ကဗျာတိုများ

ပန်းတိုင်

မရောက်သေးရင် ရောက်အောင်သွား
ရောက်ရင် တစ်ထောက်နား
ပြီးရင်ရှေ့ဆက်သွား
အဲဒီမှာဘာမှမရှိဘူး။
မောင်သိန်းဇော်( နှင်းရည်စက်လက်+ရှုမျှော်ခင်း ၂၁ မှ)
..............................................................

ရှုမျှော်ခင်း

အဆုံးမရှိအောင်ကျယ်ဝန်းတဲ့ အမှားထဲ
တိမ်တွေ လှလိုက်တာ
ကိုယ့်မှာ တရားနဲ့ဖြေရတယ်။
မောင်သိန်းဇော်

ကိုသန်းထွန်း ၏ ကဗျာများ ( စတစ်ကာလူ၊ ဇောင်း၊ ထွက်တော်မူကြီး )

စတစ်ကာလူ

ဇရပ်ခါးပန်းလို
ပတ်ကြမ်းတိုက်အရေပြားနဲ့
“ငါလို ယောကျာင်္း
ပြဿဒါးမရှိ” ဆိုရဲသူ။
“ဘက်တူရင် လူမရွေး” တဲ့လား
နဂါး ဂဠုန်နဲ့
ကျားအခုန် ဓားအစုံနဲ့
သွားဟုန်ဟုန် ဥုံတွေအကွက်တွေရဲ့ အပြင
်(အမယ်) “ဘ၀ကို ပုံသေ မတွက်နဲ့” တဲ့
ကောက်ချက်နဲ့လူ။
(ဟုတ်ပ) သူ….
ဘူတာကြီးရဲ့  မွေးစားသား။
ကဲ…ဆေးမင်ကြောင်တစ်ကိုယ်လုံး
(နောက်ဆုံး)
ပုခုံးအသာပင့်ကြည့်ကာမှ
အား……..
ကြယ်ပွင့်နီန
ီ“ဘယ်ရီကတ်” စောင်းစောင်း
ခေါင်းမွေးအလိပ်လိပ်
မုတ်ဆိတ်ကျင်စွယ်ဖားဖားနဲ့
လား… လား
ဒါရဲဘော် “ချေဂွေဗားရား”။ ။
ကိုသန်းထွန်း
..............................................................

ဇောင်း
မာနသံ တဖြောင်းဖြောင်း
ထောင်လမောင်းထမွှေနှောက်
ထုတ်ချင်းပေါက် လျင်မြန်မှုမျိုးနဲ့
လောကရဲ့  တစ်နံတစ်လျားကိုပဲ
ပိုင်းခြားပစ်ခွင်းတော့မလို
စူးရဲပြိုးပြက်
ကတ္တီပါကျောက်ကုန်းရဲ့  အခင်းအကျင်းကလည်း
ဖျဉ်းကနဲမာန်သွင်း
ပါးပြင်းထမြွေဟောက်တစ်ကောင်လို
တောက်လောင်ကျွမ်းမြိုက်လို့၊
နှာမှုတ်
ခွာရှပ်
(တစ်ခါ တစ်ခါ) ပတပ်ရပ်လိုက်တာများ
မြေသားကိကန်ထွက်
တိမ် ညွှန့်မြက်ခင်း
စိတ်ရှိတိုင်း ချနင်းတော့မလို
သူရဲကောင်းတစ်ဦးတလေကများ
သူ့ကျောလျားရှည်ကြီးပေါ်
အကျအနတက်ခ
ွမပေးမချင်း
ဒီ… သူကောင်းမြင်းမျိုးရဲ့  ဂုဏ်မာန
ဖုတ်ထနေဦးတော့မယ် ထင်ရဲ့ ။ ။
ကိုသန်းထွန်း
..............................................................


ထွက်တော်မူကြီး

သူဟာ
ပျောက်ဆုံးနေဆဲ အမြီးတစ်ချောင်းအတွက်
ကျည်းပေါင်းတက်ခြေဖ၀ါး
ရင်းစားလိုက်ရတဲ့ လူတစ်ကောင်ပေါ့။
သူဟာ
ထူထူထောင် ခေါင်းတစ်လုံးအားကိုးနဲ့
ပုဆိုးတွေ ထမီတွေချုပ်လိုချုပ်
အိုးတွေ အိမ်တွေ လုပ်လိုလုပ်
နောက်ဆုံး ကြိုးတွေကြိမ်တွေတုပ်လာမှ
သူ့ကိုသူ ရွေးနှုတ်ဖို့ကြိုးစား
သူ့အားနဲ့သူ မလုံလောက်လေတော့
သူ့တရားနဲ့သူ စုံထောက်ရင်း
သူ့ဖ၀ါးနဲ့သူ ခုန်ပေါက်ရင်း
မျောက်တစ်ကောင် ဖြစ်လာပါရောတဲ့။
ဒါပေမယ့်
သူဟာ
အမှတ်သညာဆိုလို့ နည်းနည်းမှမရှိ
သူ့ကိုသူ အဖတ်ဆယ်စရာ
တစ်ပတ်လည်လာမယ့် ရာဇ၀င်ကို
စောင့်ဖို့ပဲရှိသတဲ့လေ
သူကျစ်တဲ့ကြိုးနဲ့သူကိုသူ ထမ်းပိုးလျှိုထမ်း
ဟော...ဒီ
တောလမ်းကလေးအတိုင်းသွားလေရဲ့။
ကိုသန်းထွန်း(ဧကစာ မီးခိုးကဗျာစာအုပ်မှ)

ဆရာကြည်မောင်သန်း၏ ကဗျာများ (ဒီပရင်္ဂ၊ အကြောင်းကြောင်းကြောင့်)

ဒီပရင်္ဂင်္

ပုံပြင်ထဲက မြို့လည်းမဟုတ်
ဒဏ္ဍာရီထဲက မြို့လည်းမဟုတ်
ရာဇ၀င်ထဲက မြို့တစ်မြို့
ပုဂံခေတ်ထဲက ရှိတဲ့ မြို့တစ်မြို့
လွန်ခဲ့တဲ့နှစ်ပေါင်း ၇၀၀ကျော်တည်းကရှိတဲ့မြို့တစ်မြို့
သမိုင်းဝင် မြို့တစ်မြို့။
ဒီမြို့ကို ကတူးလူမျိုးတွေ တည်ထောင်ခဲ့တယ်
အလောင်းစည်သူမင်း
တိုင်းခန်းလှည့်လည်ရင်း
မြောက်ဘက်အရပ်အရောက်
အရှေ့ဘက်ကနတ်တွေ ဆိတ်ယောင်ဆောင်
ရေသောက်မယ့်ဟန် မြည်သံပေးတာကို
အစွဲပြုလို့ဒီမြို့ ဒီနာမည်တွင်ခဲ့ရ။
အရှေ့မှာ ဧရာဝတီ
အနောက်မှာ ချင်းတွင်း
မနီးဝေးမှာ မူးမြစ်နဲ့
စိုက်ပျိုးရေးလုပ်ငန်းတွေ ဖြစ်ထွန်းခဲ့တယ်။
သာသနိက အဆောက်အအုံတွေပေါများ
ရဟန်းပညာရှိ လူပညာရှိတွေ ထွန်းကား
တခြားမြို့တွေနဲ့စီးပွားကူသန်းသွားလာဖို့လွယ်ကူ
ဘိုးတော်ဘုရားလက်ထက် စစ်တမ်းတွေအရ
အစည်ကားဆုံးမြို့ ၁၂မြို့ထဲက မြို့တစ်မြို့။
အလောင်းဘုရားလက်ထက်မှာ
အိမ်ရှေ့စံ နောင်တော်ကြီး ဒီမြို့ကိုစားရ
ဘိုးတော်ဘုရားလက်ထက်မှာ
စစ်သူကြီးမဟာဗန္ဓုလနေမျိုးသူရ ရဲခေါင်ဘွဲ့နဲ့ ဒီမြို့ရဲ့မြို့ဝန်
ဘုံခန်းပျို့ဆရာ အရှင်အဂ္ဂသမာဓိ
စစ်သူကြီး မဟာဗန္ဓုလ
မုံတိုင်ပင် ဆရာအရှင်ဝံသ
အတုလ ဆရာတော် အရှင်ယဿ
မြသိန်းတန် ဆရာတော်အရှင်ဇိန
အယူတော်မင်္ဂလာဦးနိုး
ဒါ... ဒီမြို့သား ပုဂ္ဂိုလ်ကျော်တွေ
ဒီမြို့မှာ
မင်းတုန်းမင်းကို ပုန်ကန်ခြားနားတဲ့
ပတိမ်းမင်းသား ခိုလှုံခဲ့ဖူးတယ်
ဒီမြို့ကနေကောက်ကျစ်ယုတ်မာတဲ့ မြို့ဝန်ဦးမှန်း
အောက်ပြည်ကို ထွက်ပြေးခဲ့ရတယ်
ဒီလိုနဲ့
ဒီမြို့မှာ
သူရဲကောင်းတွေ ပျောက်ဆုံးခဲ့ရတယ်
ဒီမြို့မှာ
သစ္စာဖောက်တွေ အတောင်ပေါက်ခဲ့ကြတယ်
ဒီမြို့မှာ
လူငယ်လေးတစ်ယောက်သူ့ဆိုင်ကယ် ကျပျောက်ခဲ့ရတယ်
ဒီမြို့မှာ
အမျိုးသမီးတစ်ယောက်သေကံမရောက် သက်မပျောက်ဖြစ်ခဲ့ရတယ်
ဒီမြို့မှာ
အံကြိတ်ရ တက်ခေါက်ရတဲ့
အဖြစ်အပျက်တွေ ရှိခဲ့တယ်။
တစ်နေ့တော့
မိုးနည်းတဲ့ ဒီဒေသ
ဆောင်းတွင်းအခါ သမယမှာ
မိုးရွာဖို့ မဆိုထားနဲ့
မိုးအုံ့ဖို့တောင် အကြောင်းမရှိပေမဲ့
ရုတ်တရက် မိုးကြီးရွာချလိုက်တယ်
ဆင်ခြေရာတွေတောင်
တိမ်ကောပပျောက်သွားအောင်ရွာတဲ့ မိုးမို့
အညာအခေါ် ဆင်ရာတိမ်းမိုးတဲ့လေ။
မုံရွာ-ရေဦးလမ်းကို ဖြတ်သန်းရင်း
ဒီမြို့ကို ကားပေါ်က လှမ်းကြည့်မိတဲ့အခါ
အတိတ်တစ္ဆေက ငါ့ကို ခြောက်လှန့်နေလေရဲ့။ ။
ကြည်မောင်သန်း(၂၀၀၈ ဇွန်လ ချယ်ရီမဂ္ဂဇင်း)
(ကဗျာရွတ်သံနားဆင်ရန်)

အကြောင်းကြောင်းကြောင့်

အကြောင်းကြောင်းကြောင့်
ရွဲ့စောင်းနေတဲ့ကမ္ဘာကြီးမှာလူဖြစ်ခဲ့ရတယ်
အကြောင်းကြောင်းကြောင့်
ဆံပင်အရောင်တွေပြောင်းလဲသွားရပြီ
အကြောင်းကြောင်းကြောင့်
အရောင်းအ၀ယ်မကောင်းတဲ့နေ့တွေမှာနေခဲ့တယ်
အကြောင်းကြောင်းကြောင့်
ခေတ်ကာလကိုလက်ဝါးစောင်းနဲ့ခုတ်ချင်တယ်
အကြောင်းကြောင်းကြောင့်
မြောင်းထဲကဘ၀တွေကို လိုက်ဆယ်နေမိတယ်
အကြောင်းကြောင်းကြောင့်
စာအုပ်အဟောင်းတွေပြန်ဖတ်နေရတယ်
အကြောင်းကြောင်းကြောင့်
ကိုယ့်ဘ၀ကိုယ်ပြန်ချောင်းကြည့်မိတယ်
အကြောင်းကြောင်းကြောင့်
အ၀တ်အဟောင်းတွေ ၀ယ်ဝတ်နေရတယ်
အကြောင်းကြောင်းကြောင့်
တစ်နေရာကနေ တစ်နေရာကိုပြောင်းခဲ့ရတယ်
အကြောင်းကြောင်းကြောင့်
ငယ်ငယ်တုန်းကအကြောင်းတွေ မတွေးတော့ပါဘူး
အကြောင်းကြောင်းကြောင့်
သူရဲကောင်းတွေနဲ့ပေါင်းသင်းနေထိုင်မိတယ်
အကြောင်းကြောင်းကြောင့်
ခေါင်းမီးတောက်တဲ့ညတွေကြုံခဲ့ရတယ်
အကြောင်းကြောင်းကြောင့်
နောက်ဘ၀အကြောင်းကိုမေ့နေတယ်
အကြောင်းကြောင်းကြောင့်
ရှိစုမဲ့စုလေးတွေထုတ်ရောင်းခဲ့ရတယ်
အကြောင်းကြောင်းကြောင့်
ခေါင်းလောင်းသံတွေနဲ့ဝေးခဲ့ပါပြီ
အကြောင်းကြောင်းကြောင့်
ဘောလုံးပွဲအကြောင်းပြောနေရတယ်
အကြောင်းကြောင်းကြောင့်
အကောင်းမြင်စိတ်တွေမွေးနေရတယ်
အကြောင်းကြောင်းကြောင့်
အမျိုးသမီးတစ်ယောက်အကြောင်း တွေးနေမိတယ်
အကြောင်းကြောင်းကြောင့်
သင်္ချိုင်းကုန်းကို မျက်စောင်းထိုးနေရတယ်
အကြောင်းကြောင်းကြောင့်
ကိုယ့်အလောင်းကိုယ် ပြန်ထမ်းရမလိုဖြစ်နေပြီ
အကြောင်းကြောင်းကြောင့်
ဇာတ်ပေါင်းခန်းကို ရင်ခုန်နေမိတယ်
အကြောင်းကြောင်းကြောင့်
ဘ၀နဲ့ရင်းရတဲ့လောင်းကစားဝိုင်းထဲကို ၀င်မိတယ်
အကြောင်းကြောင်းကြောင့်
လက်ခမောင်းခတ်ရမယ့်နေ့ကိုမျှော်နေမိတယ်
ကြည်မောင်သန်း(၂၀၀၈ ဇုလိုင်လ သရဖူ)

ဗုဒ္ဓ-လူပညာရှိနှစ်ဦးနှင့် ပူဇော်ရာကဗျာ့ပန်း (တင်မိုး၊ ဒေါက်တာသန်းထွန်း)

ဗုဒ္ဓနှင့်တွေ့ဆုံခြင်း

ဘာမဟုတ်ညာမဟုတ်နဲ့
ငါဗုဒ္ဓဘုရားကိုတောင်မှ
ရှေးဟောင်းပစ္စည်းတွေအကြားမှာ
ရောင်းစားခံရ
စီးပွါးရေးမျက်စိ စူးရှတဲ့
ဒီလိုဥရောပမှာ
မင်းကဘာလာလုပ်သလဲတဲ့
ဗုဒ္ဓက မေးတော်မူတယ်။
ကိုယ်တော်မသိလို့နော်
ကိုယ်တော်သာ မြန်မာနိုင်ငံမှာရှိရင်
ပူဇေမိအမျိုးမျိုးနဲ့
ရှိခိုးခံရမှာတော့ အမှန်ပါပဲ။
ဒါပေမယ့်
မမှန်တာတွေပြော မမှန်တာတွေဟောနေရ
ကိုယ်တော်ကော ဗုဒ္ဓေါတ,မိပြီး
ပြေးကြွချင်မှာ သေချာတယ်။
မမှန်တာတွေ ပြောတော့လဲ
သံသရာတကြောမှာ
အဖန်တစ်ရာ မောနေဦးမှာကိုး ဘုရာ့။
လက်နက်ကိုင်စစ်တပ်က
အရပ်ရပ်နေပြည်တော်
ကြားလို့မှ မလျော်အောင်
အော်ဒါတွေထုတ် မတော်တာတွေ လုပ်နေတော့
ဗုဒ္ဓကိုကြိုးတုပ်
အချုပ်ထဲသွင်းရင် မခက်ပါလား။
ဒီကောင်တွေက ဥာဏ်လဲမရှိ
အမှန်လဲမသိ
ကတိလဲမတည်
အပလီအမျိုးမျိုးနဲ့
ဝစီအိုးကလဲ ပုပ်စော်န
ံနိုင်ငံကိုလဲမလေးစား
ကလေးကလား စိတ်ဓါတ်နဲ့
သိပ်ပြီးညစ်ပတ်ကြပါတယ်။
စစ်တပ်ဆိုတာ ပြည်သူကိုအနိုင်ကျင့်ဖို့
မြှောက်ပင့်အားပေး
ဓါးသွေးခိုင်းထားတဲ့
အရိုင်းများရဲ့ ခိုလှုံရာ
ဗိုလ်တကာတို့ရဲ့ဘုရင်ပါဘုရား
ဗိုလ်နေ၀င်းစစ်တပ်ဆိုတာ
ပစ်ခတ်ဖို့နဲ့ ညစ်ပတ်ဖို့ပဲ သိတာမဟုတ်လား။
ပြည်သူတွေကတော့ တက်တက်မွဲ
ရဟန်းကောင်းတွေက ခွက်လက်စွဲ
ဒင်းတို့တတွေက သဘက်သရဲ
လက်နက်ပဲ အဓိက
လက်နက်ပဲ ပဓါန
လက်နက်စိုးမိုးတဲ့ စစ်ဝါဒပါ။
ကိုယ်တော့်အဖို့ကတော့
ဥရောပ စူပါမားကက်မှာ
ငြိမ်သက်စွာ စံပါယ်တာကမှ
အန္တရာယ်ခပ်သိမ်း ကင်းပျောက်ငြိမ်းပြီး
သိန်းသန်းမက တန်ဘိုးတက်
ဗုဒ္ဓ ဗုဒ္ဓ ဆိုပြီး
နှုတ်ဟလို့ အမြွက်ခံရဦးမယ်
စိတ်လက်မသာ ရှိတော်မမူပါနဲ့ ဘုရား။
မြန်မာစစ်ဗိုလ်တွေ လုပ်သမျှနဲ့တော
့ဗုဒ္ဓ ဗုဒ္ဓ အချုပ်ကမတက်
ဒုက္ခဖက်ရရင်
မုချမသက်မသာ ဖြစ်နေရမှာပါ။
တပည့်တော် ငပါမွှားက
တရားချတယ် မထင်ပါနဲ့
တိုင်းပြည်က တကာတကာမအပေါင်း
အထောင်းခံရတာများလွန်းလို့
ပြားပြားမှောက်နေရင်းက
တရားပေါက်ရခြင်း ဖြစ်ပါတယ်
ခွင့်လွှတ်တော်မူပါအရှင်ဘုရား။
တင်မိုး (ဧပြီ ၁၂၊ ၂၀၀၀)("ဗုဒ္ဓနှင့်တွေ့ဆုံခြင်းနှင့် အခြားကဗျာများ" စာအုပ်မှ)

....................................................

ဂေါတမရေ မပြန်လေနဲ့-အောင်ခြင်းကိုးပါး

အ, ပါပေ့ တင်မိုးရယ်
ကျောက်ဆင်းတု ကိုယ်တော်ကို
ဒီက အကျိုးအကြောင်း
ကုန်စင်အောင် လျှောက်ထားပြီးမှ
မပြန်လေနဲ့လို့
မင်းတားလို့ ရမတဲ့လား....။
ရှင်တော်ဘုရားက
အယုတ်ဆုံး အရိုင်းဆုံးဆိုရင်
ချက်ချင်းတွေ့၊ ရအောင်ချွတ်
အောင်ခြင်းကိုးပါး လာမယ်လေ
မင်းမမီမှာ ငါစိုးတယ်....။ ။
ငါ ကဗျာဆရာ မဟုတ်ဘူး....။ တင်မိုး ကဗျာဖတ်ပြီး ရေးချင်လွန်းလို့ ရေးတယ်။
ဒေါက်တာသန်းထွန်း
ဤကဗျာ နှစ်ပုဒ်အား မာယာမဂ္ဂဇင်း မှကူးယူ ဖော်ပြသည်။

ဘောလုံးသမား သူငယ်ချင်းများ (မင်းကိုနိုင်)

ပိုးကုန် အချိန်ကုန်
စောင်းတီးသင်ဖို့ အခွင့်မကြုံသမျှ
ငါတို့လက်တွေ
မိုးစက်တွေကို ဆုပ်ကိုင်
ကျောင်းခေါင်းလောင်းကို လှုပ်ယမ်းစေနိုင်ခဲ့။
ဂိုးအသွင်းမခံရဖို့
အနိုင်ဂိုးဖိသွင်းဖို့ 
ဘောလုံးကွင်းမရှိသေးတော့အတူ
အပြေးပဲ ကျင့်ခဲ့ကြပေါ့။
လေသွင်း လေထုတ်
အလုပ်နှစ်ခုပညာ
ပယောဂ မပါပဲ တတ်ခါစ...
တစ်ယောက်ဒဏ်ရာတစ်ယောက် လျှာနဲ့ လျှက်ပေးကြ
တစ်ယောက်ကွေးရင် တစ်ယောက် ထုရိုက်ဖြောင့်ပေးကြ
တကယ်ပါ ဒါတွေဟာ
ငါတို့ လျော်နိုင်လို့ အထိုးခံဝံ့တဲ့
လောင်းကြေးတွေပါ။
"တစ်သက် ထာဝရ သတိရနေမယ်"
အဲဒါတွေက
ငါတို့ လုသောက်နေကြ အုန်းမှုတ်ခွက်က
ို"ရွှေခွက်" လို့ လာရေးတဲ့ အက္ခရာတွေပါ။
တွေ့ ဆုံခွဲခွာ
မျက်နှာနှစ်ဘက်ပါတဲ့ အသပြာ တစ်ချပ်
ကိုယ်ကြိုက်ရာ ဝယ်စားတတ်ပြီးတဲ့အခါ
ချိုချဉ်ဖန်ခါး အသားတစ်ဆုပ် အရွက်တစ်ရာ
စားမြုံ့ ပြန်မယ်လုပ်ခါမှ
မှန်ထဲမှာငါ့ကိုယ်နဲ့ ဘယ်သူ့ မျက်နှာလဲ...
အလီတွေရွတ် ချွတ်ကြည့်လည်းမရ
ဂါထာတွေရွတ် ချွတ်ကြည့်လည်းမရ
ဘယ်သူ့ ပယောဂ လည်းဟေ့...
မဟုတ်ဘူး
ငါတို့ အတတ်ကြူး စွပ်ခဲ့ကြတာ။
ချွတ်မရတော့တဲ့ မျက်နှာဖုံးတွေအောက်
တစ်ယောက်မျက်နှာ တစ်ယောက်မမြင်
ခုတော့
တစ်ယောက်ဂိုးပေါက်ပဲ တစ်ယောက်မြင်
ရွှေဂိုးတွေ တစ်ဒိုင်းဒိုင်း ကန်သွင်းချင်နေကြတယ်။
မင်းကိုနိုင်