ဥယျာဉ်

နဂါးတွေကသာ
တကယ်တမ်း ကပြမယ်ဆိုရင်တော့
ကိုယ်ကြည့်ချင်စိတ်ရှိပါတယ်။

ဒါပေမယ့်
မျက်နှာအရေပြား တွန့်တွန့်ကြီးနဲ့ လူတွေက
နဂါးနှဲမှုတ်ပြီး လူးလွန့်ပြရင်တော့
သူတို့အစား..
ကိုယ်က ပင်ပန်းပျင်းရိနေတတ်တယ်။

အဲဒီလိုပါပဲ ကောင်မလေးရယ်
မိုးတွေက တိတ်တာတောင် ကိုယ်ကရွာတုန်း။

သစ်ရွက်ကို ကိုယ်ပြန်စိုက်ဖို့ ကြိုးစားဆဲမှာ
သစ်ပင်က ကြွေကျလာခဲ့။
ကိုယ်လို ပေကပ်ကပ်ကောင်ကတော့
ကျောက်တုံး တွေကိုလည်း ငုံ့ကြည့်ခင်မင်နေခဲ့။

ကောင်မလေးရေ..
တကယ်ဆို ကိုယ်ဟာ ဥယျာဉ်တစ်ခုပါပဲ
မြေပြင်မှာ ဘာမှ မပွင့်သေးတာက လွဲရင်ပေါ့။

တာရာမင်းဝေ

ရှင်ကွဲ

ငါတို့ရှေ့မှာ
ရထားဟာ ခါတိုင်းထက် ပိုမိုရှည်လျား
ဥသြဆွဲသံများကလည်း
ဖွာရာရ ထစ်ချုန်း ပြတ်တောက်ကျနေခဲ့

နှုတ်မဆက် မိရင်လည်း အကောင်းသား
နှုတ်ဆက်လိုက်ကြတော့
ဘူတာဟာ
အ၀ါရောင်ဖျော့ဖျော့နဲ့ ဂူသင်္ချိုင်း ဆန်လာ

ကံကြမ္မာက
မျဉ်းတစ်ကြောင်းတည်းပေါ်မှာ
ခွာလေးဘက် မရပ်နိုင်ခဲ့ဘူး

ဘယ်သူ့ကိုမှ မပြောနဲ့
ဘယ်သူ့စကားကိုမှ နားမထောင်ဘူး
မြေလို ပင်လယ်လို အက္ခရာ တစ်လုံးနဲ့
ငါတို့ ဆက် ချစ် နေကြဦးမယ်

မမေ့ဘူးကွယ်
ဘယ်တော့မှ မမေ့ပါဘူး
ရက်စက်သွယ်ပြောင်းတဲ့
မီးခိုးလက်ချောင်းတွေက
ငါတို့ကို အပွင့်ခူးချိန်

ရထားဟာ
လောကလူရိုင်းရဲ့ မှုတ်ပြောင်းဝကနေ
အဆိပ်တွေနဲ့
တုန်ယင်စွာ လူးလွန့် ထွက်ခွာခဲ့ရပေါ့။

တာရာမင်းဝေ