တော်လှန်ရေး (သို့) နောင်ရိုးသစ္စာ

အနားသတ်မျဉ်းတစ်ကြောင်း ခြားရုံနဲ့
ငါတို့ရဲ့ ယုံကြည်ချက်တွေ ပြောင်းလဲသွားရတော့မှာလား။
ကြည့်လေ...သတိတွေနဲ့ စည်းနှောင်
ရာစုတစ်ထောင် ဖြတ်သန်းဖို့
ပွင့်ခဲ့တဲ့ တော်လှန်ပန်းတွေ
တံတားနီ...မြေနီကုန်း...ရှစ်လေးလုံး...။
၉၀...၉၄...၉၅...၉၆...၂၀၀၇
ငါးရောင်ခြယ်တွေ တဖြတ်ဖြတ်တောက်
ရွှေဝါရောင်ခေတ်ကို ရောက်လို့
ပြည့်ဝမ်းမီးတောက်
သံဃာလျှောက်ခဲ့ပေါ့...။
ကိုဗဟိန်း၊ ကိုအောင်ကျော်၊ ကိုဖုန်းမော် တို့ရေ
သေနတ်တစ်ချက် ဖောက်ရင် နေပြည်တော်မှောက်ဖို့
ငါတို့ရင်ထဲကို စီးဆင်း ပေတရာကို စီးနင်း
တော်လှန်ရေးသီချင်းတွေ အကျယ်ဆုံး ဆိုပေးကြပါဦး။
တချို့က စိတ်ပျက် တချို့က ခွဲထွက်
တချို့က သွေးကြောင် တချို့က ဘေးရှောင်
နှစ် နှစ်ဆယ်ဆိုတဲ့ ဘောင်အကျော်မှာ
Time Out ခေါ်လိုက်ကြပြီတဲ့လား
လူရှင်သင်္ချိုင်းထဲက တောက်ခေါက်သံတွေနဲ့
အမေ့မျက်ရည်တွေကြားက ကြွေလုလုကြယ်စင်တချို့
ငါတို့ ကယ်တင်ရဦးမယ်လေ...။
စစ်ဝါဒီတွေယာ အရိုင်းပြဆုံး ဆိုးနေလို့
ဧရာဝတီလည်း အပိုင်းပိုင်း ကျိုးကြေခဲ့ရပါပြီ
ပြည်အရိုင်းကို ဒီအတိုင်း ကြည့်နေမယ် ဆိုရင်
ငါတို့ရင်တွေ ခွဲထုတ် အသဲနှလုံးတွေ ဆွဲနှုတ်ထားမှ ရမယ်။
ခေါင်းမော့တယ်ဆိုတာ ခေါင်းငုံ့တာလောက်တော့ မလွယ်
သေချာပါတယ် တော်လှန်ရေးနဲ့ နေမ၀င်အင်ပါယာ
ဘယ်ဟာကို ချစ်သလဲဆိုရင်
ဒုတိယအချက်ကို ငါငြင်းမယ်.......။
ဇော်မြင့်(မလေးရှား)

No comments: