(ခဏ ခဏ ပြန်ဖတ်မိတဲ့ တော်လှန်ရေးကဗျာတစ်ပုဒ်)
ပြာဝင်းဝိုးဝါးတဲ့
ဆောင်းနှင်းများကသာ
သမိုင်းရဲ့ ဘာသာစကားဖြစ်မယ်ဆိုရင်
တလိမ့်လိမ့် ခယွင်းတဲ့
သွေးနှင်းစက်တွေ
တို့မြေမှာ မှိုင်းမှိုင်းဝေရော့မယ်။
သေသူရဲ့ အရိုးတွေက
ရှင်သူကို ဘာလုပ်ရမယ်လို့
အံချီးဖွဖွ ရည်ညွှန်းကြတာ
သမိုင်းလို့ ဆိုရမယ်။
ရာဇ၀င်ဆိုးရဲ့
အရိုးတွန်သံ
ဘယ်သူ့ထံပါး
သယ်ဆောင်သွားမလဲ နှင်းတို့ရယ်။
ဒီဘက် ကမ္ဘာခေတ်ရဲ့
ရဲရင့်တဲ့ သမိုင်းကြောင်းဟာ
တို့ပြည်က ကျောင်းသားအလောင်းတွေဆီမှာ ရှိတယ်။
သားပျောက်ရှာနေတဲ့ အမေကို
သူ့အောက်ကမြေက
“မေမေ” လို့ တိုးတိုးလေးခေါ်နေတယ်
မေမေရယ် မေမေရယ် မေမေရယ်။
ဇာဘုရင်ရဲ့ စနစ်ဆိုးကြောင့်
ပြည့်တန်ဆာဖြစ်ရတဲ့
ရုရှားမလေးဟာ
အိပ်ယာထဲမှာ ငိုနေတယ်။
နေ၀င်းရဲ့ စနစ်ကြောင့်
သူပုန်ဖြစ်ရတဲ့ ကျောင်းသားတွေ
လမ်းမပေါ်မှာ တိုက်ပွဲဝင်နေတယ်။
ဒီနေ့ပွဲဟာ
ရှုံးရှုံး နိုင်နိုင်
ယှဉ်ပြိုင်ခြင်းသာ အဓိက ဆိုတဲ့ ပွဲမဟုတ်ဘူး
သူသေကိုယ်သေ အပြိုင်နွှဲ
ဝိညာဉ်ခြင်း ရိုက်ခွဲတဲ့ပွဲ ဖြစ်တယ်။
“ဟေ့... ကြိုးစင်”
ငါ ရင်ကော့ပြီး လာခဲ့မယ်။ ။
ရွှေဘုန်းလူ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment