်းနေရသောကာလ ဖြစ်သည်ကတကြောင်း တို့ကြောင့် သူ့အခန်းနံရံ သည် ဖြူသည်ဆိုရုံလေး ဖြူသည့် အင်္ဂတေနံရံသာ ဖြစ်ခဲ့လေသည်။
သို့သော် ထိုနံရံထက်မှာက မိသားစုဓာတ်ပုံ၊ ယွန်းပန်းချီ၊ အ၀တ်မျိုးစုံ လှမ်းထားသည့် ကြိုးတန်း....။ သည်းချာတို့၏ ပုံရိပ်များ....။ လေးပေမီးချောင်း၏ ဖြူဝင်းသော အလင်းအောက်မှာ မဖြူ့တဖြူ နံရံမှ အလင်းပြန်နှင့် ဖြူလွသော သူ့ရှပ်အင်္ကျီမှ ရောင်ပြန်က သည်းချာတို့ပေါ် လုံခြုံစွာ လွှမ်းခြုံ...။ "ဝေးသော အတိတ်" မှ အဖြူရောင် ကားချပ်။
xxxx xxxx
ဆယ်စုနှစ်တစုမက ကုန်လွန်ခဲ့စဉ်က ဖြစ်သည်။
သူ့အခန်းမှာ နံရံဖြူအခန်းလေးတခန်းတော့ ဖြစ်နေခဲ့ပြန် သေးသည်။ သို့သော် စာတမ်းနေ့စွဲ၊ လက်မှတ်၊ အမှတ်အသား၊ ကွမ်းသွေး အညစ်အကြေး စသဖြင့် အမျိုးမျိုးအဖုံဖုံ စွန်းထင်းကွက်ကြား နေသည့် နံရံပေါင်းများစွာကို သူ အဖော်လုပ်ခဲ့ရခြင်း ဖြစ်သည်။ ၀ပ် ၆၀ မီးသီး၏ ၀ါကျင်ကျင် အလင်းဖျော့အောက်မှာ ဖြူတူတူ နံရံမှ အငွေ့ပြန် အပူလှိုင်းနှင့် ဖြူညစ်ညစ် သူ့ တူညီအင်္ကျီဖြူမှ အနွေးထန်မှိုင်းတို့က အိပ်မက်ရီဝေတို့ကို မီးမြှိုက်...။ "မဝေးသော အတိတ်" မှ ဖြူဝါ၀ါ ကန့်လန့်ကာ...။
xxxx xxxx
ဆယ်စုနှစ်တစု၏ ဟိုမှာဘက်တုန်းက ဖြစ်သည်။
နံရံဖြူ့တဖြူထက်မှာ သည်းချာတို့၏ အရိပ်က တစစ ကြီးပြင်းလာခဲ့...။ လက်ရုံးရည်၊ နှလုံးရည်၊ ပညာရည်တို့ ပြည့်လျှမ်းသည့် သည်းချာများအဖြစ် သူ က မြင်ယောင် စိတ်ကူးခဲ့....။ သူ့စိတ်ကူး ပိတ်ကားချပ် နံရံဖြူ့တဖြူထက်မှာ သည်းချာတို့၏ အနာဂတ်ပုံရိပ်။ အလင်းအောက်မှာ မှိန်နေသည့် ပုံရိပ်များ။
မှန်သည်။ သူ့အရင်က သူတွေသည် သူကဲ့သို့ပင်။ နှောင်းသည်းချာတို့၏ အနာဂတ်ပုံရိပ်ကို တွေးတောပူပန် ခဲ့ကြပြီ။ သို့သော် သူတို့က ဘာများ တတ်နိုင်ခဲ့သနည်း။ သည်လိုနှင့် သူ့အလှည့်....။
နံရံများပေါ်မှာ သည်းချာတို့၏ အနာဂတ်ကို တင်ကြည့်....။ နံရံများကို ထွင်းဖောက်ထွက်သွားသည့် သူ့အိပ်မက်များ။ အနာဂတ်ကို ထွင်းဖောက်ထွက်တော့မည့် သူ့သည်းချာများ။ မအိပ်ပဲ မက်သည့် အိပ်မက်။ နံရံထက်က အိပ်မက်သည်းချာ။
xxxx xxxx
အိပ်မက်ကို ထုဆစ်ခဲ့....။
နံရံကို ထွင်းဖောက်ခဲ့....။
သည်းချာများသို့ ရည်ရွယ်ခဲ့....။
သူ့သည်းချာအပါအ၀င် သည်းချာများအတွက် အလင်းအောက်မှာ သူ အိပ်မက်ကို ထုဆစ်ခဲ့....။ နံရံကို ထွင်းဖောက်ခဲ့....။
သို့နှင့်.....။
အိပ်မက်ကား ဖောက်ထွင်းခံခဲ့ရ....။
နံရံကား သူ့အတွက် ဆစ်ပိုင်းထုဖို့....။
သည်းချာများကား အသံလွန် အလင်းနှုန်းဖြင့် သူ့နားမှာ မရှိတော့....။
သို့နှင့်.....။
xxxx xxxx
ဆယ်စုနှစ်တစုမက ကုန်လွန်ခဲ့စဉ် ဖြစ်သည်။
နံရံများထက်မှ သည်းချာတို့၏ အရိပ်က တစစ ဝေးကွာ....။ သည်းချာတစ်က လက်ရုံးသာ သန်မာပြီး လက်တကမ်းအကွာဆီ ရွေ့နေ....။ သည်းချာနှစ်က နှလုံးရည်အားကိုးနှင့် ဟိုးလှမ်းလှမ်းမှာ မောနေ....။ သည်းချာသုံးက ပညာရည် လမ်းခုလတ်ဖြင့် မလှမ်းမကမ်းမှာ ရှင်နေ.....။ သူ၏ ဖြူဝါ၀ါ ကန့်လန့်ကာ ဟိုမှာဘက်မှ သည်းချာတို့၏ ပစ္စုပ္ပန်ရုပ်ပုံလွှာ။ အမှိန်အောက်မှာ ငုံ့နေသည့် အလင်းမြုံပန်းပု များ။
သူ ဘာတွေများ တတ်နိုင်ပါသလဲ။ သူသည် သူ့အရင်က သူများကဲ့သို့ပင် "လက်တွေ့" နှင့် "အိပ်မက်" ကားချပ်နှစ်ခုကို မထပ်နိုင်သေး.....။
နံရံများပေါ်မှာ သည်းချာတို့၏ ရုပ်ပုံလွှာ မတင်ကျန်...။ နံရံများက ဆစ်ပိုင်းထုဖို့ ခံလိုက်ရသည့် သူ့အိပ်မက်များ။ ပစ္စုပ္ပန်မှာ ဖောက်ထွင်းခံလိုက်ရသည့် သူ့သည်းချာများ။ မပျော်ပဲ အိပ်ခဲ့ရသည့် လေးထောင့်တရာ ခွန်နှစ်ဆယ့်တည၏ အိပ်မက်ထဲက ထာဝရ ရုပ်ပုံလွှာ.....။
xxxx xxxx
ပစ္စုပ္ပန်။
သူသည် တခါက နံရံများ မဟုတ်သော သူ့အခန်းထဲမှာ ဖြစ်သည်။ ကြွေပြား၊ နံရံကပ်စက္ကူ မကပ်ထား။ စာတမ်း၊ နေ့စွဲ၊ လက်မှတ်၊ အမှတ်အသား၊ ကွမ်းသွေး အညစ်အကြေး မကွက်ကြား။ သို့သော် မိသားစု ဓာတ်ပုံ၊ ယွန်းပန်းချီ၊ သည်းချာတို့၏ ပုံရိပ်လည်းမရှိ။ ၀ပ် ၆၀ ၀ါကျင်ကျင်ပူလှုံလှုံ မီးအလင်းလည်း မဟုတ်။ မီးအားပြည့် လေးပေမီးချောင်း၏ ဖြူဝင်းဝင်းအလင်းလည်း မဟုတ်။ ဖြူတူတူနံရံထက်မှာ သူရဲ့ ၀တ်လက်စ ရှပ်အင်္ကျီဖြူတထည်သာ လှန်းထားသည့် ကြိုးတန်းတချောင်း။ သူ့ဖြူဖျော့ဖျော့ ဆံနွယ်များက အလင်းဖြူကို စုပ်ယူဖို့ ကြိုးစားနေ.....။
ပစ္စုပ္ပန်၏ မြေဖြူပန်းချီသက်ငြိမ်.....။
သို့မဟုတ်....။
သူ ကတော့ သူ။
xxxx xxxx
"သည်းချာတို့နှင့် စတင်ဝေးခဲ့ရသော အတိတ်" သည် မဝေးသော အတိတ်။
"သည်းချာတို့နှင့်တကွသော အတိတ်" သည် ဝေးသော အတိတ်။
"မဝေးသော အတိတ်" ၌ သူသည် ထို့ထက် "ဝေးသော အတိတ်" ကို မျှော်ခဲ့သည်။
ပစ္စုပ္ပန်။
သည်းချာတို့ ဝေးကွာဆဲ။
"ဝေးသော အတိတ်" ကို ဆက်၍သာ မျှော်ဆဲ။
သို့ဖြင့်....။
သူသည် "မဝေးသော အတိတ်" ၌လည်း ထို့ထက် "ဝေးသော အတိတ်" ကို မျှော်ခဲ့ရဖူးပြီ။
သူသည် "ပစ္စုပ္ပန်" ၌ပင် "ဝေးသော အတိတ်" ကို မျှော်ရဆဲ။
xxxx xxxx
ဆယ်စုနှစ်တစုမက ကျော်လွန်ခဲ့ပြီ ဖြစ်သည်။
သူကတော့ သူသာ ဖြစ်လေသည်။ ။

မသီတာ(စမ်းချောင်း)
[Fashion Image မဂ္ဂဇင်း၊ နိုဝင်ဘာ ၂၀၀၂ တွင် စာပေစီစစ်ရေးက ခွင့်ပြုချက်မရခဲ့သော ၀တ္ထုစာမူကို စာရေးသူထံ ခွင့်ပြုချက်မတောင်းခံနိုင်ပဲ ဖော်ပြလိုက်ရသည်ကို နားလည်ခွင့်လွှတ်ဖို့ တောင်းပန်အပ်ပါသည်။]

ဘယ်သူတွေဘာပဲပြောပြော(မိုယ်းဇော်)

ဘယ်သူတွေဘာပဲပြောပြော
အိုစမာဘင်လာဒင်မသေသေးဘူး
ဘဂ္ဂဒက်မအေးချမ်းသေးဘူး
ကင်ဂျုံအီလ်လည်း အပြုံးမပျက်သေးဘူး။

ဘယ်သူတွေဘာပဲပြောပြော
နာဇီတံဆိပ်တွေ ပျံ့နှံ့နေဆဲ
နာဇီလက်သစ်တွေ ရှင်သန်နေဆဲ
အမျိုးသားရေးဝါဒီတွေ ကြီးထွားနေဆဲ။

ဘယ်သူတွေဘာပဲပြောပြော
တရုတ်ပြည်ဟာ ပိုပြီးကြွယ်ဝလာတယ်
ဘိုလီးဘီးယားမှာ ကွန်မြူနစ်တွေတက်လာတယ်
မော်ဝါဒီတွေ ခတ္တမန္ဒူကိုရောက်လာတယ်။

ဘယ်သူတွေဘာပဲပြောပြော
လက်ဘနွန်မှာ "ဟစ်ဇ်ဘိုလာ" တွေရှိတယ်
အီရန်မှာ နျူကလီးယားစီမံကိန်းတွေရှိတယ်
ကမ္ဘာကြီးမှာ အယ်လ်ကိုင်ဒါတွေရှိတယ်။

ဘယ်သူတွေဘာပဲပြောပြော
အိပ်ခ်ျအိုင်ဗွီ
ကြက်တုတ်ကွေး
ဆူနာမီ
အကြမ်းဖက်သမား
ဆားစ်ရောဂါ
ငွေကြေးဖောင်းပွမှု
ကျွန်တော်တို့လက်ထဲမှာ
တခုခုတော့ရှိပါတယ်။

ဘယ်သူတွေဘာပဲပြောပြော
ဘ၀ကိုပုံအောရမယ့်အတူတူ
အော်စကာဆုရ ရုပ်ရှင်တွေလည်း
ကျွန်တော်တို့ဆက်လက်ကြည့်ရှုကြဦးစို့။


မိုယ်းဇော်
{ရုပ်ရှင်တေးကဗျာရသစုံမဂ္ဂဇင်းမှ ကူးယူဖော်ပြပါတယ်။}

မဖွင့်ရသေးတဲ့ဓာတ်ပြားဟောင်း

* ထမင်းစားရေသောက်ဆိုပေမယ့်
ထမင်းစားဖို့ ရေသောက်ဖို့
လွယ်လို့လား။

* ကမ္ဘာကြီးက ၂၄ နာရီဖွင့်တဲ့လောင်းကစားဒိုင်
ဒါပေမယ့် တစ်ဘ၀လုံးတင်ထိုးပါမှ
(နိုင်ခဲ့ရင်တောင်)
အစာတဖတ်လောက် အလျော်ရတာမျိုး
ကဗျာတစ်ကြောင်းလောက် အလျော်ရတာမျိုး။

* တွေးမလား သေမလားဆို
တွေးဖို့ကိုရွေးခဲ့
ရေကို ရေရော မသောက်ဘူး
မီးတောက်ကို မီးတို့မျိုမယ်။

* ကျွန်တော်လည်းလူ ခင်ဗျားလည်းလူပါ
ဒီသစ္စာကိုသာ
ရာစုနှစ် တစ်ဝက်စာပဲ့တင်ထပ်လိုက်ပါတယ်။

လက်ျာဝင်း။
ကျောင်းဖွင့်ချိန်

(၁)
ငါတို့ကျောင်းတော်ကြီးရဲ့
မော်ကွန်းထိန်းသိမ်းရေးအခန်းမှာ
ဟစ်တလာရုပ်ထုကို
လူတစုထုဆစ်နေကြတယ်။
သူတို့ဟာ ...
ရုပ်တုရဲ့ရှေ့မှာ ကျိန်စာတွေရွတ်ဖတ်
ပျားရည်စက်တွေကို မီးရှို့ပူဇော်
ဆိုင်ရာနိုက်ဖြူလျော်လျော်တွေ သွန်းကြဲပက်ချ
ဟစ်တလာပါးစပ်ထဲက
ကျည်ဆန်တတောင့် ထွက်အံကျလာတယ်။
သူတို့ဟာ ...
ကျောက်သင်ပုန်းပေါ်မှာ အဲဒီကျည်ဆံနဲ့
“ကျောင်းဖွင့်ပြီ” ဆိုတဲ့ စာကိုရေး
သွေးစွန်းလက်တွေနဲ့ ပျူငှာစွာ
ဖိတ်ခေါ်ကြပါပြီ။

(၂)
ငါတို့ကျောင်းတော်ကြီးရဲ့
ဟောင်းနွမ်းနေတဲ့ အခန်းလွတ်တခုဟာ
တဖြည်းဖြည်း နှစ်ငါးဆယ်လောက်ပြန်ငယ်ရွယ်သွားတယ်၊
အရင်က မမြင်ရတဲ့ ဟိုတုန်းက အရိပ်တွေ
နံရံတွေ၊ ခုံတန်းလျားတွေဆီက လွန့်လူးထ
အဲဒါ ... “အောင်ဆန်း” တို့၊ “ကျော်ငြိမ်း” တို့၊ “သိန်းဖေ” တို့၊ “ညိုမြ” တို့ရဲ့
ဝိညာဉ်တွေပဲ ...
ဗမာပြည်လွတ်လပ်ရေးကို သူတို့မြတ်နိုး
ဗမာပြည်လွတ်လပ်ရေးအတွက် သူတို့ရုန်းကန်
အာဏာရှင်ကို ဖီဆန်ခဲ့ကြတယ်။
ခု ... သူတို့ရဲ့ ၀ိညာဉ်တွေဟာ
“ကမ္ဘာမကြေဘူး ... ... ...
ငါတို့သွေးနဲ့ ရေးခဲ့ကြတဲ့ မော်ကွန်းတေး ...”
သီချင်းလေး နားဆင်ရင်း
ရာဇ၀င်ရဲ့ တကျော့ပြန်စိမ်ခေါ်ပွဲကို
မျက်ရည်တ၀ဲဝဲနဲ့ စောင့်ကြည့်နေပါတယ်။

(၃)
ငါတို့ကျောင်းတော်ကြီးရဲ့
ဒီဘက်ခေတ် ၁၉၈၇ - ၈၈ နှစ်များထဲမှာပါ
တက္ကသိုလ်စာကြည့်တိုက်ထဲမှာ
ဖြူဝါးဝါးအရိပ်တချို့
စာထိုင်ဖတ်နေကြတယ်။
တချို့ဖတ်တာ .. ကဗျာစာအုပ်
တချို့ဖတ်တာ .. သမိုင်းစာအုပ်
တချို့ဖတ်တာ .. နိုင်ငံရေးစာအုပ်
ရုတ်တရက်
အဖြူရိပ်တခုဟာ ထိုင်ရာကထ
“ဗမာပြည်ကို ကယ်တင်ရတော့မယ်”
နောက်ထပ် အဖြူရိပ်တခု စာအုပ်ပိတ်
“ဗမာပြည်ကို ကယ်တင်ရတော့မယ်
ဗမာပြည်ကို ထိတ်တုံးချွတ်ပေးရမယ်”
သူတို့ဟာ တိတ်ဆိတ်စွာ
အခန်းပြင်ကို ထွက်သွားကြပါတော့တယ်။
စာကြည့်တိုက်ရဲ့ စာအုပ်ပိတ်သံများ
လွယ်အိပ်လွယ်သံများ
ဖိနပ်စီးသံများ အဆုံးမှာ
နောက်ထပ် အဖြူရိပ်တခု ထပ်ထွက် ...
... ... နောက်ထပ် ... ...
... ... နောက်ထပ် ... ...

(၄)
ငါတို့ကျောင်းတော်ကြီးရဲ့
စာမသင်ဖြစ်တဲ့ စာသင်ခန်းတခုမှာ
အရိုးစုတအုပ် အစည်းအဝေးလုပ်နေတယ်။
အရိုးစုတခုက ... ထိုင်ရာမှ ဖြည်းညှင်းစွာထ
“ကျနော်တို့ တော်လှန်ရေး
အာဏာရှင်တွေ နောက်ဆုံးနေ့အထိ”
စသည်ဖြင့် ပြောကြား
အားလုံးငြိမ်သက်နားထောင်နေကြတယ်။
အခန်းထဲမှာ
အကျဉ်းထောင်က ပြေးထွက်လာတဲ့
ဗိုလ်ချုပ်ရဲ့ မိန့်ခွန်းတွေ
သတ္တိဗုံးကို နှောင်ထုံးခတ်
ပတ်ကြားအက်နေတဲံ ရန်သူ့မျက်နှာတွေ
အဲဒီမှာ ... အရိုးစုတခုက လက်သီးဆုပ်
သူ့နှုတ်က တိုးတိုးလေးပြော
“တောက အဖေနဲ့အမေတော့
ကျနော့်ကို မျှော်နေကြတော့မယ်ဗျာ”
ကြေကွဲစွာ သူ့မျက်လုံးပေါက်တဲက
မျက်ရည်ဖြူတစက်
စီးသက်ကျလာတယ်။

(၅)
ငါတို့ကျောင်းတော်ကြီးရဲ့
ပရ၀ဏ် အ၀င်အထွက်လမ်းတွေမှာ
အချုပ်ကားပြာပြာကြီးတွေ
ဒရကြမ်းနှင်နေကြတယ်။
အဲဒီကားကြီးတွေထဲမှာ
“ကမ္ဘာမကြေ၊ ဗမာပြေ .. ဒါတို့ပြေ
ဒါတို့ပြေ ..တို့ပိုင်တဲ့ မြေ” ဆိုတဲ့
တေးသံသာယာ
ညီညာစွာ ပဲ့တင်ပေါ်ထွက်
ကျောင်းသားလက်တွေ သွေးစိမ့်ယိုစီးခဲ့ပြီ
အချုပ်ကားပြာပြာကြီးရဲ့ ဦးထိပ်မှာ
သူတို့ရဲ့ တံဆိပ် ... တို့ရဲ့အလံ
ဦးခေါင်းခွံမှာ အရိုးနှစ်ချောင်း ကန့်လန့်ဖြတ်ထားတဲ့ သဏ္ဍန်သာ ဖြစ်တယ်။
ကျောင်းခေါင်းလောင်းအိုကြီးဟာ
ထွက်ခွာသွားတဲ့ အချုပ်ကားနောက်
ပြေးလိုက်ခလုပ်တိုက်ပြီး လဲပြိုကျ
ချိုလွင်ရှတတဲ့ ခေါင်းလောင်းသံထွက်ရမယ့်အစား
“သားရေ အမေ လိုက်ရှာနေတယ်လေ .. သားရေ”
ဆိုတဲ့ ငိုရှိုက်ညည်းတွားသံအဖြစ်နဲ့သာ
ရာဇ၀င်တုန်ခါအောင် မြည်ဟည်းလာခဲ့ပြီ။

(၆)
ငါတို့ကျောင်းတော်ကြီးရဲ့
နီမောင်းသောလမ်းကြီး၊ လမ်းငယ်များမှာ
ဒေါင်းအလံတလူလူလွှင့်ထူလို့
ကျောင်းသားတွေ ချီလာပါပြီ
ရင်တအုံလုံးပွင့်ထွက်နေတဲ့ ကျောင်းသားက
ရှေ့ဆုံကအလံကိုင်ပြီး သွေးပွက်ပွက်အန်ထွက်နေတဲ့
ကျောင်းသားတွေက
နောက်က ချီတက်လိုက်ပါလာတယ်။
“ဒီမိုကရေစီရရှိရေး ... တို့အရေး”
“အာဏာရှင်စနစ်ကျဆုံးရေး ... တို့အရေး” တဲ့။
ကိုယ့်ကိုယ်ကိုယ် တခါတည်း အသုဘချရင်း
တိုက်ပွဲဝင်ခဲ့ကြရတဲံ ငါတို့ရဲ့တော်လှန်ရေး
ဘယ်တော့မှ ... အရှုံးမပေးဘူးဟေ့ ...
သေနတ်သံတချက်ဖောက်ရင်
ရာဇပလ္လင်မီးဟုန်းဟုန်းတောက်သွားမယ် ...
နောက်ဆုံးနေ့အထိ ...

(၇)
ငိုက်မြည်းနေတဲ့ အင်းလျားရေပြင်ဟာ
ရုတ်တရက် ရဲရဲနီစွေးသွားတယ်။
ချက်ခြင်းပဲ ရေငွေ့ပျံတက်
ကောင်းကင်ထက်မှာ တိမ်အဖြစ် မိုးစက်ခို
ကျောင်းတော်ကြီးကို မိုးသွေးတွေ ပြန်ရွာချ
လျှပ်တွေပြက်၊ မိုးတွေခြိမ်း ... ... ...
ဒိန်းဒုံး ဆူညံသွားတယ် ...
အဲဒီအခါ ... ကျောင်းတော်မှာ ...
ပန်းတွေ ဖျတ်ကနဲ ပွင့်ကြ
ငှက်ဆိုးတွေ ဝေါကနဲ ထပျံကြ
သစ်ရွက်တွေ တလက်လက်တောက်ပကြ
ခုံတန်းလျားတွေ အုတ်ဂူအဖြစ်ပြောင်းလဲကြ
မြေကြီးတွေ တုန်ခါတော်လဲကြ
တို့အရေး .. တို့အရေး .. တို့အရေး .. တို့အရေး
ကြွေးကြော်သံတွေနဲ့
ဗမာပြည်ကြီး တ၀ုန်းဝုန်းရုန်းကန်
နိုးထပြီး နောက်ဆုံးငြိမ်သက်သွားတဲ့အခါ
ငါတို့ကျောင်းတော်ကြီးဟာ ... ...
တလဲ့လဲ့ တ၀င်းဝင်း
သွေးနီရောင် တောက်ပခါ ...
အာဇာနည် သူရဲကောင်းတို့ရဲ့
ဂူဗိမာန်ကြီးပမာသာ တည်ရှိနေပါတော့တယ် ...။

(၈)
ကျောင်းသားတွေနဲ့ ကျောင်းတော်ကြီးကြား
ခု ... သွေးပင်လယ်ကြီးခြားနေပါပြီ ...
“ကျောင်းဖွင့်ပြီ” ဆိုတဲ့ အာဏာရှင်တွေဟာ
သွေးပင်လယ်ကြီးကို ကျော်နင်း
ထုံးတံတားကြီးကို ကျော်ခင်းပေးတယ်။
တချို့တွေက ကျောင်းတက်လာကြလိမ့်မယ် ...
အဲဒီထဲက တချို့ဟာ ...
“အကြောင်းကြောင်းကြောင့်ပါ” လို့
စိတ်မကောင်းစွာပြောရင်း ...
ထုံးတံတားကို လျှောက်နင်း ...
ကျောင်းခန်းအတွင်း ၀တ္တရားအရထိုင်
ငါတို့ ... နားလည်ခွင့်လွှတ်နိုင်ပါတယ် ...
တချို့ကတော့ ...
“ဂုဏ်တုဂုဏ်ပြိုင်” ကောင်းကြောင်းပြောရင်း
ထုံးနံ့သင်းတဲ့ ပန်းခင်းကိုဖြတ် ...
ရီးစားထားဖို့ ကျောင်းပြန်တက်လိမ့်မယ်။
အဲဒီလို ... လူစားတွေကိုတော့ ...
ငါတို့က ခွင့်လွှတ်သည့်တိုင်အောင်
ရာဇ၀င်က ခွင့်မလွှတ်သရွေ့
သူတို့ဟာ ... သမိုင်းမှာ ...
“သစ္စာဖောက်” များသာဖြစ်တယ်။

(၉)
ကျောင်းသားနဲ့ကျောင်း
တနေ့တော့ ပေါင်းရမှာပဲ
ငါတို့တွေ သွေးပင်လယ်ကို ဖြတ်ကူးပြီး
ကျောင်းကြီးဆီ အရောက်သွားကြမယ်။
သွေးပင်လယ်ကြီးဟာ
တငွေ့ငွေ့ပူခြစ် ဆူပွက်
ထက်ကောင်းကင် မုန်တိုင်းတို့ အစပျိုး
သွေးလှိုင်းတံပိုး တ၀ုန်းဝုန်းပြင်းထန်
ငါတို့တွေ
ငါတို့တွေ လှည့်မပြန်ဘူး၊
ငါတို့ထဲက တချို့ဟာ ...
ကိုယ့်အရိုးကိုယ်ချိုး လှေအဖြစ်ထွင်းထု
ငါတို့အထဲက တချို့ဟာ ...
ကိုယ့်အသားကိုယ်လှီး လှေနံရံအဖြစ် ခင်းရိုက်
ငါတို့အထဲက တချို့ဟာ ...
ကိုယ့်လက်ဖ၀ါး ကိုယ်ရိုက်ဖြတ်
လှေရွက်အဖြစ် စပ်ချုပ်
မုန်တိုင်းကို ခွဲဝင်
သွေးပင်လယ်ကို ဖြတ်ပြီး
ကျောင်းတော်ကြီးဆီသွားဖို့
လုပ်နေတယ်...။

(၁၀)
နောက်ဆုံးမှာ ...
ဒေါင်းအလံကို ... ဇြောင်းဆန်အောင် လွှင့်ထူရင်း
အမှန်တရားတခုထံ
ငါတို့ သစ္စာအဓိဌာန်ပြု
အို ... သူရဲကောင်းတို့
အို ... ကျဆုံးခဲ့လေသော
ဒီမိုကရေစီ တိုက်ပွဲဝင်
သူငယ်ချင်းဟောင်း ...
သူရဲကောင်းတို့
ထာဝစဉ်မပျက်ပြယ်နိုင်လောက်အောင်
မြင့်မြတ်စွာ ကျဆုံးခဲ့သော ...
သင်တို့၏၀ိညာဉ်တန်ခိုးတော်များသည်
ငါတို့၏ရှေ့နောက်ဝဲယာ ...
ထက်အောက်ဝန်းကျင်၌
ပျံ့နှံ့တည်ရှိကြကုန်တော့၏။
ထိုသော ...
သင်တို့၏၀ိညာဉ်တန်ခိုးတော်များသည်
ငါတို့၏ခန္ဓာကိုယ်နေရာအနှံ့အပြားသို့
ထိုးဖောက်ယိုစိမ့်စီးဝင်ကာ
ရဲရင့်ခြင်းမှာ ငါတို့အားဖြစ်တည်စေတော့၏။
အို ... သူရဲကောင်းတို့
အို ... ကျဆုံးလေသော
ဒီမိုကရေစီတိုက်ပွဲဝင်
သူငယ်ချင်းဟောင်း သူရဲကောင်းတို့
ဗမာပြည်ကို ရှိခိုးကာ
ဤသွေးပင်လယ်အား
ငါတို့ ဖြတ်ကူအံ့
မိုးလုံးပြည်ကောင်းချီးသြဘာပေးသံများကြားမှာ
ငါတို့၏ အရေးတော်ပုံ အောင်မြင်ပါစေသတည်း။ ။


(ရွှေဘုန်းလူ)

သစ္စာတရားအတွက် မီးအိမ်တစ်လုံးနှင့်

၁။
အရှင်...
သင်၏ခေါ်ရာ
ထပ်ချပ်...ငါ...လိုက်ပါမည်။
ကြယ်တစ်ပွင့်ကိုဆွဲယူ
ငါ့ကို...ထူပါ။

ဟိုးမှာ...
သေအံ့မူးမူးလူက
မြေပြင်ပေါ်ကသူ့အရိပ်ကို
ကပျာကယာ အိတ်ထဲယူကောက်
လက်သည်းတွေတောင် ခွေခေါက်နေပြီ။

ဒီမှာ...
ဦးခေါင်းခွံထက်
ဆံဖြူတွေဝပ်တွားတက်နေတဲ့အဘိုးအို
တောင်ဝှေးကျိုးကိုရီဝေကြည့်ငေး
သူ...ဘာတွေ တွေးပြီနည်း။

စမ်းရေကိုငုံ့သောက်မှ
ကိုယ်မျက်နှာကိုယ်ပြန်မြင်ရသောလူများ
အခြားဘာကိုတွေ့ စွမ်းမလဲကွယ်။

အတ္တဆိုင်းဘုတ်ကို
လည်မျိုမှာသံငုတ်နဲ့ရိုက်
လမ်းမှာလိုက်သောခရီးသည်များ
သံသရာရထားကိုစောင့်နေသည်။

ဝါးတစ်ပင်ရိပ်မှာ
ခြင်္သေ့တို့ပင်အိပ်ဝံ့ပါသလား။
ဝါးတစ်ပင်ရိပ်၌
သူတော်စင်တို့ ပျှော်ပိုက်ခဲ့ကြပြီ။

အမှောင်ကနက်၏
ကြယ်ကလက်မည်
ဤခရီးဝေးသလား
ငါ...ရောက်အောင်သွားပါမည်လေ...။

၂။
နွေ...နွေ မိုး မိုး
တွင်းထဲမှာ နှင်းခဲတွေပုပ်သိုးနေရော့သလား။

ဆောင်းကိုပန်ပြီး
မြောက်ပြန်လေရောက်လာမှ
ပြာဝေမှိုင်းအုပ်
ဟော ... နှင်းတွေတစ်ဆုပ်ပြီးတစ်ဆုပ်။

သဲကန္တာရက
သဲတွေနဲ့ဖွဲ့စည်းပြသလို
မာယာလောက
မာယာတွေနဲ့ မှုံရီအုံချနေတယ်။

ကျောက်ဆစ်ရုပ်က
ခေါင်းညိတ်ပြရုံမဟုတ်
လက်ခုပ်တီးပြီး လက်အုပ်ချီပြတာ
ငါ တွေ့ခဲ့ဖူးပြီ။

သွေးစက်တွေနောက်မှာ
လက်သည်းနီစက်ရဲရဲတောက်ပြတာ
ငါ တွေ့ဖူးပြီ။

ကျွဲချိုမှုတ်ပြီး
ကျွဲအုပ်ကိုဖျော်ဖြေတာ
ပျော်စရာမှမဟုတ်ပဲကွယ်။

၁၂ကြိုးကသော
လောက၏ကဝေလက်ချောင်းများ
ငါ့အား...ဆွဲခေါ်
ငါ... မမွေ့ပျှော်တော့ပါပြီ အရှင်။

၃။
ငါသည်...တစ်ခါက ဖယောင်းတိုင်ကဲ့သို့ဖြစ်၏
ထို့ကြောင့်
မီးတောက်ကိုချစ်လေသည်။

မိုး၏အမြင့်ကိုမသိ...ဟု
ကိုယ့်ကိုယ်ကို အထင်ရှိ၏။
အမှန်ကား...
မြေ၏အနက်မှာပင်ေ၀၀ါးဆဲ။

စီးမျောရာတွင်
ဗေဒါကို ကုပ်ဖက်
အနက်ရောင် လှိုင်းခေါင်းများကြားမှာ
ဒေါသအမျက်ချောင်းချောင်းပွားလျက်။

ထိုသော... မနေ့ကငါသည်
ဝါကျင်ဟောင်းနွမ်း နေလုံးကိုထမ်း၍
တောင်စွယ်တန်းမှာ ၀င်ရောက်ပျောက်ကွယ်ခဲ့ပြီ။

ဤယနေ့ ... ငါ ... သည်
မီးခိုးကဲ့သို့ မိုးပေါ်ထိုးတက်
နှုတ်ဆက်ထွက်ခွါ
အားလုံးကို လွှတ်ချခဲ့ချင်ပါပြီ။

ငါသည် ငါ၏ဘုရင်ဖြစ်၍
ငါသည် ငါ၏ပြည်သူဖြစ်၏
ငါ့ကိုငါက အုပ်ချုပ်၍
ငါ့အလုပ်ကိုငါလုပ်ရပေတော့မည်။

၎။
ဥပုသ်သည် သီလကျိုးတော့
ဘုရားရှိခိုးရင်း ရှက်လေသည်။

ငါတို့သည်...လူသားများဖြစ်၏
လက်ဖ၀ါးမှာ
အမှားလက္ခဏာပါလေသည်။

ဟိုချိုး ... သည်ကွေ့
ချွတ်ယွင်းသော မောင်းတံဖြင့်ရွှေ့လျား
လမ်းလျှောက်နေသော သင်္ချိုင်းမှတ်တိုင်များဖြစ်၏။

အပ်ချည်နှင့်ပြန်ချုပ်ထားသော
စက်ရုပ်၏အစိတ်အပိုင်းများပမာ
တစ်ခါတစ်ခါ
မှီတွယ်ရာလည်း မဲ့တတ်သည်။

အို ... ``လူသားအားလုံးချမ်းမြေ့ပါစေသား´´
အားလုံးထဲမှာ
ငါသည်လည်း ပါဝင်ချမ်းမြေ့ပါစေသား။

သူတစ်ပါးကိုလည်းခွင့်လွှတ်
ကိုယ့်ကိုယ်ကိုလည်းခွင့်လွှတ်
အနာရွတ်မှန်သမျှ
ဆွဲချွတ်ဖယ်ရှားကြပါ။

နင်းလာသောခြေထောက်ကို
မြေမှုန့်သဲကျောက်တို့က
ခွင့်လွှတ်ကြသလိုမျိုး
ရိုးသားပြည့်ဝ
တစ်ယောက်ကိုတစ်ယောက် ခွင့်လွှတ်ကြပါ။

၅။
ထမင်းဝိုင်းမှာ
လျှာနှင့်ခပ်၍စားကြသူများ
သွားကြားထိုးတံစူးကြလေသည်။

စပါးစေ့(၁၀၀)နှင့်
သင်လုံလောက်ပါက
စပါးစေ့(၁၀၁)
နောက်လူအတွက် ဖြစ်ပါစေကွယ်။

ဆင်ဖြူတော်မှီပြီးတော့လည်း
ကြံမစုပ်ကြပါနှင့်၊
ကြံကျွေးပြီးတော့လည်း
ဆင်ကိုနှာမောင်းမဖြုတ်ကြပါနှင့်။

ညောင်ရွက်တွေနဲ့မိုးတဲ့
ရေအိုးစင်လေးပမာ
သာယာမြေ့ချမ်း
နေပူလမ်းမှာ တွဲခေါ်ကြပါ။

အမှန်စင်စစ်
ခေါင်းငုံ့ပေးလိုက်ခြင်းဟာ
ခေါင်းမော့ထားရခြင်းလောက်
ညောင်းညာလိမ့်မည်မဟုတ်ပါ။

ဝင်သက်နှင့်ယူခဲ့သမျှ
ထွက်သက်နှင့် ပြန်ပေးရမည်။
ဒါ ... ကမ္ဘာအစရဲ့
ပထမသီအိုရီပဲဖြစ်သည်။

ငါကတော့(ရမည်ဆိုပါလျှင်)
သေလွန်ပြီးခါမှ
အင်အားတစ်စပြန်ယူသုံး
ငါ့အခေါင်းကို ငါပဲဖုံးသွားချင်တော့၏။

၆။
ငြိမ်းချမ်းရေးအတွက်တော့
လင်းပွင့်မြင့်မြတ်ရဦးမည်။
ထို့အတွက်
ကိုယ့်ကိုယ်ကို တံမြက်စည်းလှဲပြီး
တဖွားဖွား ခြွေချပစ်ရမည်။

လက်သီးဆုပ်ခြင်း ... ဆိုတာ
တုန်ခါဖြူဖျော့ ထော့လန်ကွေးလုပ်
လက်ချောင်းတွေအချင်းချင်း ပြန်ဖမ်းချုပ်ကြခြင်းဖြစ်၏။

ကိုယ့်ကိုယ်ကို ဒိုင်းနဲ့ကာထားပြီးမှ
သူတစ်ပါးကို ဓါးဖြင့်ရွယ်ရဲလျှင်
သူရဲကောင်းဟု မခေါ်ချင်။

တစ်ခါက
ဤလက်တို့အလံလုခဲ့ကြ၏။
ထို ... ဆုတံဆိပ်
ယခု ဘယ်ဆီချိတ်မည်နည်း။

ငါ့ရိပ်မြုံကို
ရုပ်ပုံစာတမ်း
ဘာမှမကပ်တမ်း
လမ်းဘေးမှာ မြက်ဖြင့်ဆောက်မည်။

မာနကိုဖြေလျော့
ရေစင်အေးဖြင့် ငါ ကန်တော့ပါအံ့။
ခြေဖ၀ါးမှ ဦးကင်း
မေတ္တာဖြူဖြင့် လင်းလိုလှပါတော့သည် ငါ့အရှင် ...။

၇။
(လောကကြီးသည် အံ့ဖွယ်အတိပြီး၏။
နဂိုမူလ တိမ်သည်ဟုထင်ရသော တွင်းများပင်လျှင်
ဆင်းကြည့်ခါမှ နက်ရှလှိုက်စား
ပို၍ ... နိမ့်ဝင်သွားတတ်၏။)

ကြက်ခြေခတ် ... ၏
ဆုံရပ်မှာနေ ရီဝေထွေပြားသောညများ
မိုးခါးရနံ့ သင်းပျံ့နေတတ်၏။

ငါ့ရှေ့မှလူများ
ငါ့ကိုပိတ်၍ကာထား၏
ငါ့နောက်မှလူများ
ငါ့ကိုတွန်း၍ကျော်သွား၏။

ထို့နောက် ...
ချောက်ကမ္ဘားရောက်မှ
ကြောက်အားဖြင့်လှည့်ပြန်
ငါနှင့်တဖန် ...
လူချင်းလဲကြပြန်၏။

အောင်မြင်ကြပါစေကွယ်
နေရောင်လရောင်ဖြန့်ခင်း
အလင်းတဝေေ၀နဲ့
နေ့တွေညတွေ
ငြိမ်းချမ်းသည်ထက်ငြိမ်းချမ်းပါစေ။

သူဖုန်းစားလည်း
မြေသားပန်းကန်မှာ
ကောက်နှံပင်တို့ဝေဖြိုး
အသရေတိုးသည်ထက်တိုးပါစေ။

သူကြွယ်ကြီးလည်း
ငရဲပြည်ကဓါးကို
ရှောင်ရှားပိုင်းချင့်
နှိမ့်ချအပ်သောဦးခေါင်းဖြင့်
မြင့်သည်ထက်မြင့်ပါစေ။

၈။
ငိုကြွေးဖို့အတွက်
အသက်ဝင်လာသောလူများ
သစ္စာတရားကို
ဟားတိုက်ရယ်မောနေကြသည်။

ရှင်သေမင်းက
အစွယ်တ၀င်းဝင်းနှင့်စောင့်စား
သက်တမ်းကျွံသည်နှင့်
တမလွန်မှာ
အခွံခွါ၍စားလိမ့်မည်။

ဟိုစဉ်ခါက
ငါသည်လည်းစိုးကြောက်
ကျောက်တောင်ကို ပန်းနှင့်ပြန်ပေါက်ရင်း
ခြေမြှောက်လက်မြှောက်
ခြောက်ခြားဖူးသည်။

တုန်ကောက်မရှိသူ ... နှင့်
ချိုင်းထောက်မရှိသူ ...
လမ်းလျှောက်ရန်မှာပင်
ဒုက္ခချင်းမတူကြ။

တဂျောက်ဂျောက်နှင့်
ရွှံ့ရုပ်သားကောင်
မုဆိုးကို ပြန်လှောင်သည့်
မှော်ရုံထောင်ချောက်
မျက်လှည့်ဆရာတွေ ကြွေအံခေါက်နေသည်။

မျက်စိကိုမှိတ်ပြီး
ကိုယ်ထဲကို တိတ်တိတ်ကလေးပြန်ကြည့်သောအခါ
ညှို့ပြာယှက်သန်း
တစ်လောကလုံး အနက်ရောင်လွှမ်းတော့၏။

ထိုသို့ ဖြင့်
နှင်းရည်စိုသော
မှိုပွင့်ကလေး၏ပင်ခြေရင်းမှာ
မာနကိုအိပ်မွေ့ချ
ထာဝရ ငါ ... ထားခဲ့ချင်ပါပြီလေ။

၉။
လောကဓံတရားက
နဂါးရှစ်ကောင်ပမာ
မြေကိုထိုးခွဲ လေကိုဆွဲဖြဲ
လူတွေထဲမှာ
ပျံသန်းသွားလာနေသည်။

ယဉ်ကျေးမှုအရ
တစ်နေရာတွင်ဖိနပ်စီးရသော ငါတို့သည်
ယဉ်ကျေးမှုအရပင်
တစ်နေရာတွင်ဖိနပ်ချွတ်ရဦးတော့မည်။

ဘုရားပြောတာကိုမှ
ငါ... မယုံရဘူးဆိုလျှင်
မာရ်နတ်ပြောတာကို
ငါ... ယုံရတော့မည်လော။

အစိုးမရသော
လောက၏နာရီစက်သံကို
လက်တံတို့က မောင်းနှင်ဖန်တီး
နီး ...နီး ...နီး၍လာခဲ့ပြီ။

မီးကိုကျော်ဖြတ်
ရေကိုကျော်ဖြတ်
သံချပ်ကာဝတ်ရုံ
ခြုံလို့မလုံပါဘူးကွယ်။

တရားရိပ်မှာ
စိတ်ကိုထုတ်ပြီးဖုန်ခါ
ပြီးတော့ ...
ကိုယ်ထဲမှာ ပြန်လည်သော့ပိတ်
သုညကလေးလို
ငြိမ်သက်တိတ်ဆိတ်နေရမည်။

စေတီအိုဟောင်းမှ
ခေါင်းလောင်းသံ တိုးဖွတိုးညှင်း
အို ... အရှင် ...
မြေမှထသော ငါ့ကိုမြင်ပါ။

၁၀။
အချို့သောလူများ
လယ်ထွန်သွားရင်း
နွားပေါ်အိပ်နေကြပါသလား။
အချို့သောလူများ
လယ်ထွန်သွားရင်း
စပါးဖြစ်အောင် စိုက်ကြပါသလား။

လူသားတစ်ယောက်အနေနှင့်
မိုးကောင်းကင်အောက်မှာ
ခိုင်မာကျစ်လျစ်
တာဝန်ကျေသော ပေတစ်ဆစ်မျှတော့
ဖစ်သင့်သည်။

အရပ်ရပ်မှလာသော လေတို့၌
မြေစိုက်ကျောက်တိုင်တို့
မတုန်လှုပ်ကြသကဲ့သို့
ငါတို့ နေသွားရမည်။

အရှင်ယူဆောင်သည့်
ကြယ်တစ်ထောင်မြင့်ခေါင် ၀င်းပသည့်ညကား
လွှလွှဖွေးဆွတ်
လှံသွားတို့ကိုပင် ခွေညွတ်စေတော့၏။

ဓမ္မတေးကို
သွေးအစက်စက်တိုင်အောင်ဖြန်းဆွတ်
နှုတ်ဆက်တော်ရွတ်ဆိုသံများ
တိုးကာ ကျယ်ကာ ငါ ... ကြားနေရ၏။

လေပြေညင်းတွင်
ရွှေအဆင်းဖြင့် သွားနှင့်ကြသူများ
ဥပေက္ခာကို
ဘာမှမပြောဘဲ ထားသွား၏။

ထိုသူတို့နောက်
ငါ တကောက်ကောက်လိုက်ပါတော့အံ့။
ထိုသူတို့နောက်
တောက်လျှောက်လိုက်ပါတော့အံ့။
ကြယ်ရောင်ကွေ့ကောက်
ထိုသော ကောင်းကင်မျဉ်းကြောင်းများအောက်မှပင်
ငါ့အား
လမ်းပြစေစားတော်မူပါလော့ ... မြတ်သော ငါ့ ...အရှင်။ ။

(ဗုဒ္ဓ ... သို့ )

တာရာမင်းဝေ

မင်းကိုလောကကြီးကစောင့်ကြည့်နေတယ် (တိုးဝေ)

ရေသေအိုင်ဆွေးလို
ငြိမ်အီမနေစမ်းပါနဲ့
စုန်ရဲဆန်ရဲတဲ့ မြစ်တစ်မြစ်အဖြစ်
ကိုယ့်မာန်ကိုယ်သွေး
ခပ်ဝေးဝေး လှမ်းကြည့်လိုက်စမ်းပါ...
ဝါးမျှစ်စို့တိုင်း
မြေကိုတိုးထွက်ခဲ့ကြတယ်
လောကကို ရင်မဆိုင်ရဲတဲ့သစ်စေ့ဟာ
အမှိုက် ယက်ရှာတဲ့
ကြက်တစ်ကောင်ရဲ့ နှုတ်သီးဖျားမှာ
လည်စင်းပေးလိုက်ရမှာပဲ။
တောက်ပခဲ့ဖူးတဲ့
ရှေးရှေးက ကြယ်ပွင့်များ
အတိတ်ည ရှည်ရှည်တွေကို
ဘယ်ပုံဘယ်နည်း ဖြတ်သန်းခဲ့ကြသလဲ
ကိုယ်တိုင် ကြုံတွေ့နေရတဲ့ ညမှာ
ကိုယ်တိုင် အလင်းဆုံး ကြယ်တစ်ပွင့်
မဖြစ်သင့်ဘူးလား
ရှည်ရှည်ဝေးဝေး စဉ်းစားစရာမလိုတဲ့
အဖြေမှန်တစ်ခု မင်းရင်ထဲ
အသေအချာရှိနေမယ်ဆိုတာ ယုံတယ်။
ခေတ်က မြန်လွန်းတယ်...
တကယ်တော့ နည်းပညာတွေရဲ့ နှုန်းစံနဲ့
ခေတ်က လိုက်မြန်နေရတာပါ
အရှိန်နဲ့ပြန့်ကားနေတဲ့ ရဲရင့်မှုတွေထဲ
စိမ့်ဝင်နိုင်ဖို့ရာ ဘွာမခတ်မိစေနဲ့
တစ်ထစ်ချင်း နင်းတက်စမ်းပါ...။
“မစူးစမ်းတဲ့အရွယ်
ရူးနှမ်းနှမ်း အရွယ်ပါတဲ့”
မင်းနားတွေကို ပိတ်ထားလိုက်...
အထင်သေး အမြင်သေး အကြည့်အပြောတွေ
မင်း တည့်တည့်က အဆို့အပိတ်တွေကို
တွန်းတိုးဖောက်ထွက်လိုက်
နှင်းဆီတွေခင်းထားတဲ့ အရုဏ်သစ်
အရှေ့မိုးကောင်းကင်မှာ ၀င်းဝင်းပြက်ပြက်
မင်းယုံကြည်ရာ မုခ်ဦးမှာ
ပန်းဝတ်မှုံတွေ ထုံမွှေးနေမှာ...။
စိတ်ရိုင်းကို အလိုလိုက်တာ
ကိုယ့်ပဲ့ကို ကိုယ်ဖြုတ်ချလိုက်တာပဲ
မြားရွက်နောက်မြီး မပါရင်တော့
ဘယ်လောက်ချွန်ချွန် ဘယ်လောက်ဖြောင့်ဖြောင့်
ဘယ်ပစ်မှတ်ကို စိုက်မှာလဲ
အပျင်းဓာတ်ကလည်း
မင်းသွေးစီးနှုန်းတွေကို နှေးစေတဲ့
ခပ်ဆိမ့်ဆိမ့် အဆိပ်ပြင်းပဲ
ညံ့ဖျင်းမှုဆိုတာ
အစာမတပ်ဘဲ ရေထဲချထားတဲ့
မင်းရဲ့ ငါးမျှားချိတ်
တစ်နေ့မှာ ကိုယ့်အလွမ်းမှားတွေနဲ့
ကိုယ်ပဲ ရှက်သွေးမဖြာရအောင်
ကိုယ့်ကိုယ်ကိုယ် လှုပ်နိုးရမှာပေါ့။
မင်းရဲ့ တင်းတင်းဆုပ်မိတဲ့ လက်တွေ
မင်းရဲ့ တင်းတင်းကြုတ်မိတဲ့ မျက်မှောင်တွေ
မင်းရဲ့ တင်းတင်းစေ့မိတဲ့ နှုတ်ခမ်းတွေ
မင်းရဲ့ တိတ်ဆိတ်စွာ ပေါက်ကွဲမှုတွေ
မင်းဆက်မယ့် ခြေလှမ်းတွေထဲ အားဖြည့်ဆေးအဖြစ်
ခပ်သာသာ ပြောင်းလဲပစ်လိုက်ပါ။
မီးမနာတဲ့ ဓား
အသွားပဲ့မြန်သတဲ့
ခြေဖ၀ါး မြေစားလို့ပွန်းရော့
အမာရွတ်တိုင်းမှာ သင်ခန်းစာရှိရမယ်
သံလွင်တစ်ခက်အတွက်
ချွေးစက်ကုဋေ ခြွေရဲဖို့
မင်းမျက်ဝန်းထဲ မီးစုန်းတွေထည့်လို့
အမှောင်ဆိုတာ အရောင်တစ်ရောင်ပဲ
မဖြစ်မနေ နှိုက်ရမယ့် မဲလိပ်ထဲ... စိတ်ချ
ကံတရား တစ်ခုတော့ ပါလိမ့်မယ်။
ကျောက်ဘယ်လောက်မာမာ
ခတ်တတ်မှလည်း မီးပွင့်တယ်
ဆီးဆူး ဆီးချွန် ခံဆူး ခံချွန်တဲ့
သောင်ပြင်ပေါ် မှောက်လျက်လဲ
ခပ်ယို့ယို့ ပြန်သွားတဲ့ လှိုင်းညံ့တွေလို
မင်း မညွတ်ခွေဖို့တော့ လိုတယ်
ပဉ္စလက် မာယာတွေ ပွက်ထ
ညှို့ကွက်တွေ ရှို့ချက်တွေ လျှို့ဝှက်တွေပြွမ်းလို့
မင်းဦးနှောက်ထဲ အချက်ပြ ခေါင်းလောင်းထည့်ခဲ့
ပြီးတော့... ရှေ့ပဲ တွင်တွင်တိုး ပြီးတော့... ထပ်ပြီးတိုး
အရွဲ့မတိုက်နဲ့ အတည့်တိုက်
မင်းရဲ့ ယုံကြည်ချက် သစ္စာတရားတွေ
မင်းအပေါ် ထိန်ထိန်ညီးစေရမယ်။
သစ်တောကြီးတွေနဲ့ ဝေးရာမှာ
တစ်ပင်တည်း ထီးထီးပေါက်နေတဲ့
ဝက်သစ်ချပင်ရဲ့ ကြံ့ခိုင်မှုမျိုး
မင်း အသည်းညွန့်မှာ ကွန့်မြူးပါစေ
လေယာဉ်ပျံ ထိုးဖောက်သွားတဲ့ တိမ်မဖြစ်ရ
တိမ်တိုက်တိုင်းကို ဖောက်ထွက်မယ့် လေယာဉ်ပျံဘဝ
မင်း ရွေးချယ်မှုက
မင်း စံမြန်းရမယ့် ရဲတိုက်ဗိမာန်
မင်းကို လောကကြီးက
လက်ခုပ်သြဘာပေးဖို့ မျှော်လင့်တကြီး
စောင့်ကြည့်နေတယ်။
တိုးဝေ

အကောင်းမြင်ဝါဒီတစ်ယောက်ရဲ့ မြို့(နေမျိုး)


နေ့တစ်နေ့
မြို့ ကြီးသို့ သားလီးဓားအပြည့် တင်ဆောင်ထားသော
လော်ရီကားကြီးများ ၀င်ရောက်လာခဲ့သည်။

နောက်တစ်နေ့
မြို့ ကြီးသို့ ခွဲစိတ်ကုဆရာဝန်များ
ရောက်လာခဲ့သည်။

နောက်တစ်နေ့
မြို့ ကြီးသို့ မိန်းမပျက်နှင့် ကဗျာဆရာများ
ရောက်လာခဲ့သည်။

နောက်တစ်နေ့
မြို့ ကြီးသို့ စည်သွတ်ဘူးနှင့် ပူပူနွေးနွေးချက်လက်မှတ်များ
ရောက်လာခဲ့သည်။

နောက်တစ်နေ့
မြို့ ကြီးသို့ "အငမ်းမရဖြစ်ခြင်းနှင့် ကောင်းစွာသေဆုံး
ခြင်း" စာအုပ်အသစ်များ
ရောက်လာခဲ့သည်။

နောက်တစ်နေ့
မြို့ ကြီးသို့ ကောင်းကင်ဘုံက ရိုက်လိုက်တဲ့ သံကြိုးစာ
ရောက်လာခဲ့သည်။

နောက်တစ်နေ့
မြို့ ကြီးသို့ တရားဟောဆရာ(တွေးခေါ်ရှင်) နှင့်
အမဲလိုက်ခွေးများ
ရောက်လာခဲ့သည်။

နောက်တစ်နေ့
မြို့ ကြီးသို့ အိပ်ပျော်ရသော သစ်စေ့ (သူ့အိပ်မက်က
သစ်ပင်တဲ့) နှင့် ပိုးဟပ်များ
ရောက်လာခဲ့သည်။

နောက်တစ်နေ့
မြို့ ကြီးသို့ မီးသတ်သမားနှင့် နတ်ကတော်များ
ရောက်လာခဲ့သည်။

နောက်တစ်နေ့
မြို့ ကြီးသို့ နှိုးစက်နှင့် ဘူဖဲများ
ရောက်လာခဲ့သည်။

နောက်တစ်နေ့
မြို့ ကြီးသို့ နေရောင်ခြည်နှင့် လတ်လတ်ဆတ်ဆတ်
ဆီးနှင်းများ ရောက်လာခဲ့သည်။

နောက်တစ်နေ့
"ကောင်းသောနံနက်ခင်းပါ"
မြို့ ကြီးရဲ့ နှုတ်ခွန်းဆက် သ၀ဏ်လွှာကို
ကျွန်တော်က လူကြီးမင်းထံ ရေးသားပေးပို့လိုက်ပါသည်။

နေမျိုး

ကမ်းရှာငှက် (ငြိမ်းအေးအိမ်)

ကမ်းရှာငှက်
ကမ်းရှာငှက် (ငြိမ်းအေးအိမ်)

(၁)
မှတ်ချက်။ ။ မူရင်းစာမျက်နှာ(၁) image file အား ဖွင့်မရပါသဖြင့် ၎င်း စာမျက်နှာအားချန်လှပ်၍ စာမျက်နှာ(၂)၊(၃)နှင့်(၄) ကိုသာ ဖော်ပြခွင့်ရပါသည်။
------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------
နှလုံးသားတွေခမျာ ဘယ်လိုရှိကြရှာမလဲ။ “ဘယ်တော့များမှ” မေးခွန်းတွေ ဘယ်တော့များမှ အဆုံးသတ်သွား ကြမှာလဲ။ တလက်လက် တရွဲရွဲ ပုလဲလုံးတွေအတွက် အစတေးခံလိုက်ရတဲ့ ကမာကောင်တွေကို ဘယ်သူ သတိရဖူးသလဲ။ ပိတ်ထားတဲ့မျက်ခွံအောက်မှာ မေးခွန်းတွေချည်းပဲ ၀ဲလှည့်နေတာနဲ့ မျက်လုံးပြန်ဖွင့်လိုက် တော့ ကျနော့်ကိုကျနော် မန္တလေးအဆန်ရထားပေါ်မှာ တွေ့လိုက်ရတယ်။ ကျနော်က(အကြီး)ကို တွေ့တာပါ။ လက်ထဲမှာ စာအုပ်တစ်အုပ်၊ ရထားတွဲပေါ်မှာ တစ်ညစာလိုက်ငှားတဲ့ မဂ္ဂဇင်းတွေထဲက တစ်အုပ်ပေါ့။
သူ (ကျနော် (အကြီး))ဟာ ၂၀၀၅ခု မတ်လထုတ်၊ ရုပ်ရှင်သစ္စာမဂ္ဂဇင်း၊ အမှတ်(၂၇၂)စာအုပ်ထဲက ကဗျာတွေဖတ်နေတယ်။ အဲဒီကဗျာတွေထဲက “လက်ျာဝင်း” ရဲ့ “ကျန်ရစ်သူ” ကဗျာကိုဖတ်ပြီးတဲ့အခါ ကျန်တာတွေကို ဆက်မဖတ်တော့ဘူး။ မဟုတ်ဘူး။ ဖတ်သေးတယ်။ အဲဒီကဗျာကိုပဲ ဆက်ဖတ်တယ်။ တစ်ခေါက်၊ နှစ်ခေါက်၊ သုံးခေါက်၊ ထပ်ဖတ်ပြန်တယ်။ တစ်ပိုဒ်ချင်းစီ၊ နောက်တော့စာအုပ်ကို ရင်ဘတ်ပေါ် တင်ပြီး သူ့မျက်လုံးကိုမှိတ်လိုက်တယ်။ သူ့မျက်လုံးထဲမှာ ကျနော်(အငယ်ကောင်) ထပ်ပေါ်လာတယ်။ သံကိုသံချင်း ပွတ်တိုက်သံတွေ ကျယ်လောင်လာလိုက်တာ၊ အမှောင်တွေကလည်း ဘာကိုမှ တိုးမပေါက် လောက်အောင် ပိန်းပိတ်လို့။
လူတွေ၊ လူတွေ၊ ပန်းပွင့်တွေ၊ တိမ်တိုက်တွေ၊ ကလေးမျက်ဝန်းလဲ့လဲ့တွေ၊ သနပ်ခါးနံ့တွေ၊ သစ်တော ညို့ညို့တွေ၊ တောင်တန်းမြင့်မြင့်တွေ၊ တိမ်ထူထူတွေ၊ မျုသားအလိပ်လိပ်တွေ၊ သံယောဇဉ်ကြိုးတွေ၊ တာဝန် ရှိခြင်းနဲ့ တာဝန်သိခြင်းတွေ၊ ဆီပြားမပါတဲ့ ဟင်းလျှာတွေ၊ ကျောင်းလွယ်အိတ်လေးလေးကြီးတွေ၊ ဆံပင်ဖြူဖြူ တွေ၊ ပါဝါမျက်မှန်တွေ၊ ရေစီးသံတွေ၊ မရပ်မနားပေါ်လာတယ်။ ပေါ်နေတယ်၊ သူ မျက်လုံးပြန်ဖွင့်တယ်။ ကဗျာ ဆက်ဖတ်တယ်။ ဆက်ဖတ်ဖို့ကြိုးစားတယ်။ မရတော့ဘူး။ ကဗျာက သူ့ကိုပြန်ဖတ်သွားတယ်။ အသံတွေက သူ့ကိုပြန်ဖတ်တယ်။ အတိတ်မြင်ကွင်းတွေက သူ့ကိုပြန်ဖတ်တယ်။ အမှောင်တွေက သူ့ကိုပြန်ဖတ်တယ်။ သူကိုယ်တိုင်က သူ့ကိုပြန်ဖတ်သွားတောတယ်။ အကြိမ်ကြိမ်။

(၂)
“ ခြံဝက ဘောစကိုင်းတွေ
အရိပ်တောင်ရနေပါပကော
အိမ်ရှေ့မြောင်းထဲ
ကန်စွန်းနွယ်တို့
အလွမ်းသယ်ခဲ့ကြတာ
တစ်နွေပြီးတစ်နွေ ”

ဘောစကိုင်းပင်ဟာ တစ်နှစ်ကိုအရပ်ဘယ်လောက် ရှည်ထွက်တတ်ပါသလဲ။ ဘောစကိုင်းတစ်ပင်ဆီက အရိပ်ရဖို့ နှစ်တွေဘယ်လောက် စောင့်ဆိုင်းရပါသလဲ။ အချိန်တွေက ခါးလျှား ရှည်လွန်းလှလိုက်တာ။ စောင့်ဆိုင်းနေရသူအတွက် ကွဲကွာခြင်းဝေဒနာကို ခံစားနေရသူတွေအတွက်တော့ ပုံမှန်ထက်ကို ပိုရှည်လျှား နေလိမ့်မယ်။ ”ကြာခဲ့ပြီပဲ” ဆိုတဲ့ တစ်ကိုယ်ရေ ညည်းညူသံမှာ စိတ်မသက်သာစရာတွေ ဘယ်လောက်တောင် များ ပါဝင်နေလိမ့်မလဲ။
အိမ်ရှေ့မြောင်းထဲက ကန်စွမ်းနွယ်တွေ အလွမ်းသယ်ခဲ့ကြတာ တစ်နွေပြီးတစ်နွေတဲ့။ အဲဒီဝါကျကိုဖတ်ရတာ အလွမ်းပြဇာတ်တစ်ပုဒ်ရဲ့ အဖွင့်ကိုကြည့်မြင်ခွင့်ရလိုက်သလိုပဲ။
အိမ်ရှေ့မှာ ရေမြောင်းကလေးရှိသတဲ့။
ဒါဆို ကဗျာထဲက အိမ်ကလေးဟာ ၀င်ဒါမီယာမှာ မဖြစ်နိုင်ဘူး။ လုံးချင်းအိမ်ယာနဲ့ ကွန်ဒိုတိုက်ခန်း မဖြစ်နိုင်ဘူး။ သာမာန်အရပ်သူ အရပ်သားတွေနေတဲ့ (မြို့အစွန်က ရပ်ကွက်လေးတစ်ခုမှာ ဖြစ်ချင်လည်း ဖြစ်မှာပေါ့) ရပ်ကွက်လေးတစ်ခုထဲက အိမ်ကလေးပဲဖြစ်မှာပေါ့။ အိမ်ကလေးရဲ့ မိသားစုဝင်တွေဟာ ဒီမြောင်း လေးထဲက ကန်စွန်းနွယ်တွေကိုသာ အဓိက အာဟာရအဖြစ် ဘယ်လောက်တောင်များ မှီခိုအားထားခဲ့ရပါ သလဲလို့ တွေးနေမိတယ်။ အိမ်ရှင်နဲ့ နေ့တဓူဝ ထိတွေ့ ဆက်ဆံနေရတဲ့ ကန်စွမ်းနွယ်လေးတွေဟာ သူတို့မတွေ့မြင်ရတာ ကြာပြီဖြစ်တဲ့ အိမ်ရှင်ကိုလွမ်းနေလိုက်ကြတာ တစ်နွေပြီးတစ်နွေတဲ့၊ တစ်နှစ်ပြီး တစ်နှစ်ဆိုတဲ့ ကာလအကြာကြီးကို ပြောချင်တာ၊ ပြချင်တာနေမှာ။
ကဗျာရဲ့ ပထမပိုဒ်မှာတင် ကျန်ရစ်သူ ခွဲခွာသူတွေနဲ့ ဖွဲ့တည်ထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ကို စိတ်ဝင်စားဖွယ် မြင်တွေ့လိုက်ရပါတယ်။

“ မြောင်းကူးတံတားလေးပေါ့
သူ့သခင်ပြန်သည်အထိ
သူ့ကျန်းမာရေးက
စိတ်မှစိတ်ချရပါ့မလာလို့။ ”

ခုနက အိမ်ကလေးရဲ့ရှေ့မှာ ရေမြောင်းကလေးရှိမယ်။ အဲဒီမြောင်းကို ဖြတ်ပြီးဆောက်ထားတဲ့ တံတားလေးတစ်စင်းရှိမယ်။ မြောင်းကူး တံတားလေးပေါ့။ ဒီတံတားလေးကို အိမ်ရှင်ကိုယ်တိုင် ဆောက်လုပ်ထားခဲ့တာလည်း ဖြစ်နိုင်တာပဲ။ ဘယ်လို တံတားမျိုးလေးပါလိမ့်။ ခနော်နီခနော်နဲ့ သစ်သားတံတားလေးလား။ ၀ါးတွေကို ဟိုတစ်ချောင်းဒီတစ်ချောင်း ပြီးစလွယ် စုချည်ထားတဲ့ တံတားမျိုးလား။ တံတားမှာ သူ့သခင်ရှိခဲ့တယ်။ သခင်ဟာ သူ့ကိုယ်ပေါ်မှာ နေ့နေ့ညည ဖြတ်ကူးခဲ့ဖူးတယ်။ တစ်ခါတစ်ရံ အလေးအပင်တွေ သယ်မ, လာတဲ့အခါမျိုးမှာဆို လက်ရမ်းကိုတင်းတင်းဆုပ် ဖြည်းဖြည်းချင်းလှမ်းလို့၊ တစ်ချို့ရက်တွေမှာတော့ ကဗျာကသီ ကသုတ်ကယက် ခပ်သုတ်သုတ်ဖြတ်ကူးလို့၊ တစ်ခါတစ်လေမှာ ဇနီးသည်ကိုလက်ကဆွဲ အေးအေးလူလူ လျှောက်လှမ်းလို့။
ကြာခဲ့ပြီ။ အဲဒီရက်တွေကြာခဲ့ပြီ။ သူ့သခင်ဟာ တံတားလေးရဲ့ကျောပေါ် ဖြတ်မနင်းခဲ့တာကြာလှပါပြီ။ သခင်နဲ့သူ ကင်းကွာခဲ့တာ ရာသီအလီလီရှိပေါ့။ နှစ်လတွေ ညောင်းလှပေါ့။ ခုဆို တံတားလေးတောင် အိုမင်းစပြုနေပြီ။ အသက်ကြီးလာတဲ့ တံတားအိုလေးဟာ ကျန်းမာရေးလည်း ချူချာလာပြီ။ သူ… (တံတားအိုလေး)ဟာ သခင်ကိုလွမ်းနေရဲ့။ တစ်နေ့နေ့ တစ်ချိန်ချိန်မှာတော့ သခင်ပြန်လာကောင်းရဲ့လို့ မျှော်နေရှာတယ်။ သခင်ဘယ်တော့များမှ ပြန်လာမလဲ။ ချူချာလာတဲ့ကျန်းမာရေးက သခင်ပြန်လာတဲ့အထိ သူ့ကိုအသက်ရှင်နေထိုင်ခွင့်ပြုမှာ သေချာရဲ့လား။ ရာသီအမျိုးမျိုးကသူ့ကို တတိတိတိုက်စားနေတဲ့ကြားထဲမှာ တံတားအိုလေးဟာ သူ့သခင်ကိုမျှော်လင့် ကြိုးစားစောင့်နေရှာတယ်။
ကဗျာထဲက မြောင်းကူးတံတားလေးဟာ ဇာတ်ကောင်တစ်ကောင်အဖြစ်ပါဝင်လာခဲ့ပြီ။ ဟောဒီ အိမ်လေးမှာ လွန်ခဲ့တဲ့နှစ်ပေါင်း များစွာကတည်းက သူကိုစွန့်ခွာသွားခဲ့သူတစ်ဦး ရှိခဲ့ဖူးကြောင်း ပြောပြလာခဲ့ပါတယ်။

“ အုန်းပင်လေးကတော့
သူ သီးပွင့်တွေ ဝေမြိုင်လာတဲ့အခါ
ဥယျာဉ်မှုး ရှိမနေမှာဘဲ စိုးသတဲ့။ ”

စွန့်ခွာသူဟာ သူရှိစဉ်က ဒီအုန်းပင်လေးကို ခြံခတ်ပြီး အကာအကွယ်ပေးကောင်း ပေးခဲ့လိမ့်မယ်။ ခုတော့ ဒီအပင်လေးဟာ သီးချိန်တန်ခဲ့ပြီ။ အုန်းပင်လေးခမျာ သီးပွင့်ချိန်တန်သည်အထိ ပြုစုကာကွယ် စောင့်ရှောက်မယ့်သူ မရှိဘဲ နှစ်ပေါင်းဘယ်လောက်ကြာအောင် ဖြတ်သန်းခဲ့ရပါသလဲ။ ဘာပဲဖြစ်ဖြစ် အုန်းပင်လေးခမျာတော့ ဒီအရွယ်ရောက်သည်အထိ “ပျိုးလက်” ကိုတမ်းတစွာ လွမ်းနေဆဲ။ သူ့အသီးတွေ ဝေတဲ့အခါ သူ့သခင်ကိုရှိစေချင်တဲ့ စိတ်ကလေးကိုက လွမ်းစရာကောင်းလိုက်တာ…
စွန့်ခွာသွားသူနဲ့ ပတ်သက်သမျှတွေကတော့ အဲဒီလူကို လွမ်းတမ်းတတ စောင့်မျှော်နေကြတယ်။ သူတို့သခင် အိမ်ပြန်ချိန်ကိုပေါ့။ ပြည်တော်ဝင်ချိန်ကိုပေါ့။ ဒါဆို ဒီလူဟာ အားလုံးရဲ့ချစ်ခင်လေးစားခြင်းကိုခံရတဲ့ လူကောင်းလူမွန်တစ်ယောက်၊ ချစ်စရာကောင်းတဲ့လူတစ်ယောက် ဖြစ်မှာပေါ့။ ဘာရယ်မသိသေးပေမယ့် စိတ်ဝင်စားဖို့ ကောင်းလှတဲ့ဇာတ်လမ်း ဖြစ်စဉ်လေးကတော့ ခေါင်းထဲမှာ တစ်လက်လက်နဲ့ လူးလွန့် လာနေပါတော့တယ်။

“ ရင်သွေးငယ်လေးရဲ့ ပညာရေးမှတ်တမ်းမှာ
နောက်ထပ်
လက်မှတ် ဘယ်နှစ်ခါထိုးရဦးမှာလဲ။ ”
စွန့်ခွာသွားသူဟာ ပျိုရွယ်တဲ့အိမ်ထောင်ရှင်၊ အိမ်ထောင်ဦးစီးတစ်ယောက်ဖြစ်ခဲ့တာ နည်းနည်း ရုပ်လုံးပေါ်လာပါပြီ။ “ခြံဝမှာ ဘောစကိုင်းပင်တွေ အရိပ်တောင်ရနေပါပကော” လို့ တစ်ကိုယ်တည်း တမ်းတမ်းတတ ပြောခဲ့သူဟာလည်း ရင်သွေးငယ်တစ်ဦးရဲ့ မိခင်ဖြစ်ကြောင်း ရိုးတိုးရိတ်တိတ် ပေါ်လာပါတယ်။ အများအားဖြင့်တော့ ကလေးပညာရေးမှတ်တမ်းစာအုပ်ရဲ့ မိဘလက်မှတ်နေရာမှာ အိမ်ထောင်ဦစီးဖြစ်တဲ့ အဖေတွေကသာ လက်မှတ်ထိုးပေးလေ့ရှိတယ်၊ အဖေမရှိမှ အဖေ့ကိုယ်စား အမေက လက်မှတ်ထိုးပေးလေ့ ရှိကြတာကိုး။ ဒီကဗျာထဲမှာတော့ ရင်သွေးငယ်ရဲ့ ပညာရေးမှတ်တမ်းမှာ စွန့်ခွာသွားသူ ခင်ပွန်းသည်ကိုယ်စား မိခင်က လက်မှတ်ထိုးပေးနေတာ အကြိမ်ပေါင်းများစွာ ရှိရော့မယ်။ သူ ပင်ပန်းလွန်းလှပါပြီ။ ကလေးအဖေ ကိုယ်တိုင်ကို လက်မှတ်ထိုးစေချင်လှပါပြီ။ “ရင်သွေးငယ်ရဲ့ပညာရေးမှတ်တမ်းမှာ နောက်ထပ် ဘယ်နှစ်ခါ လက်မှတ်ထိုးရဦးမလဲ” တဲ့ မောဟိုက်နွမ်းနယ်နေတဲ့ အိမ်ထောင်ဦးစီးမဲ့ မိခင်တစ်ယောက်ရဲ့ တမ်းတစကား မေးခွန်းဟာ ဇာတ်ကိုပို အရှိန်မြင့်စေခဲ့ပါတော့တယ်။

“ ဓနိတွေပိုးဖောက်လို့
မိုးပေါက်ပေါက်ယိုလေတိုင်း
ဓားကိုသာ နာနာဖိသွေးရ
မုဆိုးမအိမ်မှ မဟုတ်ပဲလေ။ ”

ဓနိတွေပိုးဖောက်လို့ မိုးပေါက်ပေါက်ယိုတဲ့အခါ အားကိုးစရာလင်သားမရှိဘဲ မိန်မတစ်ယောက်ထဲ ရုန်းကန်နေရတဲ့ နှစ်ရှည်လများ ရက်စွဲများကို အားနာနေမိပါတော့တယ်။
ဘာလို့လင်သားမရှိတာလဲ။
ဆုံးပါးသွားလို့မရှိတာမဟုတ်ပါဘူး။ ချန်ရစ်မိသား ခွဲရလို့မရှိတာပါ။ သူ ကျန်နေရစ်ခဲ့ရလို့ မရှိတာဖြစ်ကြောင်း “မုဆိုးမအိမ်မှ မဟုတ်ပဲလေ” ဆိုတဲ့စာကြောင်းနဲ့ဖော်ပြခဲ့ပါတယ်။ ဓားတုံးတုံးတွေကို မုဆိုးမအိမ်ကဓားလို့ ကျနော်တို့တင်စားနေကြ မဟုတ်လား။ ကဗျာထဲက ကျန်ရစ်သူအမျိုးသမီးကတော့ အဲသလိုကို အပြောမခံနိုင်လို့ သူ့ဓားကိုအမြဲထက်နေအောင် နာနာသွေးနေရကြောင်း ပြောလိုက်ပါတယ်။ ကိုယ့်အားကိုယ်ကိုးပြီး အခိုအတွယ်မဲ့ရပ်တည်နေရခြင်း ရုန်းကန်နေရခြင်းတွေနဲ့အတူ လောကဓံကို ကြံ့ကြံ့ခံရင်ဆိုင်နေရတဲ့ ထက်မြက်တဲ့ မိန်းမတစ်ယောက်ရဲ့ မာနကို လှစ်ခနဲမြင်ရအောင် အတိုဆုံးဖွဲ့ပြလိုက်တာပါပဲ။

“ ကမ်းရှာသူရေ
လေကောင်းလေသန့်တွေ ရွှဲအီနေတဲ့
သံလွင်ပင်များနဲ့ ကမ်းခြေ
အမြန်ဆုံး သက်ဆင်းနိုင်ပါစေ။ ”

“ကမ်းရှာသူရေ…” ဆိုတဲ့ ကျန်ရစ်ခဲ့သူရဲ့ တမ်းတရေရွတ်ခြင်းမှာ အနက်အဓိပ္ပါယ်တွေ များလွန်းလှပါတယ်။ “ကမ်း” ဟာ ပန်းတိုင်ဖြစ်တယ်။ အောင်ပွဲဖြစ်တယ်။ ခရီးဆုံးဖြစ်တယ်။ မျှော်လင့်ချက်ဖြစ်တယ်။ တစ်ဘ၀လုံးရင်းခဲ့ပြီးမှ ပြန်လာရတဲ့ ရတနာဖြစ်မယ်။ စောင့်ဆိုင်းခဲ့ရပြီးတဲ့ နေ့ရက်ရှည်များရဲ့ အလင်းဝိညာဉ်ဖြစ်တယ်။ လူတစ်ယောက်ရဲ့ မိသားတစ်စုရဲ့၊ ဒါမှမဟုတ် လူတွေ အများကြီးရဲ့ အရာရာဖြစ်မယ်။
ကျန်ရစ်ခဲ့သူက အဲဒီ“ကမ်း”ကို ဘယ်လိုကမ်းမျိုး ဖြစ်စေချင်ပါသလဲ။
“လေကောင်းလေသန့်တွေ ရွှဲအီနေတဲ့၊ သံလွင်ပင်များနဲ့ ကမ်းခြေ” တဲ့။ ဒီစာတစ်ကြောင်းက ရင်ထဲမှာ အလင်းဓာတ်ရသွားစေခဲ့တယ်။ အသက်ရူလို့ ၀သွားတယ်။ မွန်းကြပ်ပင်ပန်းခဲ့သမျှ ပြေပျောက်သွားတယ်။ ချက်ချင်းလိုလိုပဲ ခရီးကြမ်းကြီးကို အပမ်းတကြီး ဖြတ်သန်းခဲ့ပြီးပြီ။ စိတ်ချလုံခြုံရာကမ်းခြေမှာ ဆိုက်ကပ်နိုင်တဲ့ လှေတစ်စီးဖြစ်သွားတယ်။ တစ်ကိုယ်လုံးမှာ အပျော်တွေ လျှံတက်လာတယ်။
ကိုယ့်ကိုယ်ကို ကမန်းကတန်း ပြန်ကြည့်မိတယ်။
အော်……. လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်ကျော်က အဆန်ရထားနဲ့ ခရီးထွက်ခဲ့တဲ့ ကျနော်(အငယ်)ဟာ အတော်အိုနေပြီပဲ။
သူ (ကျနော်အငယ်) ကမ်းကပ်ခွင့်ကြုံခဲ့ပါသလား။
လေကောင်းလေသန့်နဲ့ ရွှဲအီနေတဲ့ အောင်မြင်ခြင်း သင်္ကေတ သံလွင်ပင်များ ကမ်းလုံးပြည့်တဲ့ ဒေသကို ရောက်ဖူးခဲ့ပါသလား။
ခေါင်းမှာ ဆံပင်တွေမရှိတော့ဘဲ ပြောင်ချော်ချော် အရေပြားတစ်ချပ်ကိုသာ ဦးထုပ်လိုဆောင်းထားတဲ့ မှုန်ဝေေ၀ ကျနော့်မျက်လုံးတွေက ကျနော့်ကို ငေးရီကြည့်နေကြ။
အဲဒီ ခဏလေးမှာ ဒီ “ကျန်ရစ်သူ”ကဗျာကိုရေးဖွဲ့ခဲ့တဲ့ ကဗျာဆရာ “လက်ျာဝင်း”ကို အဲဒီကဗျာအတွက် ကျနော်မုန်းတီးသွားမိပါသလား။ သိပ်ကို ကျေးဇူးတင်မိလိုက်ပါသလား။ ကိုယ့်ဘာသာ အသေအချာမသိတော့။
သိပ်သေချာတာကတော့ “ကျန်ရစ်သူ”ကဗျာဟာ ကျနော့်အတွက်တော့ သိပ်ကိုခံစားရလွန်းတယ်။
“လေးဖြူ” ကိုမုန်းတယ်၊ “သော်ဒီဝေ” ကိုမုန်းတယ်။ “အလင်းရောင်”သီချင်းကိုမုန်းတယ်။
ကျနော်ဘာကြောင့် မုန်းတာလဲ။
ဒီသီချင်းကိုခင်ဗျားတို့ နားထောင်ကြည့်လိုက်ပါဦး။ ပါဝါ အားကြီးလှတဲ့အသံနဲ့ မုန်းစရာကောင်းလွန်းအောင် လှပအားရှိတဲ့ စကားလုံးတွေ။

“မျှော်လင့်ထားရခြင်း
ရင်မှာရှုးသွပ်ဆဲ
အလင်းရောင်
ရင်ခုန်သံတွေ နီးစပ်ပါရစေအချစ်ရေ
ဒီကံကြမ္မာအမှောင်တွေကို ကြောက်ရွံ့နေဆဲ
နေရောင်ခြည် မနက်ခင်းကို ရောက်မယ်
အကြင်နာရင်မှာလေ ကိုယ့်ရဲ့လမင်း (အလင်းရာင်)
ရင်ခုန်သံတွေစာနာပါကွယ် ချစ်သူ
အလင်းရောင်
သန်းခေါင်ယံညနက်ထဲ
ဒဏ်ရာများနဲ့ အိပ်စက်
အလင်းရောင်”
နားထဲမှာ “အလင်းရောင် .. .. .. အလင်းရောင်” ဆိုတဲ့ အသံတွေချည်း ကြားနေရတယ်။ ကျနော့်ရထားကြီး ဘယ်အရပ်ဆီသွားနေပါလိမ့်။ မှောင်ချည်းမဲမဲမှာ သံကိုသံချင်းပွတ်သံတွေပဲ ကြားနေရတယ်။ လွင့်ခါယိမ်းထိုးမှုတွေကိုပဲ ခံစားနေရတယ်။ ဒါပေမယ့် ကျနော်တို့ ခရီးသွားနေတယ်။ ရထားကြီးက သူ့အလုပ် သူလုပ်လို့။ ကျနော်တို့က ရထားကြီးပေါ်မှာလိုက်ပါလို့။ တစ်ချိန်ချိန်မှာ ကျနော် (အကြီးရော အငယ်ပါ) ပျောက်ကွယ်သွားလိမ့်မယ်။ သွားနေတဲ့ရထားကြီးလဲ ဘူတာဆိုက်ရောက် ရပ်တန့်သွားလိမ့်မယ်။ မှောင်နေတဲ့ ညကို အလင်းနေ့က အစားထိုးဝင်ရောက်လာလိမ့်မယ်။
“ကျန်ရစ်သူ” ကဗျာကိုဖတ်ရလို့ ခံစားရတဲ့ ရှတခါးသက် လွမ်းမောခြင်းအနာသာ ဘယ်အချိန်အထိ ကျနော့်ရင်ထဲ ထင်းထင်းကြီးပါနေမှာပါလိမ့်။ ။
ငြိမ်းအေးအိမ်

(အခက်အခဲအရ စာရေးသူထံမှ ခွင့်ပြုချက်တောင်းခံ နိုင်ခဲ့ခြင်းမရှိပါ။ မူရင်းသည် image ဖိုင်ဖြစ်သောကြောင့် ထင်ထင်ရှားရှား ဖတ်ရှုရန်ခက်ခဲသဖြင့် ထပ်ဆင့်ကူးယူဖော်ပြခြင်းသာဖြစ်ကြောင်း ၀န်ခံပါသည်။)
ဂျိုး(ငြိမ်းချမ်းရေး)

ငှက်တွေ ဆောင်းမခိုမီ(ငြိမ်းအေးအိမ်)

ငှက်တွေ ဆောင်းမခိုမီ
(ငြိမ်းအေးအိမ်)

(၁)
ကျနော်ဟာ အခါအားလျော်စွာ ကဗျာတွေကို စုတတ်ပါတယ်။ ချစ်လို့ပါ။ ကျနော့ စက်ထဲမှာ “စုထားတဲ့ကဗျာ“ဆိုတဲ့ နာမည်နဲ့ ဖိုင်လေး ဖွင့်ပြီး၊ ကိုယ်ဖတ်ဖြစ်တဲ့အထဲက နှစ်သက်ရာကဗျာတွေကို သိမ်းထားလေ့ရှိတာ အကျင့်တစ်ခုလို ဖြစ်နေပါပြီ။
အားလပ်တဲ့အခါမျိုး၊ စိတ်ဆာတဲ့အခါမျိုးမှာ အဲဒီဖိုင်လေးပြန်ပြန်ဖွင့်ပြီး ဖတ်လေ့ရှိပါတယ်။ တခါတလေ ဒီဖိုင်လေးကို ပြန်ဖွင့် ဖြစ်ဖို့ လ ပေါင်းများစွာ ကြာချင်လည်း ကြာသွားတတ်ပါရဲ့။ အားလပ်ခြင်းနဲ့ စိတ်ဆာခြင်း နှစ်မျိုးစလုံး တစ်ပြိုင်နက်ဖြစ်ဖို့ အဲသည်လောက် အချိန် တွေကြာဖို့ လိုသလားတော့ မပြောတတ်ပါ။
ကျနော့ဖိုင်လေးထဲမှာ အင်္ဂလိပ်ကဗျာတွေပါတယ်။ မြန်မာကဗျာတွေပါတယ်။ ရွတ်ဆိုလို့ရတဲ့ ကဗျာတွေပါတယ်။ အမြင်ကဗျာတွေလည်း ပါတယ်။ အလွယ်တကူ ဆွဲယူ (download) လို့ရတဲ့ အွန်လိုင်းတင် မဂ္ဂဇင်းက ဟာတွေ ပါတတ်တယ်။ စက်ဖွင့်ထားတုန်း လစဉ်ထုတ် မြန်မာမဂ္ဂဇင်းထဲက ကြိုက်တာလေးများတွေ့ရင်လည်း ကောက်ကက်ရိုက်ထည့်လိုက်တာပါပဲ။ အောက်ခြေမှာ ဘယ်လထုတ်၊ ဘယ် စာအုပ်ထဲက ဘယ်သူရေးတာဖြစ်ကြောင်းလေးပါအောင်၊ ထည့်သိမ်းလေ့ရှိပါတယ်။
တစ်ရက်မှာတော့ ဒီလိုတောင်လိုပုံနေတဲ့ ကဗျာတွေကြားထဲမှာ၊ ပုံနှိပ်မှတ်တမ်းရိုက်ဖို့၊ (ဒါမှမဟုတ်) ဆွဲယူလိုက်ဖို့ မေ့လျော့ သွားပုံရတဲ့ ကဗျာလေးတစ်ပုဒ် တွေ့လိုက်ရပါတယ်။ ကျနော်သိမ်းထားတာ ဘယ်လောက်တောင်ကြာပြီလဲ မသိတတ်တော့။ ရေးသူကိုကြည့်တော့ လဲ ကြားဖူးနေကျထဲကမဟုတ်။ ကဗျာပုံသဏ္ဍာန်က မိုးဝေခေတ်ကာလတုန်းကလိုမျိုး၊ နည်းနည်းဆင် သလို ရှိပေမယ့် ပါဝင်တဲ့ အကြောင်းအရာကတော့ ဒီဘက်ခေတ်ကို တော်တော်ကြီးရောက်နေပါတယ်။ “ဆားရောဂါ” “ရက်ပ်သီချင်း ” “ဂလိုဘယ်လိုက်ဇေးရှင်း” “အကြမ်းဖက်သမား” “အီရတ်စစ်ပွဲ” အကြောင်းအရာတွေက (၂၀၀၅) ခုနှစ်နဲ့ သိပ်တော့မဝေးကွာလှသေးဘူးလို့ ညွှန်ပြနေပါတယ်။
သူ့ကဗျာထဲမှာ “၇၀ နှစ်လွန် ကဗျာဆရာများ” နှစ်သက်စွာ သုံးစွဲတတ်တဲ့ မောင်သာနိုးရဲ့ မလင်းပြာ၊ နဲ့ ဒါးတောင်သံချောင်း ကို တွေ့ လိုက်ရတော့ ...။ရွှေဘကို အရှင်လတ်လတ်မြင်လိုက်ရတော့...။ဒီဆရာဟာ လူငယ်ကဗျာဆရာတစ်ယောက်မှ ဟုတ်ပါရဲ့လားဆိုတဲ့ အတွေးတွေ ၀င်လာပါတယ်။ကြီးတာ၊ငယ်တာ၊ သစ်တာ၊ ဟောင်းတာ ကျနော့အတွက် သိပ်ကိစ္စ မရှိပါ။ ကြိုက်လို့ပဲ ကျနော့်ဖိုင်ထဲ ရောက်နေပြီပဲ။ကဗျာကို ကျနော် ပြန်ဖတ်မိပါတယ်။ တစ်ကြိမ်၊ နှစ်ကြိမ်၊... သုံးလေးကြိမ်။အဲဒီနောက်တော့ ခုရေးနေတဲ့ ကဗျာခံစားမှုဆောင်းပါးလေး ဖြစ်လာတော့တာပါပဲ။ ကဗျာဆရာက ယောဟန်အောင်ဖြစ်ပြီး၊ သူ့ကဗျာ ခေါင်းစဉ်က လက်ျာအစွန်းရောက်ဆောင်း ပါတဲ့။
(၂)
လက်ျာအစွန်းရောက်ဆောင်း

အနွေးထည်ပွပွကြီးတွေ
ထပ်ထပ်ကျပ်စည်းထားတဲ့သူ
ငါလည်း အနှစ်အသားနည်းနည်း
အခေါက်အပွေးထူထူ လူလိုဖြစ်နေရ။
ခေတ်ကိုက မကောင်းတာပါ။
ဒီတခါဆောင်းက အကြောင်းဖန်တယ်။
ဒို့မိဘများ ပြောတတ်တဲ့
ဆုပ်ကပ်ဆိုတာမျိုးပေါ့။
အလွန်အေးတဲ့အရပ်မှာ။ ဘာမှ လုပ်စရာအလုပ်မရှိတဲ့ အခြေအနေမျိုးမှာ။ ငေါင်းစင်းစင်းနေခဲ့ရတဲ့ရက်တွေ ကျနော့ဘ၀မှာ ရှိခဲ့ဖူးပါတယ်။ အဲလို အခါမျိုးမှာ ကိုယ့်ဘာသာကိုယ် ပြန်တွေးနေမိတတ်ရဲ့။ ထုံးစံအတိုင်း ဘ၀အဓိပ္ပါယ်တို့။ ကိုယ့်ရဲ့တည်ရှိ ခြင်းတို့။ ဖြစ်တည် ခြင်းတို့။ အဓိပ္ပါယ်ရှိစွာ ရှင်သန်နေထိုင်ခြင်းနဲ့ သေဆုံးသွားခြင်းတို့ စသဖြင့်ပေါ့။ ဘာအဖြေမှ ရေရေရာရာ ရလိုက်တယ် မရှိခဲ့ပါဘူး။ ကိုယ့်ကိုယ်ကို တော့ ဖြတ်သန်းမှုတွေ အများကြီးရှိခဲ့။ လုပ်ဆောင်ချက်တွေ တစ်ပုံကြီး ပြီးစီးခဲ့။ သိထားတာတွေကလည်း မနည်းမနော ရှိခဲ့လို့ အထင်တကြီးဖြစ်နေပေမယ့်၊ လက်တွေ့မှာ ဘာတစ်ခုမှ ဖြစ်မလာတာကို လည်း ကိုယ့်ဘာသာသေသေချာချာကြီးကို သိနေပြန်ပါ တယ်။ ကိုယ့်မှာ တစ်ခုခုလိုနေတာကိုသာ သိနေတယ်။ ဒါကို ဘယ်လို ဖော်ပြရမယ် မသိခဲ့ဘူး။ ကိုယ့်အခြေအနေနဲ့ အဖြစ်အပျက်နဲ့ လိုက်ဖက်ညီတဲ့ စကားလုံး၊ ၀ါကျ တစ်ခုတလေမှ မတွေးမိခဲ့ဘူး။ မတွေးတတ်ခဲ့ဘူး။ ဟော .... ခုတော့ ကဗျာဆရာက ကျနော့လိုအပ်ချက်ကို ဖြည့်ပေးလိုက်ပါပြီ။ဟောသလို ၀ါကျတစ်ကြောင်း သူရေးပြခဲ့တယ်။
အနွေးထည်ပွပွကြီးတွေ၊ ထပ်ထပ်ကျပ်စည်းထားတဲ့သူ(ငါလည်း) အနှစ်အသားနည်းနည်း၊ အခေါက်အပွေးထူထူ လူလိုဖြစ်နေရ။
ပြီးကြပါလေရော။ ဒါဟာ ကဗျာဆရာက ကျနော့ရင်ထဲ တည့်တည့်ကြီး ရိုက်ထည့်လိုက်တဲ့ စကားလုံးတွေပါပဲ။ ဟုတ်ပ။ ကျနော်ဟာ အနွေးထည် ထူထူကြီးဝတ်ပြီး၊ ဟန်ရေးပြနေတဲ့ အနှစ်အသားနည်းနည်းနဲ့ အခေါက်အပွေးထူထူ အကောင် တစ်ကောင်ဗျ။
နောက်တော့ သူ့ကဗျာထဲမှာတွေ့ရတဲ့ “ဆုပ်ကပ်” ဆိုတဲ့စကားလုံးက ကျနော်တို့ဖိုးဖွားတွေကို သတိရစေခဲ့တယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း သုံးလေးဆယ်လောက် ကတည်းက၊ ကျနော့အိမ်က အဖိုးအဖွားတွေဟာ ဆုပ်ကပ်ဆိုတာကို မကြာမကြာ ငြီးတွားတတ်ကြတယ်။ သူတို့ စီးပွားရှာဖွေ မကောင်းဘဲ ဆုတ်ယုတ်လာလို့၊ ဆုပ်ကပ်လို့ သုံးနှုံးကြတာလား၊ ဘာသာရေးအရ ကိုင်းရှိုင်းမှုတွေကို လျော့နည်းလာတယ် ထင်ပြီး၊ ဆုပ်ကပ်လို့ ဆိုကြတာလား၊ ကျနော်လည်း မသိဘူး။ ဒါပေမယ့် ဒီစကားလုံး ကြီးက ကျနော့ကိုယ်ထဲ အကြိမ်ပေါင်းဘယ်လောက် တောင် ၀င်ရောက်နေထိုင်ခဲ့ဘူးလဲ မသိတော့ပါဘူး။ ခုချိန်၊ ခုအရွယ် အထိ အဲဒီစကားလုံးကြီးက ကျနော့ရင်ထဲ တပ်စွဲနေထိုင်တုန်း။
လာပြန်ပြီတစ်ခါ။ ကျနော့လို လူမျိုး အဲဒီကဗျာဆရာပေါ့။ သူ့မိဘတွေကလည်း သူ့ကို ဆုပ်ကပ်အကြောင်းပြောပြသတဲ့။ ဒါဆို ကဗျာဆရာနဲ့ ကျနော်ဟာ ခေတ်ကာလတစ်ခုတည်းမှာ လူဖြစ်နေကြသူတွေ ဖြစ်မယ်ထင်ရဲ့။

(၃)
ဂလိုဘယ်လိုက်ဇေးရှင်းကြီးလဲ လာပါလေရော။
ငါလည်း
ဘောင်းဘီတိုဝတ်ရ
ရက်ပ်သီချင်းကြိုက်ရ
သီချင်းသံကြားရင် ကိုယ်တွန့်ခါရ
ကိုယ့်ကိုကိုယ် လစ်လရယ်လိုက်ဇ်နည်းနည်းလုပ်ရ။
အဆီလျော့စားတာနဲ့ယောဂအကြောင်း ပြောရ။
အမေရိကန်ဆန်အောင်
အလံထောင် ဟိတ်ဟန်လုပ်ရ။
ဒီကဗျာပိုဒ်ထဲမှာ လှုပ်ရှားမှုတွေပါတယ်။ သူ့လှုပ်ရှားမှုတွေကို သွက်သွက်ရှင်ရှင်မြင်ရတော့ သူဖြစ်နေမယ့်ပုံကို စိတ်ကူးကြည့် ရင်း ရယ် မိတယ်။ ကျနော်စဉ်းစားတယ်။ ဒီကဗျာဆရာဟာ မြို့သားဖြစ်ရမယ်။ ပညာတတ်ဖြစ်ရမယ်။ ဟိုးဝေလံခေါင်ဖျားက တောသား တစ်ယောက်ဆိုရင်တော့ ဂလိုဘယ်လိုက်ဇေးရှင်းနဲ့ ရက်ပ်သီချင်းကို သိမယ်မထင်။ အဆီလျော့စားဖို့နဲ့ ယောဂ အကြောင်းပြောဖို့ စဉ်းစားမိမှာ မဟုတ်။
ကျနော့ခြေလက်တွေတောင် နည်းနည်းလှုပ်ချင်လာပါလေရော။ အိပ်ဇင်ဘယ်လ်ရဲ့ရက်ပ်။ အက်ဆစ်ရဲ့ ရက်ပ်။ တူးဘစ်ရဲ့ရက်ပ်။ ထွန်းထွန်းရဲ့ရက်ပ်။ နိုးအဖွဲ့ရဲ့ ရက်ပ်။ ဘာဘူရဲ့ရက်ပ်။ စိုင်းစိုင်းရဲ့ရက်ပ်။ အောင်ကောင်းထက်ရဲ့ရက်ပ်။ ခြေလှုပ်လက်လှုပ်လုပ်ရင်း ကောင်းကင်ကိုမော့ကြည့်တော့ ပြည်တွင်းဖြစ်ရက်ပ်သီချင်းတွေ တအိအိပြိုကျလာတာ တွေ့ရ တယ်။ ဖူဂျီယာမတောင်ထိပ်မှာ နှင်းတွေ ဖုံးသလို ကျနော်တို့ဆီက မြို့လမ်းမတွေမှာလည်း၊ ရက်ပ်သီချင်းတွေ ဖုံးတော့မယ်။
ဘဲဥနဲ့ ငါးဖယ်ကျော်တစ်ခုပါတဲ့ မုန့်ဟင်းခါးတစ်ပွဲမှာ ကယ်လိုရီ (၃၈၀)။ ထမင်း (၆) ကျပ်သားမှာ ကယ်လိုရီ (၁၅၅)။ ၀က်သားနှပ် (၁၀၀) ဂရမ် ကယ်လိုရီ (၃၃၈)။ မြေပဲဆီ (၁၀၀) ဂရမ် ကယ်လိုရီ (၈၈၄)။ အဆီဓါတ် (၉၉.၉) ။ တစ်ရက်ကို ကယ်လိုရီ (၂၀၀၀) ထက် ပိုမ၀င်စေနဲ့။ ပိုမယ့် ကယ်လိုရီတွေ ကိုယ်လက်လှုပ်ရှားမှုနဲ့ ရှို့ပစ်။ နို့မို့ရင် အသည်းအဆီဖုန်းမယ်။ ခါးတုတ်မယ်။ ဗိုက်ထွက်မယ်။ ယောဂ ကျင့်စဉ် ဗီစီဒီအချပ်တွေ ၀ယ်ကျင့်။ မနက်မနက်ကို ဗန္ဒုလပန်းခြံမှာ ဖြစ်ဖြစ်၊ ပြည်သူ့ရင်ပြင်ရှေ့မှာ ဖြစ်ဖြစ် “တိုက်ချီချွမ်“ သွားကစား။ ကျန်းမာရေးက အရေးကြီးတယ်။ လူချင်းတွေ့ရင် လက်ကလေး မြှောက်ပြ။ “ဟိုင်း“ လို့ ဆိုကြမယ်။ ကဗျာကို ဖတ်ရင်း ကျနော့ရင်ထဲ ပေါက်ချလာတဲ့ အတွေးတွေကို နှုတ်က ရွရွ ဆိုနေမိ တယ်။ ဒါဟာ မြို့ပြမှာလူဖြစ်သူတစ်ယောက်ရဲ့ ဘ၀နေထိုင်မှုပုံစံပဲလား။
တောင်ယာခုတ်နေတဲ့ တောင်သူတစ်ယောက်က ဓါးကိုပစ်ချ။ ခါးကို မတ်လိုက်ပြီး ကျနော့ကိုကြည့်တယ်။ ကျနော်ပြောတာတွေ နား ထောင်တယ်။ ပြီးတော့ စကားတစ်ခွန်းပြောတယ်။“မင်းတို့ မြို့မှာလူဖြစ်ရတာ ရှုပ်နေတာပဲ”

(၄)
အရှေ့အလယ်ပိုင်းမှာ
လူတွေသေနေတာကို
တယ်မိုက်ကြသကွယ်လို့ ဟန်လုပ်နေရ။
စစ်ကတော့ ဖြစ်မှာပဲ
ကိုယ့်ဘာသာလွတ်အောင်နေ
ကိုယ့်အရေးကလွဲပြီး များများ
ဘာမှ မစဉ်းစားနဲ့။
ကိုယ့်ဘာသာ အားပေးပြန်ရ။(အေးလွန်းတဲ့ဆောင်းကငါ့နှလုံးသားကိုခဲခံစားမှုနည်းအောင် ပြောင်းခဲ့ပုံရတယ်။)
မျိုးရိုးဗီဇ ပြောင်းထားတဲ့ ပန်းသီးမွကိုကိုက်
ဆိုဒါရှိန်းမြရေကို ကျိုက်ချရင်း
စီအဲန်အဲန် ဟိုက်ဘရစ်သတင်းကိုကြည့်
အဆာမပြေဘူး။
ရေငတ်တယ်...
ရေငတ်တယ်...
ခင်ဗျားတို့မှာ စလောင်းရှိလား။ ဒါမှမဟုတ် ဂျာနယ်တွေပုံမှန် ဖတ်လေ့ရှိလား။ သတင်းစာလောက်ကို နေ့တိုင်းဖတ်လည်း ဖြစ်ပါတယ်။ မျက်လုံးနဲ့နားက၊ မီးခိုးတအူအူနဲ့ အရှေ့အလယ်ပိုင်း မြင်ကွင်းရယ်။ တဒိုင်းဒိုင်းသေနတ်သံ။ တ၀ုန်းဝုန်းဗုံးသံ တွေရယ်ကို လွတ်အောင် ရှောင်နိုင်ကြတာမှ မဟုတ်တာ။ရယ်ရတယ် ကဗျာဆရာ...ကျနော်ရယ်တာ ခင်ဗျားကို မဟုတ်ဘူး။ကျနော့ကိုယ်ကျနော် ပြန်ရယ်တာ။ လှောင်တာ။ မဟုတ်သေးပါဘူး။ ခင်ဗျားကိုရော၊ ကျနော့ကိုပါ ပြန် “ဟား”တာ။ တူလွန်းလို့ပါဗျာ။တွေးပုံ၊ နေပုံ၊ ရှောင်ပုံ၊ တိမ်းပုံ၊ လွှဲချပုံ၊ နေသာသလို နေတတ်ပုံ၊ အပြစ်ကင်းချင်ယောင်ဆောင်ပုံ။ ကိုယ်နဲ့ လားလားမှ မဆိုင်သလို ဟန်လုပ်တတ်ပုံတွေက တူလိုက်သမှ။ တူတူတူတူတူနဲ့တောင် နေသေး။ ဟုတ်ဖူးလား၊ ကျနော်ပြောတာ ခင်ဗျား သဘောမတူဖူး လား။ မတူရင်လဲ... ကဲ... ခင်ဗျား ပြောပေါက်ဆိုပေါက်ကို ကြည့်လိုက်ဦး။
အရှေ့အလယ်ပိုင်းမှာ လူတွေသေနေတာကို၊ တယ်မိုက်ကြသကွယ်လို့ ဟန်လုပ်နေရ။စစ်ကတော့ ဖြစ်မှာပဲ၊ ကိုယ့်ဘာသာလွတ်အောင်နေ၊ ကိုယ့်အရေးကလွဲပြီး များများဘာမှ မစဉ်းစားနဲ့။ ကိုယ့်ဘာသာ အားပေးပြန်ရ။
ခင်ဗျား ပြောပုံလေးက ဘယ်လောက်သင်းလိုက်သလဲ။ ဘယ်လောက်များ နာနာရိုက်ပစ်ဖို့ ကောင်းလိုက်သလဲ။ အဲဒီ “ချင်ခြင်း” စိတ်က ခင်ဗျားနဲ့အတူတူ၊ ကျနော့ကိုလည်း ပယ်ပယ်နယ်နယ်ရိုက်ပစ်နေလေရဲ့။ ဘာကြောင့်လဲဆို ဒီစကားကို ခင်ဗျားလိုပဲ၊ ကျနော်ကိုယ်တိုင် လည်း မကြာခဏပြောဖြစ်နေကြမို့ပေါ့ဗျာ။
တစ်ရွာတည်းနေသူချင်း၊ ကိုယ့်ရွာထဲမှာ အရက်မူးရန်ဖြစ်ပြီး၊ အိမ်မီးရှို့နေတာ တွေ့လျက်နဲ့ “တယ်မိုက်ကြသကွယ်”လို့ အာလုပ်သံကြီးနဲ့ ပြော။ ပြီးရင် ကိုယ့်အမှုကိုယ်ဆက်ပြုလို့ မသိကျိုးကျွံနေ။ ခင်ဗျားလို၊ ကျနော်လို လူတွေ ဘယ်နှစ်ယောက် တောင် ရှိမလဲ ကဗျာဆရာ။ ကမ္ဘာကြီးကတော့ လှမ်းပြောရဲ့။“မင်းတို့အတွက် ငါ ၀မ်းရည်စပ်တယ်တဲ့” ဗျား။
အေးလွန်းတဲ့ဆောင်းကငါ့နှလုံးသားကိုခဲခံစားမှုနည်းအောင် ပြောင်းခဲ့ပုံရတယ်။ လို့ ကိုယ့်ကိုကိုယ် ကာကွယ်ဖို့၊ ခင်ဗျားတို့၊ ကျနော်တို့ ကတုပ်တူးခဲ့ကြတယ်။ ပြီးတော့ အဲဒီ ကတုပ်ထဲမှာ အကျအနထိုင်ပြီး၊ နည်းပညာရဲ့ ကောင်းမွန်ချိုမြိန်တဲ့ရလဒ်၊ မြို့ပြမှာသာ ရနိုင်တဲ့ “အကောင်း ဓါတ်” တွေကို အတော မသတ်မြိုချကြတယ်။ အငမ်းမရ စားသောက်ကြတယ်။ကဗျာဆရာ...ခင်ဗျားရော၊ ကျနော်ပါ ရေငတ်ပြေခဲ့ကြပါသလား။အဲဒီမေးခွန်းရဲ့အဖြေကို မဖြေချင်ကာမှနေရော၊ ခင်ဗျားလည်းသိ၊ ကျနောလည်းသိ၊ နှစ်ယောက်လုံး ကောင်းကောင်းကြီးကို သိနေခဲ့ကြတယ် မဟုတ်လားဗျာ။
ကမ္ဘာကြီးကတော့ ၀မ်းရည်စပ်နေလေရဲ့။

(၅)
သစ်ခေါက်တွေ ၀ါးနေရသလိုပဲ။
စမ်းချောင်းလေးကို ငတ်တယ်
တောအရက်ကိုငတ်တယ်
ဂန္ဓီရုပ်ရှင်ကားကို ငတ်တယ်
ငြိမ်းချမ်းရေးကို ငတ်တယ်။
ရွှေဘကိုငတ်တယ်။
မောင်သာနိုးရဲ့ မလင်းပြာကိုငတ်တယ်။
စွန့်လွှတ်ပေးဆပ်
သူရဲကောင်း ဇာတ်လမ်းထဲက
ဒါးတောင်သံချောင်းကို ငတ်တယ်။
များတယ် ကဗျာဆရာ၊ သိပ်များတယ်။ခင်ဗျားငတ်နေတာတွေ များလွန်းတယ်။ခုနကတော့ ရေငတ်သတဲ့။ ရေငတ်သတဲ့။ဟော... ခုတခါ ခင်ဗျားငတ်နေတာတွေ အတောမသတ်ပါပဲလား။ ဒါပေမယ့် အပြစ်မတင်ရက်ပါဘူးဗျာ။ ဘာကြောင့်လဲဆို ကျနော်တို့ လည်း၊ ခင်ဗျားလို ငတ်ခြင်းများစွာကို အကြိမ်ကြိမ် အထပ်ထပ် ငတ်နေခဲ့ကြလို့ပါပဲ။
သစ်ခေါက်တွေ ၀ါးနေရသလိုပဲ။
ခင်ဗျားညည်းညူသံကို ကျနော်တို့ကောင်းကောင်း ကြားနေကြရပါတယ်။ သစ်ခေါက်ဆိုတာ စားစရာမဟုတ်ဘူး၊ အရည်မရ အဖတ်မရ ကွမ်းယာလည်း မဟုတ်ဘူး၊ အရည်မြို အဖတ်ထွေးရတဲ့ ပီကေလိုလည်း မဟုတ်ပြန်ဘူး။ အခြေအနေတစ်ခုခုအောက်မှာ သစ်ခေါက်တွေ ၀ါးဝါးနေရတဲ့ ခင်ဗျားပါးစပ်ကြီးကိုတော့ဖြင့် သနားလှပါသဗျာ။ ခက်တာက အဲဒါကြီးဟာ ကျနော်တို့ပါးစပ်ကြီးလည်းဖြစ်နေပြန်ရဲ့။ခင်ဗျားငတ်နေတာတွေကို သိပါရဲ့ကဗျာဆရာ။ စာနာမိပေါ့။
ဟောသမှာ သစ်ဝါးရိပ်ကိုဖြတ်လျှောက်လို့ ရေကြည်စမ်းလေး စီးနေတယ်။ ခင်ဗျားဟာ စမ်းကလေးနဘေး အရိပ်အေးအေး မှာ မောင်ချောနွယ်ရဲ့ တောအရက်ပုလင်းလေးတစ်ပုလင်းကို နည်းနည်းချင်းစီငှဲ့၊ တစ်ယောက်တစ်လက်။ လူစေ့ခွက်လှည့် သောက်ချင် နေလိမ့်မယ်။ခင်ဗျားငတ်နေတာ အေးချမ်းခြင်း မဟုတ်လား......။
ဂန္ဓီကို ခင်ဗျားငတ်တယ်ဆိုရာမှာလည်း၊ သူဝတ်ထားတဲ့အ၀တ်လိုဖြူစင်တဲ့ သူ့နှလုံးသားကိုသာ ခင်ဗျားငတ်မှာပါ။ ဒါပေမယ့် ကျနော်တို့ သောက်ခွင့်ရမှာက အဲဒီနှလုံးသားကိုဖောက်ထုတ်လိုက်တဲ့ ကျည်ဆံပေါက်ရာက ကျလာတဲ့သွေးနီနီတွေ ဆိုရင် ကော...။ ဘယ်နှယ်လုပ်ပါ့ မလဲ။ အကောင်းကိုရှာသည်၊ အကောင်းကားမတွေ့လို့တော့ ဂန္ဓီကြီးကတော့ ညည်းညူမသွားခဲ့ ပါဘူး။ တစ်ဘ၀လုံးကိုစတေးလို့ သူ့တိုင်းပြည်အတွက် အကောင်းဆုံးလုပ်သွားသူကို ခင်ဗျားငတ်တာ အဆန်းမှ မဟုတ်တာ။
ခင်ဗျားငတ်နေတာ အနစ်နာခံခြင်း မဟုတ်လား။
ငြိမ်းချမ်းရေးကိုတော့ ကမ္ဘာသူကမ္ဘာသား အားလုံးနီးပါးငတ်မွတ်ကြတယ်လို့တော့ ထင်ပါရဲ့ဗျာ။ ဒါပေမယ့်လည်း နေရာအနှံ့ မှာ ယမ်းနံ့နံ နေတာ၊ ပေါက်ကွဲသံတွေ ကြားနေရတာ၊ ညည်းညူအော်ဟစ်သံတွေ ပေပွနေတာ၊ ဘာကြောင့်လဲလို့ မမေးပါနဲ့။ ငြိမ်းချမ်းရေးကို ငတ်ပါရဲ့။
ရွှေဘတဲ့။ခင်ဗျားတ ခဲ့တဲ့နာမည်။ကျနော်လည်း အဲဒီရွှေဘကြီးကို အနည်းအကျဉ်းတော့ မီလိုက်ပါသဗျ။ ကျနော်သိမီသမျှတော့ ရွှေဘဆိုတာ ကျောမွဲများ၊ လယ်သမား များရဲ့ သူရဲကောင်း။ ဖိနှိပ်မှုကို တော်လှန်သူ။ နယ်ချဲ့လက်ပါးစေ ဆန့်ကျင်သူ။ ပြည်သူ့ အချစ်တော်ကြီးပါလား။ နယ်ရုံတွေမှာ ရွှေဘနဲ့ လူဆိုး ထိုးသတ်ကြလို့၊ ရွှေဘခံနေရပြီဆိုရင်၊ “မကြာခင်၊ ကိုရွှေဘ ပြန်နိုင်ပါတော့မယ် ခင်ဗျား” လို့ အော်လံနဲ့ အော်သံပေးထားရသတဲ့။ ဘာကြောင့်ရှုံးရှုံး၊ ရွှေဘရှုံးတာကို မခံနိုင်ကြဘူးတဲ့။ လူထုက၊ ပရိသတ်က၊ ပြည်သူက၊ ရွှေဘကို အဲသလောက်ချစ်ကြဆိုပဲ။ ကြားဘူးတာ။ အော်... ခင်ဗျားမလဲ၊ ရွှေဘကို ငတ်သူတွေထဲက တစ်ယောက်ပါပဲလား၊ ကဗျာဆရာ။ ခင်ဗျားငတ်နေတာ နိမ့်ပါးသူ အများစုရှေ့က ထွက်ရပ်တဲ့ သူရဲကောင်းဇာတ် မဟုတ်လား။
ခုချိန်မှာတော့ရွှေဘကို ငတ်ခဲ့တဲ့မလင်းပြာကိုငတ်ခဲ့တဲ့ဓါးတောင်သံချောင်းကို ငတ်ခဲ့တဲ့ ခင်ဗျားကိုကျနော် ပြန်ငတ်နေပါတယ်။ တကယ်။

(၆)
ဒီတစ်ခါဆောင်းက
ပိုတစ်ကိုယ်ကောင်းဆန်တယ်။
ပိုဟိတ်ဟန်ကြီးတယ်။
ပို ဖြီးလုံးဖြန်းလုံးထုတ်တယ်။
မှန်ပြူတင်းမှာ
နှင်းခိုးပိန်းရိုက်လာ
ဟုတ်ပါရဲ့လား။
အဆိပ်ခိုးတွေ
ဓါတုမိုးရည်
ဆားစ်ပိုးတွေလို့ ထင်နေသေးတယ်။
(မျက်ရည်တွေနဲ့ သွေးတွေလည်း ဖြစ်နေနိုင်ခဲ့။)
ခေါင်းစွပ်မဲမဲလက်အိပ်မဲမဲနဲ့ လမ်းထဲသွားရင်အကြမ်းဖက်သမား ထင်လေလားလို့ငါ့ကိုယ်ငါ စိုးလာရပြန်နှင်းခါးကြားထဲ မျက်နှာကို ပြန်ဖွင့်ပြရတယ်။
ဟလိုက်ရင် “၀ှားကနဲ“ ထွက်သွားတဲ့အငွေ့တွေပြန်ပြန်လိုက်သိမ်းအမေရိကန်ဆန့်ကျင်ရေး လေစိမ်းတွေထင်သွားမှာ စိုးလို့မြိုချရာဘာချိုဝါးရည်နဲ့ လှိမ့်ချရတယ်။ကိုယ့်လျှာကို ပြန်ကိုက်သိမ်းမျက်မှန်စိမ်းတပ်၊နားတွေလည်း ပြားကပ်နေတော့တယ်.... ။
ငယ်ငယ်က၊ ကျောင်းသားဘ၀တုန်းက “သံသယ“ဆိုတဲ့ ကဗျာတစ်ပုဒ် သင်ရတာ မှတ်မိလာတယ်။ အဏုမြုလက်နက်ဆန်းတွေ စမ်းသပ် လာတဲ့ ကာလကြီးမှာ၊ လေရှုမိရင် လေထဲမှာ အဆိပ်ငွေ့ပါလာလေမလား။ ရေသောက်မိရင် ရေထဲမှာ အဆိပ်ငွေ့ပါလာလေ မလားနဲ့ နေစရာ စားစရာ မရှိလောက်အောင်စိုးရွံ့နေတဲ့၊ မော်ဒန်လူသားတစ်ဦးရဲ့ စိတ်ကို ဖွဲ့ပြတဲ့ကဗျာပါ။
ခုဖတ်လိုက်ရတဲ့ ကဗျာကတော့ (၂၁) ရာစုလူသားရဲ့ အရှိုက်ကို မိမိရရထိုးလိုက်တဲ့ ပင့်လက်သီးပါပဲ။ ဒီနေရာထဲမှာ သံသယ ကဗျာထဲက လူသားရဲ့ ခံစားမှုထက် ပိုရှုပ်ထွေးလာပါတယ်။ အဆိပ်မိုး၊ ဓါတုမိုး၊ ဆားစ်ပိုး၊ အကြမ်းဖက်မှုတွေနဲ့ ကြောက်နေရ တဲ့အရာတွေ ပိုများလာတယ်။ (ဘာကြောင့် အိပ်ဒ်စ် AIDS ကို ထည့်မဖွဲ့ခဲ့သလဲလို့ တွေးနေမိပါတယ်။)
မျက်မှောက်ခေတ်ကာလကြီးမှာ၊ လူကောင်းနဲ့ လူဆိုး ဒွေးရောယှက်တင် ရှိနေလိုက်ပုံများ။ အကြမ်းဖက်သမားထင်ခံရမှာ စိုးလို့တဲ့။ သူ့ ခမျာ လက်အိပ်မဲနဲ့ ခေါင်းစွပ်မဲတွေတောင် မ၀တ်ရဲတဲ့ဘ၀။ အမြင်တွေကို အရောင်နဲ့ဘောင်ခတ်။ နားတွေကို ပြားကပ်အောင်ကြပ်ညှပ် ထားရတဲ့ အခြေအနေ။ ဆရာရေ့။ ဒီလေထုထဲမှာ ခင်ဗျား ဘယ်လောက်များ အသက်ရှုကြပ်နေလိမ့်မယ်။ စာနာတယ်.... ။
ကဗျာဆရာရယ်။(၂၁) ရာစု အရောက်မှာ ရာသီဥတုကလည်း ပိုပူလာတယ်။ တစ်ယောက်နဲ့တစ်ယောက်ကြား အမုန်းပွားမှုကလည်း ပိုသည်း သန်လာတယ်။ထွက်သက်လေတောင် ကုန်စင်အောင် မထုတ်ရဲ။ကောင်းကင်ကြီးပဲ ပိုနိမ့်လာသလို။ဆူနာမီဘေးရစ်ချတ်တာစကေး ကိုးဒဿမလေး ငလျင်အာရှမှာ အဆိုးရွားဆုံးရေဘေးဖြစ်တာ၊ ဟိမ၀န္တာတောင်ထိပ်မယ်တစ်ဒီဂရီဆဲဆီးယပ်စစ် အပူချိန်လျော့သွားလို့တဲ့။ဆောင်းတွေ တစ်ကိုယ်ကောင်းဆန်နေတာ တစ်ရာသီစာ မကတော့ဘူး ထင်ပါရဲ့ဗျာ။

(၇)
ကွင်းပြင်တွေက တစပြင်လို ဖြူဖွေး
သစ်ကိုင်းတွေက အရိုးပြိုင်းပြိုင်းထောင်
ခဲနေတဲ့လေတွေက စောစောအမှောင်ချပစ်တယ်။
ကမ္ဘာတစ်ဘက်ခြမ်းမှာ
ငတ်နေတာ မဖြစ်နိုင်ပါဘူး။
တောင်းဆိုလွှာတော်တော်များများမှာ
ငါ လက်မှတ်ထိုးခဲ့သားပဲ။
ဝေလငါးတွေ မသတ်ဖို့
မြေမြှုပ်မိုင်းတွေရပ်ဖို့။
သစ်ပင်တွေ အခုတ်ရပ်ဖို့
စီးကရက်ဖြတ်ဖို့
ငါ လက်မှတ်ထိုးခဲ့ပါတယ်။
အရာရာလိုလေသေး မရှိစေရဘဲ၊ သက်တောင့်သက်သာရှိအောင် ဖန်တီးထားတဲ့ အခန်းတစ်ခုထဲက ၊ ကိုယ့်လုပ်ငန်းရဲ့ အခြေအနေမှန် ကို မသိတဲ့ မန်နေဂျင်းဒါရိုက်တာတစ်ယောက်ရဲ့ မျက်နှာကို ပြေးမြင်မိ။ ကြည့်လေ.... ။
ကမ္ဘာတစ်ဘက်ခြမ်းမှာ၊ ငတ်နေတာ မဖြစ်နိုင်ပါဘူး။တောင်းဆိုလွှာတော်တော်များများမှာ၊ ငါ လက်မှတ်ထိုးခဲ့သားပဲ။
လက်ထဲရောက်လာတဲ့ အစီရင်ခံစာကို အထပ်ထပ်ဖတ်ရင်း၊ အမှန်တကယ်ဖြစ်နေတဲ့ အဖြစ်ပျက်တစ်ခုလုံးကို နားမလည်စွာ ဖြစ်နေတဲ့ ဒင်းကို သနားရမလား။ ဟား ရမလား။ နားရင်း ရိုက်ရမလား။ သင်း ပစ်လိုက်ရမလား။ မိတ်ဆွေ ကိုယ်တိုင်စဉ်းစား ပါ။ လူနဲ့ လူ့ပတ်ဝန်း ကျင်ပိုမိုကောင်းမွန်ရေး စာချုပ်တွေကိုသာ တွင်တွင် လက်မှတ်ရေးထိုးနေတဲ့သူ့ခမျာ၊ တကယ့်ဇာတ် ညွှန်းရဲ့ အောက်ပါအခန်းခွဲတွေကို မြင်ဖူးပုံ မပေါ်ပါ။
ကျူးကျော်စစ်။ ညူကလီယာ လက်နက်ပြိုင်ဆိုင်မှု။ ဘာသာရေး အစွန်းရောက်သူများ။ လူမျိုးရေးဖိနှိပ်ခြင်း။ ဈေးကွက် အသာစီးရရေး မဟာဗျူဟာ။ ရေနံ သယံဇာတများ စိုးမိုးရေး။ အယူဝါဒ တင်ပို့၊ တင်သွင်းခြင်း။ အစုလိုက် အပြုံလိုက် သတ်ဖြတ်ပွဲ။ ကိုယ့်သြဇာချဲ့ထွင်မှု။ အခွင့်အာဏာ ခိုင်မတ်အောင် စိုက်ထူမှု။ ...... ။ .......။ .......။
ဆက်ပြုစုရရင် ခေါင်းစဉ်ကိုက ဒုတစ်ထွာလောက် ထူသွားနိုင်တယ်။
ကဗျာဆရာရေ့။ လူသားချင်း ရိုင်းပင်းမှု။ ချစ်ခင်စိတ်တွေနဲ့ အမြဲနွေးထွေးနေရမယ့် ဟောဒီကမ္ဘာမြေမှာ နှလုံးသားတွေဟာ ဒီလိုအေးခဲ နေမယ်ဆိုရင်၊ ခင်ဗျားရဲ့ကဗျာစာကြောင်းတွေဟာ မှန်ပြောင်းနဲ့ လှမ်းကြည့်တဲ့အခါ၊ အနာဂတ်မှာ မြင်ရမယ့် စစ် တလင်းကို တွေ့လိုက်ရ သလိုပါပဲ။
ကွင်းပြင်တွေက တစပြင်လို ဖြူဖွေးသစ်ကိုင်းတွေက အရိုးပြိုင်းပြိုင်းထောင်ခဲနေတဲ့လေတွေက စောစောအမှောင်ချပစ်တယ်။
တကယ်တော့ မသွားအပ်တဲ့အရပ်တွေသာ စရင်းတို့ရရင်၊ အီရတ်တင် မကတော့ပါဘူးဆိုတဲ့ စကားတစ်ခွန်းကို ကဗျာဆရာ ကြားအောင် ဘယ်သူနဲ့ လူကြုံပါး လှမ်းပြောရပါ့။
ငှက်တွေ ဆောင်းမခိုမီတစ်ကိုယ်ကောင်းဆန်လှတဲ့ဆောင်းကိုဘယ်သူကများသဘောထားပြောင်းအောင် သွန်သင်ညွှန်ပြနိုင်မလဲ...သိချင်လိုက်တာ.... ။
ငြိမ်းအေးအိမ်
www.cherrythitsar.org