ဘုရားသခင်စွန့် ခွာသွားတဲ့ မြေကွက်လပ်ပေါ်က ဘုရားသခင်ဖန်ဆင်းတဲ့ ပိတ်ဆုံးလူ

မောင်သစ်ဦး
ဇွန် ၁၃၊ ၂၀၀၇
(က)
ကျနော်သူ့ကို ကိုယ်ချင်းစာမိတယ်။သူ့ကဗျာကို ဖတ်တဲ့အခါ တကယ့်ကို သူ့ကို ကိုယ်ချင်းစာမိတယ်။တကယ်တော့သူ့ကဗျာကို စဖတ်မိတဲ့ အချိန်အထိပြီးတော့နောက်ထပ်သုံးလေးခေါက်သူ့ကဗျာကို ဖတ်မိတဲ့အချိန်အထိကိုယ့်ကိုကိုယ် ကိုယ်ချင်းစာနေမိတာသတိမထားမိဘူး။အခုသူ့ကဗျာကိုဖတ်ပြီးကိုယ့်ကိုကိုယ် ကိုယ်ချင်းစာတဲ့စိတ်နဲ့ဒီစာကို ရေးတာ။
(ခ)
၁၀.၃.၂၀၀၇.နေစွဲနဲ့၊ ခေတ်ပြိုင်ဝက်ဘ်ဆိုဒ်မဂ္ဂဇင်းမှာ ယောဟန်အောင် ရဲ့ “ ဒီနေရာကို ဘုရားသခင် စွန့်သွားတာ ကြာခဲ့ ပြီးပေါ့” ကဗျာကိုဖတ်ရတယ်။ ကဗျာထဲမှာ ကဗျာဆရာကိုယ်တိုင် ၀န်ခံထားတဲ့အတိုင်း အကြောင်းအရာတွေကတော့ တကယ်ကို “ရောသမမွှေ” ပါပဲ။ ဟိုအကြောင်းပြောလိုက်၊ ဒီအကြောင်းပြောလိုက်။ အဲသလို အထွေထွေရောမွှေထားတာ ကိုယ်နှိုက်က ကဗျာတပုဒ်ရဲ့ ဗဟိုချက်မဲ့မှုကို ပုံဖော်ချင်တဲ့သဘောများလား။ ဒါမှမဟုတ် မျဉ်းဖြောင့်သဘောပြောတာကို ရှောင်ချင်တာလား။ ဒါမှမဟုတ် ဗဟုသုတ၊ ဗဟုစာဂ၊ ဗဟုသမဂ္ဂဖြစ်အောင်ပြောဖို့  ကြိုးစားတာလား။
တပိုဒ်ချင်းကို တပုဒ်ထဲမှာ ကြိုးတချောင်းဖြစ်အောင်ကျစ်ပြီး၊ အဲဒီ ကြိုးကိုပဲ “ခေတ်တခေတ်“ ရဲ့“တရားလိုပြသက်သေခံ ပစ္စည်း” ဖြစ်အောင်ကြိုးစားတာများလား။ ဒါဟာ “ဒီနေရာကို ဘုရားသခင်စွန့်သွားတာ အတော်ကြာခဲ့ပြီပေါ့” ကဗျာကို ကျနော် “ဖျင်” ကြည့်မိရာက ကျနော့်အယူအဆနဲ့ကျနော် ဆွဲချက်ချကြည့်လိုက်တာပါ။
ဒီနေရာမှာ ဒီကဗျာအကြောင်းဆက်ပြီးမပြောခင် (အထောက်အကူဖြစ်မယ်လို့ ယူဆတဲ့ အတွက်) သူ့ကဗျာတွေနဲ့ ကျနော်၊ စတင်ထိတွေ့ခွင့်ရခဲ့တဲ့ “အစ” ကိုပြန်ကောက်ကြည့်ချင်တယ်။
၁၉၉၃-ခုနှစ်ထဲမှာ “ယောဟန်အောင်”ရဲ့ ကဗျာတွေကို ကျနော်စတင်ပြီး ဖတ်ရပါတယ်။ ဒီတုန်းက သူ့“သီး”နေတဲ့ အသီး တွေက တကယ့်ကို “ချိုပြင်း”တွေပါပဲ။ ဥပမာ……..“အလွမ်း”ဆိုတဲ့ကဗျာ။ ကိုယ့်ဘ၀ကလည်း ချိုပြင်းသီးတွေ သီးချနေတဲ့ အချိန်ဆိုတော့ သူနဲ့  ကျနော် မယ်လိုဒီညှိလို့ ရခဲ့တာပေါ့။
ကျနော်က “ ဒေါ်အောင်ဆန်းစုကြည်လမ်း” ကလေးထဲမှာ နေခဲ့ရတဲ့ အချိန်၊ သူက “သေလောထစခန်း”မှာနေခဲ့ပါတယ်။ ကျနော် မျှောချလိုက်လို့  သောင်းရင်းမြစ်ထဲ မျောသွားတဲ့ “သက်ပြင်း”တွေဟာ၊ သံလွင်မြစ် ထဲမျောပါလာတဲ့ “ယောဟန် အောင်” ရဲ့ “သက်ပြင်း” တွေ နဲ့ မြစ်ဆုံမှာ ဆုံခဲ့ကြဖူးတာပဲ။ ဒီတုန်းက ၂၀၀၆-ခုနှစ်ကြ မှရေးတဲ့ သူ့ကဗျာတပုဒ်ထဲက အတိုင်း သူက တကယ့်ကို ဟုန်းဟုန်းလောင်နေတဲ့သူ။ ဆရာ ဒဂုန်တာရာ ရဲ့  “ရန်သူကို မိတ်ဆွေဖြစ်အောင် လုပ်လို့  ရတယ်” ဆိုတဲ့ “ပန်းချီကား” ဟာ၊ “ဆေးစပ်မှား” နေတယ်ဆိုပြီးတောင်မှ စိတ်အချဉ်ပေါက်ခဲ့သူ။
ဒိနောက်ပိုင်း (၁၀)နှစ်ကျော်ကာလမှာ သူ့ကဗျာတွေကို ကျနော်မဖတ်ခဲ့ရပါဘူး။ ဒါမှမဟုတ် သူ့ကဗျာတွေကို ဘယ်စာ မျက်နှာပေါ်ကိုမှ သူကိုယ်တိုင် မတင်ဘဲထားခဲ့တာလားဆိုတာ ကျနော်မသဲကွဲပါဘူး။ ဒါပေမယ့် သက္ကရာဇ် ၂၀၀၀ ကျော် ကာမှ ဥရောပမဲဇာမှာ သောင်တင်ရင်း ရေးလိုက်တဲ့ သူ့ရဲ့ ကဗျာတပုဒ်ထဲမှာတော့ တုန်တုန်ခိုက်ခိုက်ဖြစ်နေတဲ့ သူ့ရဲ့  ပုဂ္ဂလရောမန္တိက ကိုတွေ့ လိုက်ရပါတယ်။ အဲဒီကဗျာထဲမှာ “မီလန်ခိုလီ“ ဆန်တဲ့စကားလုံးတွေကို ကျနော်တွေ့ ရပါတယ်။ တခါ ၂၀၀၆-ခုနှစ်ထဲမှာ သူ့ကဗျာတပုဒ်ကို ကျနော် ဖတ်ရပြန်တယ်။ ကဗျာရဲ့ အမည်က “အကြမ်းဖက်သမား”။ ဒီလိုနဲ့ ၂၀၀၇ မေ ၁၀ မှာ သူ့ရဲ့ “ဒီနေရာကို ဘုရားသခင်စွန့် သွားတာ ကြာခဲ့ပြီပေါ့” ကဗျာကို ခေတ်ပြိုင်ဝက်ဘ်ဆိုဒ် မဂ္ဂဇင်းမှာ ကျနော်ဖတ်ရပါတယ်။
(ဂ)
“ဒီနေရာကို ဘုရားသခင်စွန့်သွားတာ အတော်ကြာခဲ့ပြီပေါ့”ကဗျာမှာ ကဗျာပိုဒ် (၆) ခု ရှိပါတယ်။ ကဗျာပိုဒ်တပိုဒ်ချင်းဆီကို “ ဒီနေရာကို ဘုရားသခင်စွန့်သွားတာ အတော်ကြာခဲ့ပေါ့” ဆိုတဲ့“ပါဒ” နဲ့ချည်းပဲ ထပ်ကာထပ်ကာအစပြုပြီး ရေးပါတယ်။ သီချင်းတပုဒ် ရဲ့  Choures သဘောပေါ့။
ဒါကတော့ ၁၉၇၀ ၀န်းကျင်တ၀ိုက်ကတည်းက ခေတ်ပေါ်ကဗျာဆရာတချို့ တခါတရံအသုံး ပြုလေ့ရှိတဲ့ အတတ်ပညာ တခုပါပဲ။ ညွှန်ချင်ညွှန်းချင်တဲ့ အကြောင်းအရာအပေါ် ကဗျာဖတ်သူတွေပိုပြီး အာရုံကိုင်းညွှတ်နိုင်ဖို့ ကြိုးစားတဲ့သဘော ပါပဲ။
ဒီကဗျာရဲ့ အထူးခြားဆုံး “အတတ်ပညာ” ကိစ္စကတော့၊ ပုံမှန်ကာရန်ယူတဲ့စနစ်၊ စာစကားစနစ်နဲ့ စကားလုံးအရေအတွက် သတ်မှတ်ချက်စနစ်ဆိုတဲ့ အဟောင်း (၃) ရပ်ကို ဖေါင်ဖျက်ထားတဲ့ ကိစ္စပါပဲ။ အာရုံခံစားမှုကလည်း ခေတ်ပြိုင်ဖြစ်တယ်။ ဒါကြောင့်မို့  ဒီကဗျာကို ဆရာ“မောင်သာနိုး”ဆီ ပို့လိုက်ရင် အမူးအမော်ပြေစေမှာကတော့ သေချာတာပေါ့။
ဒီနေရာကို ဘုရားသခင်စွန့်သွားတာ အတော်ကြာခဲ့ပေါ့။
အဲဒီအချိန်ကစလို့ 
တောမီးတွေလောင်၊ တောင်ယာတွေအဖျက်ခံရတယ်။
မိုးခေါင်ရေရှားတယ်။
ဂရုတစိုက်ထားတဲ့ စပါးပင်တွေပိုးကျတယ်။
ရေကြီးတယ်၊ မုန်တိုင်းကျတယ်။
အလေ့ကျပေါက်တဲ့ ကြက်ဆူပင်တွေစိုက်ရတယ်။
လူလူချင်းသတ်ကြ၊ ကျွန်ပြုကြ၊ လူက လူကိုရောင်းစားကြ။
ငတ်မွတ်ခေါင်းပါး
ဖျားနာ၊ ရောဂါနဲ့  ကာလနာတိုက်တယ်။
သေတာလည်း မနည်းဘူး။
ဒီနေရာကို ဘုရားသခင်စွန့်သွားတာ အတော်ကြာခဲ့ပေါ့။

အဲဒီနေရာကစလို့ 
စစ်တွေတိုက်ကြတယ်။
ကျိုင်းကောင်အုပ်ကျတယ်။ ကြွက်ကျတယ်။
ခြစားတယ်။ လာဘ်စားတယ်။ ဘာလုပ်လုပ်ငွေတောင်းတယ်။
ဈေးတွေတိုးပြီးရောင်းတယ်။ လူကောင်းတွေ ရှားလာတယ်။
တစ်ယောက် တစ်ယောက်ကို ရန်လိုမျက်လုံးနဲ့ ကြည့်တယ်။
တချို့ က ကိုယ့်အမျိုးတွေအတွက်ပဲကြည့်ပြီး
အချို့ က ကိုယ့်အမျိုးကိုတောင် မကြည့်နိုင်၊
ကိုယ့်အသိဥာဏ်ကို ကိုယ်သစ္စာဖောက်တယ်။
ရိုက်နေတဲ့လူကို ဒူးထောက် လျှာနဲ့ လျက်တယ်။

ဒီကဗျာနှစ်ပိုဒ်မှာ လူတွေရဲ့ အကျင့်သီလအခြေအနေနဲ့ လူတွေကြောင့်ဖြစ်ရတဲ့ အနိဌာရုံကို ရေးတာပါပဲ။ နှစ်ပိုဒ်တစ်ပိုဒ်သဘောပါပဲ။

ဒီနေရာကို ဘုရားသခင်စွန့်သွားတာ အတော်ကြာခဲ့ပေါ့။
သူက ဘယ်သူပိုင်တယ် မသတ်မှတ်သွားတော့ ခက်နေတယ်။
မြစ်တွေနဲ့  သစ်တောတွေရောင်းစားတယ်။
ရေနံတွေ၊ ဂက်စ်တွေ နက်နက်တူးတယ်။
သေနတ်ကိုင်ပြီး နိုင်ငံရေးပြောတယ်။
ပိုက်ဆံကိုင်ပြီး လူထုတရားဟောတယ်။
ဘာသာရေးစွဲပြီး အကြမ်းဖက်တယ်။
အရှက်နည်းလာတယ်။
လူလိမ်တွေပေါလာတယ်။
သမားရိုးကျ ဗိုလ်ကျမှုတွေဖြစ်လာတယ်။

ဒီကဗျာပိုဒ်မှာကြတော့ လူတွေရဲ့ အကျင့်သီလအခြေအနေကိုပဲ မဲတင်းပြီးရေးတာဖြစ်ပေမယ့် သဘာဝပတ်ဝန်းကျင် ကိစ္စ ပါလာတာကိုလည်းတွေ့ ရ။

ဒီနေရာကို ဘုရားသခင်စွန့်သွားတာ အတော်ကြာခဲ့ပေါ့။
ချဲထိုးတာရယ် ဘောလုံးပွဲလောင်းတာကိုက
သမာအာဇီဝ၊ အလေ့အထဖြစ်လာတယ်။
ဗေဒင်ဆရာနဲ့  ပျောက်စေမှော်တွေ ပေါလာတယ်။
အမေတွေက အကြမ်းဖက်သမားတွေ မွေးတယ်။
ဗုံးတွေ ခဏခဏကွဲတယ်။
အရေးပေါ်ဥသြတွေ ခဏခဏကြားရတယ်။
အေအိုင်ဒီအက်စ် ကူးတယ်။
ဂလိုဘယ်ဝမ်းမင်း ဖြစ်တယ်။


ဒီကဗျာပိုဒ်မှာကြတော့ လူတွေရဲ့ အကျင့်သီလအခြေအနေအပြင် သဘာဝပတ်ဝန်းကျင်ကိစ္စအတိအလင်း ပါလာခဲ့ပြီ။ ဒါလည်း လူတွေ ရဲ့ အကျင့်သီလအကျိုးဆက်သဘောရေးတာ။ (ဂလိုဘယ်.၀မ်းမင်း….ဆိုတာ၊ သဘာဝပတ်ဝန်းကျင် ပျက်စီးလို့  ကမ္ဘာကြီးပူနွေး လာ တာသက်သက်ကိုပဲ ရည်ညွှန်းပြီးရေးလိုက်တာ ဟုတ်မှဟုတ်ပါလေစ…။) ပြီးတော့ “အမေတွေက အကြမ်းဖက်သမားတွေကိုမွေးတယ်” တဲ့။ ၂၀၀၆-ခုနှစ်ထဲတုန်းကရေးတဲ့ “အကြမ်းဖက်သမား“ကဗျာရဲ့ “လှိုင်း“တလုံးက ကျနော့်ရင်ထဲ ထောင့် ဖြတ်ဝင် တိုးလိုက်ပါတယ်။

ဒီနေရာကို ဘုရားသခင်စွန့်သွားတာ အတော်ကြာခဲ့ပေါ့။
ပြီးတော့မှ သူတို့ ပြန်ရောက်လာတယ်။
လက်ကိုင်ကွန်ပျူတာပါတယ်။
ငှက်ဖျားကာကွယ်ဆေးနဲ
့လက်သန့် စင်တဲ့ ဟန်းဒ် ဆန်နီတိုက်ဇာ--နဲ့ 
ဘုရားသခင်ကိုယ်စား ပြန်ရောက်လာတယ်။
(ဂြိုဟ်တုဖုန်းနဲ့  ဖိုးဝှီးကားပါလာတယ်)
အပြာရောင်အလံထောင်လာတယ်။

ဒီကဗျာပိုဒ်မှာ ကျိုင်းကောင်အုပ်တွေကျတဲ့နေရာ၊ ယင်ကောင်တွေရှိတဲ့နေရာ၊ ကပ်ဆိုက်တဲ့နေရာတွေဆီ ရောက်လာကြ သူတွေကို ဖွဲ့ တယ်။ ကျနော်ကတော့ လက်ကိုင်ကွန်ပျူတာ၊ ဂြိုဟ်တုဖုန်း၊ ဖိုးဝှီးကားတွေကို ကျော်ပြီး ကြည့်နိုင်ဖို့ ကြိုးစားရ တာပေါ့။

ဒီနေရာကို ဘုရားသခင်စွန့်သွားတာ အတော်ကြာခဲ့ပေါ့။
ကပ်တွေ၊ စစ်ပွဲတွေနဲ့ ၊ ဒုက္ခသည်စခန်းတွေကြားမှာ
ဒီကဗျာဟာလည်းကမောက်ကမ

ရှေ့ နောက်မညီရောသမမွှေ ဖြစ်နေပြီ။
ဒါလည်း ဘာဆန်းသလဲ။

ဘုရားသခင်က
သူ့ကဗျာ ၀ိဥာဉ်ကိုပါ နုတ်သွားတာကိုး။

ကဗျာပိုဒ် (၆) ပိုဒ်။ ကဗျာဆရာဟာ သူပြောပြချင်တဲ့ သူ့စေတနာကို အခုလို တစ်ပိုဒ်ပြီးတစ်ပိုဒ် ထပ်ကာထပ်ကာ ပြောခြင်း အားဖြင့် သူ့ စေတနာကို ပိုပြီးလေးနက်သထက် လေးနက်စေခဲ့တယ်။သံတချောင်းကို တူနဲ့ ထပ်ကာထပ်ကာ ထုရိုက်သလို ကဗျာဖတ်သူရဲ့ရင်ထဲ စူးဝင်သွားစေတယ်။ သူမြင် တာကို First person အနေနဲ့ အကုန်ပြောတဲ့သဘော။ ကျနော့်နှလုံးသားထဲမှာ အပြည့်ရသွားတယ်။

ဒီကဗျာထဲက သူ့အမြင်၊ သူ့“အတ္တ”ဟာ ကျနော့် “အတ္တ” နဲ့ “ထမ်းပိုးထမ်း” ဖြစ်တယ်။ လူအတော်များများရဲ့ “အတ္တ”နဲ့ လည်း “ထမ်းပိုးထမ်း” ဖြစ်တယ်။ ကျနော်တို့ တတွေ သူနဲ့ အတူ ခြံစည်းရိုးကြက်ဆူပင် စိုက်ရတယ်။ လူက လူကိုရောင်း စားတဲ့ သတင်းကို နားထောင်တယ်။ အဖျက်ဆီးခံခဲ့ရတဲ့ တောင်ယာထဲက ညှော်နံ့ ကို ရှူမိတယ်။ ခြစားဖူးတယ်။ လာဘ်ကျွေးဖူးတယ်။

လ္ဘက်ရည်ဆိုင်ထဲမှာ ဟိုဘက်စားပွဲမှာထိုင်နေတဲ့လူတယောက်နဲ့ ရန်လိုတဲ့အကြည့်ကြည့်ဖူးတယ်။ ကိုယ့်အသိဥာဏ်ကို သစ္စာဖေါက်ဖို့  အကြိမ်ကြိမ်ကြိုးစားရတာပဲ။ ရိုက်နေတဲ့လူရဲ့  ခြေသလုံးဆီက “အိုင်အိုဒင်းဓာတ်” ကို လျှာပေါ်မှာခံစား ဖူးတယ်။ အမေတွေက အကြမ်းဖက်သမားတွေ မွေးထုတ်တာ အားပေးဖူးတယ်။ “ဂလိုဘယ်ဝမ်းမင်း” ကိုဖတ်ပြီး ကြောစိမ့်ဖူးတယ်။ အပြာရောင်အလံထောင်ထားတဲ့ ကားနောက်က ဖုံလုံးထဲမှာ တရွတ်ဆွဲငိုကျွေးရင်း လိုက်ခဲ့ဖူးတယ်။

ဒါတွေကိုတွေး၊ ဒါတွေကို ချိတ်ဆက်၊ ဒါတွေကိုပြန်လည်နေရာချထား၊ ဒါတွေကို နောက်တလှမ်းခွာပြီး ကြည့်တော့ကိုယ့်ဘ၀နဲ့ကိုယ်နဲ့ က ရှင်းသလိုလို ထွေးသလိုလို။ ကိုယ့်ဘ၀နဲ့ ကိုယ်နဲ့က ကျဉ်းသလိုလို ချောင်သလိုလို။ ဒီနေရာမှာ လေးထောင့်၊ ဟိုနေရာ မှာ အ၀ိုင်း။ ကိုယ့်အပေါ်ကို မော့ကြည့်တော့ ပိရမစ်။ ဘေးကိုကြည့်တော့ “ဟော်ရစ်ဇွန်တယ်” ဖြစ်။ ဒီလိုခံစားရလို့  အမြင်အာရုံကို “ဖိုးကပ်စ်” ပြတ်အောင်ဖြတ်တော့ ကျနော်က “သူ”ဖြစ်။ သူက ကျနော်ဖြစ်။ “ဖိုးကပ်စ်”က ပြတ်အောင်ကိုဖြတ်လို့ မရနိုင်ခဲ့ဘူး။

ဒီကဗျာမှာ ကဗျာဆရာဟာ တခြားလူတွေအကြောင်းပြောနေတာလား။ သူ့အကြောင်းသူပြောနေတာလား။ ဒီအထဲမှာ ကျနော့်အဖြစ် ကျနော့်အကြောင်းတွေလည်းပါနေတယ်။ဒါဆိုရင် သူနဲ့ ကျနော်က လူနှစ်ယောက် လား။ တယောက်တည်း လား။ တစ်စိတ်နှစ်ကိုယ်လား။ သူကတခြားလူနဲ့ တူပြီး ကျနော်က သူနဲ့ တူနေတာလား။ ကဗျာဖတ်ရင်းက သူနဲ့ ကျနော် ပူးတုံခွာတုံ။ နွေးတုံ အေးတုံ။ ဘာတခုမှ အသေစွဲလို့ မရ။သူ့ကဗျာကိုဖတ်ရင်း ကျနော်ဟာ တခါတရံမှာ “ကတ္တား” ဖြစ်လိုက်၊ “ကံ”ဖြစ်လိုက် …။ ဒါလည်း မသဲကွဲချင်ဘူး။ ကျနော်ကတော့ “ကတ္တား”ဖြစ်ချင်တယ်။ ဒါပေမယ့်….။
(ဃ)
“သူ” လို့ ထင်ရတဲ့ “ကျနော့်”ကို
သူ့ကဗျာထဲမှာ ကျနော်တွေ့ နေရတယ်။

သူဟာမြေကွက်လပ်တခုပေါ်မှာ ရပ်နေတယ်။
သူက အဲဒီမြေကွက်လပ်ကို လက်ညှိုးထိုးပြီး
“ဒီနေရာကို ဘုရားသခင်စွန့်သွားတာ အတော်ကြာခဲ့ပြီပေါ့” လို့ ကြေကြေကွဲကွဲ အော်လိုက်တယ်။

သူ့ရဲ့ “အော်သံ”က “အက်ဗတ်မွန့် ခ်”ရဲ့ “အော်သံ”နဲ့ မျိုးစိပ်ချင်းတူတယ်။

ဒီအသံကို ကျနော်ကြားတော့
“ဂျက်ဟစ်ကင်း” ရဲ့ ဝတ္ထုခေါင်းစဉ်တခု
“ဘုရားသခင် ဖန်ဆင်းတဲ့ ပိတ်ဆုံးလူ”ဆိုတာကို သွားပြီးသတိရတယ်။
ဒါနဲ့ပဲ
ဖြတ်ခနဲ သတိတစ်ချက် လင်းလက်တဲ့အခိုက်
ကိုယ့်ကိုကိုယ်ပြန်ကြည့်မိတယ်..။
မြေကွက်လပ်ပေါ်မှာ လူတစ်ယောက်။

အဲဒီလူဟာဖြင့် “ဘုရားသခင် ဖန်ဆင်းတဲ့ ပိတ်ဆုံးလူ တစ်ယောက်”
မြေကွက်လပ်ပေါ်မှာ ရပ်နေလေရဲ့ ။ ။

အောက်ခြေမှတ်စုများ -

မီလန်ခိုလီ” - မူရင်း အဓိပ္ပာယ်မှာ အလွန်စိတ်အားငယ်သော
နိုင်ငံရေး နယ်ပယ်သုံး ဝေါဟာရ အနေနှင့်မူ - မိမိ ယုံကြည်သည့် ခေတ်တခု၊ စနစ်တခု မိမိရှေ့မှောက်မှာတင် ပြိုကျပျက်စီးသွားသည့်အခါ အကြီးအကျယ် စိတ်ပျက်အားငယ်၍ ယောင်ယောင် အ အ ဖြစ်နေသော။
ဂျက်ဟစ်ကင်း” - ဗြိတိသျှ စာရေး ဆရာ။
အက်ဗတ်မွန့်ခ်” - ကမ္ဘာကျော် နော်ဝေး လူမျိုး ပန်းချီဆရာ။
ဒီဆောင်းပါးကို ဧရာဝတီမဂ္ဂဇင်း (မြန်မာစာမျက်နှာ)မှာလည်း ဖတ်လို့ရနိုင်ပါတယ်။

ကျွန်တော်တို့ ခင်ဗျားတို့များစွာ ဒီလိုနဲ့ပဲ မအိုချင်ခဲ့ကြ

(ငြိမ်းအေးအိမ်)

ဒီလိုနဲ့ပဲ ခုနေခါ ကျွန်တော်ဟာ အသက်တစုံတရာ ရခဲ့ပြီ။
ဆိုရရင် အိုခဲ့ပြီ။
ငယ်ဘ၀လည်း လွန်ခဲ့ ...။ ရွယ်ဘ၀လည်း ကျွံခဲ့။
ကျွန်တော်က ဖြစ်ခဲ့တဲ့ ကျွန်တော့် သားသမီးတွေသော်မှ အတောင်အလက် စုံကြတော့ မယ်။ ကျွန်တော် ဘယ်ထိ ရောက်ခဲ့ပါသလဲ။ ဘယ်ခရီး ပေါက်ခဲ့ပါသလဲ။ ဘယ်လမ်းက လျှောက်ခဲ့မိပါသလဲ။
အခု တင်ဆက်နေတဲ့ အရေးအသားတွေဟာ ကဗျာတပုဒ်ကို အကြောင်းပြုပြီး ဖြစ်လာ ခဲ့တဲ့ ခံစားမှုကနေ ကိုယ် ဖြတ်သန်းခဲ့ဖူးတဲ့ နှစ်သက္ကရာဇ်နဲ့ အဖြစ်အပျက် တချို့တလေ အကြောင်း ရေးဖွဲ့မိတာပါလို့ ကြိုတင်ဝန်ခံထား လိုပါတယ်။
ကိုယ့်ဘ၀ကို ရောက်ရာနေရာက လှမ်းမျှော်ကြည့်နေမိခြင်းမှာ အမောတွေ ပါတယ်။ ခြေစုံ ရပ်မိထားတဲ့ ရက်စွဲတွေရဲ့ အရှေ့ကိုပဲ မျှော်မျှော်၊ အနောက်ကိုပဲ မျှော်မျှော်ပေါ့။ ယုံပါ မိတ်ဆွေ။ ကျွန်တော်တို့ ရင်မှာ အမောတွေ ရွာနေတယ်။ သည်းသည်းခက်ခက်နဲ့ ရက်ရက် စက်စက်ကြီးကို ရွာကျနေတာပါ။

တပြိုင်နက်မှာပဲ ဖားဖိုလို ဒီရင်အုံကြီးထဲမှာ နေထိန်ထိန်သာ လင်းလက်ပူကျက်နေတဲ့ ခံစားမှုတမျိုးလည်း ပါရှိနေပြန်သေးတယ်။ အဲဒီ ခံစားမှုကတော့ ကိုယ်ဖြတ်သန်းခဲ့ဖူးတဲ့ ဒါမှ မဟုတ် ကိုယ်ရွေးချယ်မိခဲ့ဖူးတဲ့ ကိုယ့်သမိုင်းအတွက် ဘယ်တော့မှ နောင်တမရခြင်း။ ဘွာ မခတ်ခြင်းပါပဲ။
ကိုယ်ရွေးချယ်ခဲ့မှုကို ဘယ်တော့မှ နောင်တမရခဲ့ခြင်းတွေဟာ ကျွန်တော့်ကိုယ်မှာ တလက်လက် လင်းဆဲ။ မီးပြင်း ပန်းပဲဖိုတခုက မီးခဲ မီးလျှံများလို တဖျစ်ဖျစ်မြည် လောင်ကျွမ်း ဆဲ။ မင်းမှားခဲ့တယ်ဟေ့လို့ ပြောမယ့်ပါးစပ်နဲ့ ကြည့်မယ့် မျက်လုံးတွေကို ဒေါသမပါပဲ အေးစက်စက် မာကျောကျော ပြန်ကြည့်တတ်မြဲ။
လွန်ခဲ့ပြီဖြစ်သော သက္ကရာဇ်နှစ်များမှာ ကျွန်တော်ဟာ ကိုယ့်ကိုယ်ကို ဘော်ရှီဗစ် တယောက်အဖြစ်၊ ကွန်မြူနစ် တယောက်အဖြစ်၊ ဆာရီယယ်လစ်အဖြစ်၊ ဟျူမင်နစ်ဇင်အဖြစ်၊ ဒါမှမဟုတ် လစ်ဘရယ်အစ်ဇင်တယောက်အဖြစ် တစုံတခု ရွေးချယ်မိကောင်း ရွေးချယ်ဖြစ်ခဲ့ပါ လိမ့်မယ်။ ဘယ်အင်္ကျီ၊ ဘယ်တံဆိပ်ကိုပဲ ၀တ်ဆင်ခဲ့ ၀တ်ဆင်ခဲ့ ဒီအချိန် ဒီကာလမှာ ဒီလို ၀တ်ဆင်ခဲ့မိလေခြင်းလို့ ကျွန်တော် နောင်တ မရခဲ့ပါ။ ငယ်ငယ်တုန်းကမှ ကွန်မြူနစ် မဖြစ်ခဲ့ဘူး ရင် သူရဲဘောကြောင်သူ၊ အသက်လေးဆယ် ကျော်လို့မှ ကွန်မြူနစ်ဖြစ်နေသေးရင်တော့ အတော်တုံးအ, သူဆိုသလား အူကြောင်ကျား စကားတခွန်းကိုလည်း ကြားဖူးခဲ့။ လက်ခံသင့်တဲ့ အပြောင်းအလဲကို လက်ခံဝံ့တဲ့ အသိဥာဏ်နဲ့ ကိုယ့်တည်ရှိခဲ့မှုကို ကိုယ်ကိုယ်တိုင် ကျေကျေနပ်နပ် သိမှတ်ပြုရဲတဲ့ ယုံကြည်ခြင်းများအကြောင်း သင်ခန်းစာသစ် တခု ပြင်ဆင်ပြီး သင်ကြားပေးရမှာလား။ တချို့ ပါးစပ်တွေဟာ သူတို့ ခံတွင်းတွေ အနံ့အသက် မကောင်းကြောင်း ကိုယ်တိုင်မသိလိုက်ကြ။ "မင်းယုံကြည်ခဲ့တဲ့ စနစ်ကြီး ကျဆုံးသွားပြီကွ" လို့ အာလုပ်သံကြီးနဲ့ အော်ကြီးဟစ်ကျယ် လှောင်ရယ် ရယ်ခဲ့သူတွေနဲ့လည်း ဆုံခဲ့ဖူးရဲ့။ အလှောင် အပြောင်လည်း ခံခဲ့ရဖူးပါရဲ့။ သူတို့ ညွှန်းဆိုတဲ့ စနစ်ကြီးဟာ သားသတ်လက်နက် မဟုတ် ကြောင်း၊ ကမ္ဘာဖျက်ဗုံးတလုံး မဟုတ်ကြောင်း၊ ဓါးစားခံ အပြည့်တင်ဆောင်၊ ဆီအပြည့်ဖြည့် ထားပြီး ဒဗလျူတီစီကို ၀င်တိုက်ခဲ့တဲ့ လေယာဉ်တစီးလည်း မဟုတ်ကြောင်း လှောင်ပြောင်သူ တွေ သတိမမူမိခဲ့။ ကျွန်တော်တို့ ကိုယ်တိုင် သူ့ရှေ့မှောက်မှာ အသက်ရှင်လျက် ရှိနေသေးတာကို မေ့လျော့နေခဲ့။ စကြ်ာတံဆိပ်တခုရဲ့ ရက်စက်မှု၊ ကင်ဒိုဓါးတချောင်းရဲ့ ရန်လိုမှုတွေနဲ့ စပါးတားကပ်စ်ခေတ်က ကျွန်ပြုသူတွေရဲ့ ကြာပွတ်သွားကို အသက်သွေးပေး ဆန့်ကျင်ခဲ့သူတွေရဲ့ ၀ိဥာဉ်တွေမှာ နောင်တ မပါခဲ့ဘူးဆိုတာ ဘယ်သူ့ကို ဘယ်လို ပြောပြရပါ့မလဲ။ ခက်တာက စောင်းသမားတွေဟာ သူ့ တူရိယာကို ဘယ်နားမှာသာ တီးခတ်သင့်ကြောင်း သိနေကြတာပါပဲ။
တချို့က နည်းနည်းဝေးတယ်။ တချို့က ဝေးချင်ယောင် ဆောင်ကြတယ်။ လေးဖြူရဲ့ ပါဝါပြည့်ပြည့် အသံကြီးကို သိပ်သဘောကျတာပဲ။ ရူးချင်ယောင်ဆောင်မနေနဲ့ ဆိုတဲ့ သီချင်းက သူ့အသံနဲ့ သိပ်လိုက်ဖက်တယ်။
ဘယ်လိုပဲ ဖြစ်ဖြစ်၊ မအိုချင်ပေမယ့် ကျွန်တော် အိုခဲ့ပြီ။ အိုပြီဆိုတာ ကိုယ်လျှောက်ဖူးတဲ့ ငယ်ဘ၀က လမ်းတွေကို ပြန်ငဲ့ကြည့်မိတယ်။ ကိုယ်နဲ့အတူ ပခုံးယှဉ်လျှောက်ခဲ့ဖူးတဲ့ လူတွေကို လည်း ပြန်အမှတ်ရတယ်။ အနာဂါတ်ကို သွက်သွက်လက်လက် မလှမ်းနိုင်တော့တဲ့အခါ တက်တက်ကြွကြွ ခြေလှမ်းချဖူးခဲ့တဲ့ အတိတ်ရက်တွေကို မျက်စေ့တဆုံး လှမ်းကြည့်မိတယ်။ ကျွန်တော်တို့ လျှောက်ခဲ့ ရောက်ခဲ့ ပြီးသမျှလမ်းဟာ အမှန်ချည်းလားဆိုတာ မဟုတ်။ တက်ကြွမှုတွေနဲ့ချည့်လား ဆိုတော့လည်း မဟုတ်။ ပျင်းရိခြင်းတွေနဲ့ လေးတိလေးကန်လား ဆိုတော့လည်း မဟုတ်။ ဘ၀အချိုရည်ကို တချိန်လုံး အာသာရမ္မက်ပြင်းခဲ့ကြသလား ဆိုပြန်တော့ မမှန်။ အားလုံးဟာ အချိန်အခါအလိုက်၊ အခြေအနေအလိုက်၊ စိတ်ခံစားမှုအလိုက် မိုးဦးတိမ်တွေလို ပြောင်းလွယ် ရွေ့လွယ် ခဲ့ဖူးတယ်။
ကျွန်တော်တို့ကိုယ်တိုင် (လမ်းလျှောက်ခဲ့ဖူးသူများကိုယ်တိုင်) အဲသလို ပြန်ကြည့်မိရုံ မက၊ ကျွန်တော်တို့ထက် ငယ်ရွယ်သူ နောက်မျိုးဆက်တွေကလည်း ကျွန်တော်တို့ကို ပြန်ကြည့်နေရတာ တွေ့ရပြန်တယ်။ သူတို့ဟာ ရှေ့ဆက်လျှောက်ကြည့်မယ့် (ကျွန်တော်တို့ လျှောက်ခဲ့တဲ့လမ်း မဟုတ်တဲ့) လမ်းတွေကို ကြည့်မျှော်နေကြသလို၊ သူတို့နောင်တော်တွေ လျှောက်ဖူးတဲ့ လမ်းကိုလည်း လှမ်းကြည့်နေပြန်တယ်။ ဒီအကြည့်တွေမှာ သံယောဇဉ်တွေနဲ့လား။ သံသယနဲ့ ကြည့်တာလည်း ဖြစ်နိုင်ပါတယ်။ ဒီလူကြီးတွေ လမ်းမှန် ကမ်းမှန်မှ လျှောက်ခဲ့ကြရဲ့လား ဆိုပြီးတော့ပေါ့။ ဒီလူကြီးတွေ ငါတို့ ဆက်လျှောက်မယ့် လမ်းကို ကောင်းကောင်းကန်းကန်း မှန်မှန်ကန်ကန် ဖောက်ပေးခဲ့ကြရဲ့လားဆိုတဲ့ အတွေးမျိုး တွေ နဲ့ပေါ့။
အဲဒီလိုမျိုး ခံစားချက်ကို ၂၀၀၆ ခုနှစ်ထုတ်၊ ဇူလိုင်လထုတ် "ပိတောက်ပွင့်သစ်" မဂ္ဂဇင်းထဲက 'လွှမ်းရုံ' ရဲ့ "ခင်ဗျားနဲ့ ကျွန်တော် ဒီလိုပဲ အိုတော့မယ်" ကဗျာမှာ သွားတွေ့လိုက်မိပါတယ်။
ဒီကဗျာဟာ ကျွန်တော့်ကို တော်တော် ပြင်းပြင်းထန်ထန် ထိမှန်ခဲ့တယ်။ ကိုယ်လုံးတီး ချွတ်ထားတဲ့ ကိုယ့်ခန္ဓာကိုယ်ကို မှန်ထဲမှာ အတိုင်းသားကြီး ပြန်မြင်လိုက်ရသလိုပါပဲ။
ဆရာ 'လွှမ်းရုံ'ရဲ့ ကဗျာပေါ်မှာ ခံစားရတာတွေကို မပြောခင် သူ့ကဗျာကို အရသာမပျက် အရင်းတိုင်းလေး ဖတ်ကြည့်စေချင်ပါတယ်။ အနက်ဝှက် မပါ၊ ပုံဖျက်ထားခြင်းမရှိတဲ့ ကဗျာလေးမို့ အလွယ်နားလည် ခံစားနိုင်ပါလိမ့်မယ်။
တစိမ့်စိမ့် တွေးယူတဲ့အခါ တဦးနဲ့တဦး အသက်အရွယ် ကွာခြားမှု၊ ရွေးလျှောက်ခဲ့တဲ့ လမ်း ကွာဟမှုတွေ အရပဲ 'အို' သွားကြတော့မလား ဆိုတဲ့ မေးခွန်းကတော့ ညက်ညက် ကလေးနဲ့ နက်နက်ထိုးစိုက်ဝင်ရောက်လာတဲ့ ဓါးချက်ပါပဲ။
အသက်သုံးဆယ်အရွယ် ကဗျာဆရာဟာ ဘ၀ရဲ့ကြားဘူတာ တည့်တည့်လောက်မှာ ရပ်ပြီး သူ့ခရီးရဲ့ ရှေ့နောက်ကို ဆင်ခြင်နေပုံပါပဲ။

ခင်ဗျားနဲ့ ကျွန်တော် ဒီလိုပဲ အိုတော့မယ်

ဒီလိုပဲ
ခင်ဗျားတို့ တွေးခဲ့ခေါ်ခဲ့သလိုပဲ
ခင်ဗျားတို့ ထူးဆန်းခဲ့သလိုပဲ
ခင်ဗျားတို့ ရိုးအီခဲ့သလိုပဲ
အီရတ်ဆီ အပျော်ခရီးထွက်ဖို့ ခင်ဗျားတို့ မစဉ်းစားခဲ့သလိုပဲ
ပိုက်ဆံမရှိတဲ့ရက်မှာ အနုပဋိလောမကို
အတည်ပေါက်ရွတ်ခဲ့သလိုပဲ
ခင်ဗျားငိုခဲ့သလို ကျွန်တော်ရယ်ခဲ့ဖူးသလိုပဲ
အသည်းအသန်လုစီးရတဲ့ ဘတ်စ်ပေါ်
(၇၀)ကျော်အဖွားကြီးလည်း
မညည်းတော့သလိုပဲ
မိန်းမတယောက်ရှိဖို့ လိုအပ်ကြောင်း
သွေးသားက တောင်းဆိုခဲ့သလိုပဲ
နတ်ပွဲလည်းကြိုက် ချဉ်ငန်စပ်လည်းကြိုက်
မရှက်တရှက်လေး ဖော်ရမှာကြိုက်တဲ့
ခေတ်ပေါ်မိန်းမများရဲ့ လူရာဝင်သလောက်ပါပဲ
ခြေတဖက်ပြတ်သွားတဲ့
ကလေးတယောက်ရဲ့ အနာဂတ်ကို
ကမ္ဘာကြီး စဉ်းစားမပေးသလိုပဲ
ခင်ဗျားနေခဲ့သလို ကျွန်တော်မသေချင်သေးသလိုပဲ
ဘယ်လိုနေနေ အပြစ်မလွတ်တဲ့
ခင်ဗျားတို့ ကျွန်တော်တို့ရဲ့ ချုံးပွဲချဟာသတွေလိုပဲ
ကိုယ့်ဘ၀ကိုယ် ရွံ့မှာကြောက်ပြီး
ကိုယ့်အကြောင်းမရောက်အောင်တွေးခဲ့သလိုပဲ
ခင်ဗျားလည်း ထမင်းဆာနေသလို
ကျွန်တော်လည်း ကားခိုးစီးခဲ့သလိုပဲ
ဒီလိုပဲ
ခင်ဗျားပြောခဲ့သလိုပဲ
ခင်ဗျားလျှောက်ခဲ့သလိုပဲ
ခင်ဗျားကောက်ကျစ်ခဲ့သလိုပဲ
ခင်ဗျားပန်းပွင့်ခဲ့သလိုပဲ
ခင်ဗျားနေ၀င်ခဲ့သလိုပဲ
ခင်ဗျားမိုးမလင်းခဲ့သလိုပဲ
ဘ၀ကို ပျော်သလိုကြာခိုခဲ့တဲ့
အနှစ်(၃၀)
ဒီလိုပဲ
ခင်ဗျားထင်တဲ့အတိုင်းပဲ
ဟိုရောက်ဒီရောက်နဲ့
ဘယ်မှမရောက်ခဲ့တာလည်း
အတူတူပဲ။

လွှမ်းရုံ

ကဗျာဖတ်ပြီး သွားတဲ့အခါ ကျွန်တော့်ရင်ထဲ ပြောချင်တာတွေ မြစ်တစင်းမက စီးဆင်းခဲ့ ပေမယ့်၊ ပြောလို့မဖြစ်တာ၊ ပြောလို့ မထွက်တာတွေလည်း တောင်တန်းတခုမက မြင့်ပုံနေခဲ့ တယ်။
ကဗျာနဲ့ ကျွန်တော့်ကြားမှာ (ကဗျာဆရာရဲ့ နှလုံးသားနဲ့ ကျွန်တော့်စိတ်ခံစားမှုများ ကြားမှာလည်း ဖြစ်နေနိုင်ပါတယ်) အသံထွက် ဖော်ပြလို့မရတဲ့ စကားတွေ တမြို့စာမက တည်ခဲ့တယ်။
အရွယ်ရောက်စ ကာလတွေ ကတည်းက ကျွန်တော်တို့ တခုခုကို တွေးခေါ်တာ အမှန်ပဲ။ ကျွန်တော်တို့ဟာ စမ်းတ၀ါးဝါးနဲ့ လမ်းရှာနေကြတာလည်း ဖြစ်ပါတယ်။ အဲဒီအချိန် တုန်းကတော့ တွေ့မြင်သမျှ၊ ကိုယ်မသိသေးသမျှ အားလုံးဟာလည်း အထူးအဆန်းတွေ ဖြစ်ခဲ့တာပဲ။ ဘာမဆို အလွယ်တကူ စုပ်ယူမျိုချလက်ခံလိုက်ဖို့ အသင့်ဖြစ်နေခဲ့တဲ့ ငယ်ဘ၀တွေပါပဲ။ ကိုယ့်ဘက်က အမှန်တရားလို့ ထင်တဲ့ဟာနဲ့ အရာရာကို ပစ်လဲလိုက်ဖို့ နည်းနည်းမှ ၀န်မလေးခဲ့တဲ့ လွမ်းစရာ အချိန်လေးတွေပေါ့။
သစ်ခြင်းလို့ ကိုယ်ယူဆခဲ့တာ မှန်သမျှနဲ့ လင်ကိုယ်မယားလို နှစ်ရှည်လများ ပေါင်းဖက် နေထိုင်ခဲ့တဲ့နောက် အဲဒီ အသစ်တွေဟာ မသစ်ပြန်တော့ဘူး။ ကျွန်တော်တို့ ကိုယ်တိုင်က ရိုးအီလွယ်ခဲ့ကြသလား။ ကျွန်တော်တို့ လက်ခံထားရှိမှုတွေ ကိုယ်၌က ပျင်းရိစရာ ကောင်းလွန်းအောင် ခေါက်ရိုးကြေနေခဲ့ကြတာလား။
တချို့တလေက ငယ်နုစိတ်တခုတည်းနဲ့ (ဘာကိုမှ တိတိကျကျ မယ်မယ်ရရ မဆုပ်ကိုင် လိုက်နိုင်သေးခင်) "ကြိုးကြာငှက်တို့ရဲ့ မိုင်ထောင်ချီခရီးစဉ်" ဆိုတဲ့ သံစဉ် စာသားလေးအတိုင်း အပြိုင်းပြိုင်း ထပျံကြတယ်။
အများစုကတော့ သေပန်းတွေ ပွင့်နေတဲ့ ပူရှရှ နေ့လည်ခင်း တခုဆီကို ယဉ်တစီးစီးနဲ့ အခမဲ့ ပို့ပေးပါ့မယ်ဆိုရင်တောင်မှ အဲဒီမှာဖြင့် သစ်ဆန်းမှာပဲ ဆိုပြီး သွားကြည့်ချင်စိတ် မရှိခဲ့ကြပါဘူး။ ခြေမ ခလုပ်တိုက်ရင်တောင် 'အမေ' တပြီး နာတတ်ကြတဲ့ ကျွန်တော်တို့တတွေ ဟာ ကျည်ဆံမှန်ရင် အတော်နာကျင်မှာပဲလို့တော့ တွေးတောမိတတ်ကြပါတယ်။ အဲသလို နေရာမျိုးဆီ အပျော်ခရီးထွက်ဖို့ ငြင်းဆန်ခဲ့တတ်တာပါပဲ။
ဘ၀အိုးထဲမှာ အတ္တနဲ့ပရ ဘယ်အချိုးနဲ့ ရောမွှေ စပ်ဟပ် ခဲ့ပါသလဲ။
ဒါတွေဟာ ကျွန်တော်တို့ ရွယ်စဉ်တုန်းက စိတ်အခြေအနေပါ။ ကဗျာဆရာက(... သလိုပဲ) တွေ ထပ်ထပ်သုံးပြသွားတော့ သူတို့အခြေအနေ (ကျွန်တော်တို့ နောက်မျိုးဆက်ရဲ့ အခြေအနေ) ကလည်း ထူးမခြားနားပါလားလို့ သတိထားမိတယ်။ နှစ်ကာလတွေဟာ အရှိန်နဲ့ ရွေ့လျားသွားပေမယ့် အခြေအနေကြီးကတော့ ကြပ်ခဲကြီး ဖြစ်ကျန်နေတာလား။ ကျွန်တော်တို့ တွေးခဲ့သလို သူတို့ ဘာလို့ တွေးတောကြတာလဲ။ တခုတော့ ရှိပါတယ်။ ဒီနေ့မှာတော့ ဘယ်လူငယ်မှ အနုပဋိလောမကို ရွတ်ဖတ်သရဇ္ဈာယ် မနေလောက်တော့ဘူး ထင်ပါရဲ့။ ဒါဟာလည်း အနုပဋိလောမကြီး မှားနေလို့တော့ မဖြစ်တန်ပါ။ ခေတ်လှိုင်းဟာ အဲဒီ တံတိုင်းကြီးကို ကျော်လွှားဖုံးလွှမ်းသွားလိုက်တာပဲလို့ ထင်မြင်မိပါတယ်။
ကဗျာဆရာ သုံးပြသွားတာလေးကတော့ လှလွန်းတယ်။ ကျွန်တော်တို့ ငယ်ဘ၀ ကြားနေကျ 'ပစ္စည်းမဲ့လူတန်းစား'၊ 'အနုပဋိလောမ' ဆိုတဲ့ ဝေါဟာရတွေဟာ ကော်ကောင်း ကောင်းနဲ့ အကပ်ခံထားရတဲ့ စာလုံးတွေပါ။ ကျွန်တော်တို့လို ဥမမယ်စာမမြောက် ပညာတတ် ပေါက်စလေးတွေထဲမှာ ကိုယ့်ကိုယ်ကို ဆုံးရှုံးစရာဆိုလို့ နှောင်ကြိုးကလွဲရင် ဘာမှမရှိတဲ့ တကယ့်ပစ္စည်းမဲ့တွေလို ထင်ပြီး အတည်ပေါက်နဲ့ အနုပဋိလောမဂါထာကို ရွတ်ခဲ့ဖူးသူတွေ များကြလိမ့်မယ် ထင်ပါတယ်။ အဲဒီခေတ် အဲဒီအခြေအနေက ကျွန်တော်တို့ကို သူလှမ်းမြင် ကြည့်ပြီး ပြောသွားတာလေးကတော့

ပိုက်ဆံမရှိတဲ့ရက်မှာ အနုပဋိလောမကို
အတည်ပေါက်ရွတ်ခဲ့သလိုပဲ

'ပိုက်ဆံမရှိတဲ့ရက်မှာ' ဆိုတာ ဆင်းရဲစဉ်က အခြေအနေကို ပြောတာနေမှာ။ အဲဒီတုန်းက အနုပဋိလောမကို အတည်ပေါက်ရွတ်ခဲ့ကြသူတွေဟာ၊ နှစ်တွေ အတော်ကြာ ပြီးနောက်၊ အပြောင်းလဲတွေအောက် ရောက်သွားကြပြီးနောက် ပိုက်ဆံတွေ (သို့မဟုတ်) ရာထူးရာခံ အခွင့်အလမ်းတွေ ရရှိသွားတဲ့ နောက်များမှာ။
(အဲဒီ ၀ါကျကို ရေးနေမိတုန်းမှာပဲ ကျွန်တော်တို့ တောမြို့လေးတွေမှာ တွေ့ရတတ်တဲ့ ရုပ်ရှင်ကြော်ငြာ လှည်းကလေးဆီက အသံကို ကြားယောင်လာမိပါတယ်။ ငွေရောင်ပိတ်ကား ပေါ်မှာ ဆက်လက်ရှုစားကြပါခင်ဗျား ဆိုတဲ့အသံပါ)
ငိုကြ၊ ရယ်ကြ၊ ကြည်နူးကြ၊ ကြေကွဲကြ၊ ဒေါသဖြစ်ကြ၊ သိမ်မွေ့နူးညံ့ကြနဲ့ ဖြစ်ရိုးဖြစ်စဉ် ဘ၀လွင်ပြင်ထဲ သူသူငါငါလို ကျွန်တော်တို့တတွေ ဖြတ်သန်းသွားလာနေကြတဲ့ ရုပ်ပုံကားချပ် တွေကို "ခင်ဗျားငိုခဲ့သလို ကျွန်တော်ရယ်ခဲ့ဖူးသလိုပဲ" ဆိုတာကလေးနဲ့ ကားဆက်ပေးခဲ့တယ်။ အဲဒီနောက် "အသည်းအသန်လုစီးရတဲ့ ဘတ်စ်ပေါ် (၇၀) ကျော်အဘွားကြီးလည်း မညည်း တော့ သလိုပဲ" လို့ ဘ၀တနံတလျားကို ဇွန်းအောက် (Zoom Out) လုပ်ပြီး၊ အဝေးမြင်နဲ့ လှစ်ကနဲ တချက်ပြသလိုက်တဲ့အခါ၊ ကျွန်တော်တို့ ရင်ထဲမှာ (နှစ်ပေါင်း ၇၀) (အသည်းအသန် လုစီးရတဲ့ ဘတ်စ်ကား) (မညည်းညူတတ်တော့်တဲ့၊ ညည်းညူခြင်းဝေါဟာရများကို မေ့လျော့ နေတဲ့နှုတ်ခမ်း) (နေ့များ) (ညများ) (ခြောက်သွေ့ ပူပြင်း စွတ်စိုရာသီများ) (ကိုယ်နံ့များ) (ဆူငေါက်သံ အော်သံများ) (ဘယ်ငေးနေမှန်းမသိတဲ့ ဆုံချက်မဲ့ ရီဝေေ၀ မျက်လုံးများ) (စစ်ကြိုခေတ် အင်ဂျင်ဟောင်းတလုံးဆီက မချိမဆန့်အော်ရုန်းသံ) (တွန့်ကြေနေသော အ၀တ် အထည်များ) (လိုရာအချိန်မီ ရောက်လိုစိတ်နဲ့ နာရီခဏခဏ ကြည့်တတ်သူများ) စသဖြင့် ဖြတ်ပိုင်းဖြတ်စတွေဟာ တလက်လက် ပေါ်လာတယ်။ စပ်ထည်စတွေနဲ့ ချုပ်လုပ်ပြသတဲ့ ဘ၀ အမည်ရ ပန်းချီကားတချပ်ကို ရပ်ကြည့်နေရသလိုပဲ။
ငယ်စဉ်ကနေ ရွယ်စဉ်ဘ၀ကို ကူးပြောင်းတဲ့အခိုက်မှာ ဘာတွေ ဖြစ်ခဲ့ကြပါသလဲ။
တကယ့် ရက်စွဲခါးခါးတွေကို စားသုံးခဲ့ရတဲ့၊ ပြတင်းပေါက်ကျဉ်းကျဉ်းက ပျော်ကျလာတဲ့ လရောင်ကို လက်ခုပ်နဲ့ ခံသောက်ကြရတဲ့ ၁၉၇၀ ကျော်ကာလတ၀ိုက်မှာ ကျွန်တော်တို့ အားလုံးလိုလိုဟာ အသက် (၂၀) မပြည့်သေးသူနဲ့ ကျော်ရုံလေးသာ ရှိသေးသူတွေ ဖြစ်ကြ တယ်။ အဲဒီကနေ (၈၀) ဆီ စွန်းစမှာ အတော်များများဟာ လက်တွဲဖော်တွေနဲ့ ဖြစ်သွားကြတယ်။ ချစ်ခြင်းက တောင်းဆိုခဲ့တာလား၊ သွေးသားက မျက်စိမှောက်ခဲ့တာလား၊ သုတေသနပြုဖို့တော့ မလွယ်ကူလှပါ။ အဲဒီနောက် ကျွန်တော်တို့ရဲ့ ဘ၀တွေဟာ လူကြီး ဖြစ်သွားခဲ့ကြသလား။ လူရာဝင်ခဲ့ကြသလား။ ကိုယ်မမြင်တဲ့၊ ကိုယ်မချနိုင်တဲ့ မှတ်ချက်ကို ကဗျာဆရာက ဟောသလို ပြောခဲ့တယ်။

"မိန်းမတစ်ယောက်ရှိဖို့ လိုအပ်ကြောင်း
သွေးသားက တောင်းဆိုခဲ့သလိုပဲ
နတ်ပွဲလည်းကြိုက် ချဉ်ငန်စပ်လည်းကြိုက်
မရှက်တရှက်လေး ဖော်ရမှာကြိုက်တဲ့
ခေတ်ပေါ်မိန်းကလေးများရဲ့ လူရာဝင်သလောက်ပါပဲ"


လုံလောက်ပါရဲ့။ သူမှတ်ချက်ချခဲ့သလိုပဲ ကျွန်တော်တို့ အိမ်ထောင်ရက်သား ကျပြီးနောက် လူရာဝင်မှုဟာလည်း ဒိထက် နည်းနည်းလေးမျှ ပိုခဲ့မယ် မထင်ပါ။ ဒီလောက်ပါပဲ လူရာဝင်ခဲ့ကြပုံက။
အဲဒီနောက် သူဆက်ရေးတဲ့ ဟောဒီအပိုဒ်ဟာ အိမ်ထောင်ရက်သား ကျခြင်းနဲ့ ဆက်စပ်လိုက်လေသလား။ သီးခြားပြောလိုတဲ့ အချက်တခုပေလား။ မသေချာပေမယ့် ကျွန်တော်တို့ တုန်းကတော့ ပျံသန်းမယ့်ငှက်အတော်များများရဲ့တောင်ပံတွေဟာ အိမ်ထောင် ရေးမြှားမှန်ပြီး အပိုင်းပိုင်းကျိုးခဲ့တာ မြင်ခဲ့ရတယ်။

"ခြေတစ်ဖက်ပြတ်သွားတဲ့
ကလေးတစ်ယောက်ရဲ့ အနာဂတ်ကို
ကမ္ဘာကြီး စဉ်းစားမပေးသလိုပဲ"


တကယ်တော့ ကမ္ဘာကြီးက ဘယ်သူ့အတွက်မှ မစဉ်းစားပေးပါ။ (၂၄)နာရီ စည်းချက် ထဲမှာ တိတိကျကျဝင် အောင် ချိန်မှတ်၊ သူ့တိမ်မျှင် ဂါဝန်ကြီးတွေကို ကားကနဲဖြစ်အောင် ဝှေ့ယမ်းပြရင်း၊ ပျော်ပျော်ကြီး ကခုန်နေတာပါပဲ။ သူ့အလုပ် သူလုပ်၊ သူ့အထုပ်နဲ့သူ ဟုတ်နေတာပါ။
ကမ္ဘာကြီးပေါ်မှာ နေထိုင်ရင်း ရုန်းကန်နေကြတဲ့ လူသားဆိုတဲ့ သတ္တ၀ါတွေမှာသာ လူ့မျိုးဆက်တွေအတွက် စဉ်းစားနေကြ၊ စဉ်းစားပုံမတူ၊ အားထုတ်ပုံမတူ၊ ညီညွတ်ခြင်းမတူ၊ စနစ်မတူမှု ကြားမှာ မတူတဲ့အဖြေတွေ ထွက်ထွက်လာနေကြတာပါပဲ။ ကျွန်တော်တို့ဟာ အချိုတလုပ် စားရရင်လည်း အဲဒါကို ချက်ပြုတ်ကျွေးမွေးခဲ့တဲ့ ကျွန်တော်တို့ လူမျိုးနွယ်တွေ ကြောင့်ပါပဲ။ အခါးတခွက် သောက်ခဲ့ရရင်လည်း သူတို့ကြောင့်ပါပဲ။ တခုတော့ ရှိပါတယ်။ အဲဒီ ကျွန်တော်တို့ ခံစားနေရတဲ့ ရလဒ်အားလုံးဟာ ကိုယ်အပါအ၀င် ကိုယ်နဲ့ခေတ်ပြိုင် လူသား အားလုံးရဲ့အစွမ်းအစ အားလုံးနဲ့ မကင်းရာ မကင်းကြောင်းတွေလည်း ဖြစ်နေတယ် ဆိုတာ မမေ့သင့်ဘူး ထင်ပါရဲ့။
နတ်သုဒ္ဓါ တစ်ခွက် စားချင်ရင်တော့ အဲသဟာ ရှိရာ အရပ်ကို မလျှော့သောဇွဲနဲ့ အကြောက်တရားမဲ့စွာ ရောက်အောင်သွားတတ်ဖို့တော့ လိုပါလိမ့်မယ်။

"ခင်ဗျားနေခဲ့သလို ကျွန်တော်မသေချင်သေးသလိုပဲ
ဘယ်လိုနေနေ အပြစ်ကမလွတ်တဲ့
ခင်ဗျားတို့ ကျွန်တော်တို့ရဲ့ ချုန်းပွဲချ ဟာသတွေလိုပဲ
ကိုယ့်ဘ၀ကိုယ် ရွံမှာကြောက်ပြီး
ကိုယ့်အကြောင်းမရောက်အောင်တွေးခဲ့သလို"


ကျွန်တော်တို့ဟာ ဒီဒွန္ဒရာကြီးအလယ်မှာ ကိုယ့်ရှင်သန်မှု ကိုယ့်တည်ရှိမှု တခုတည်း အတွက်ကိုပဲ ကြည့်ပြီး ရက်တွေ ဘယ်လောက် ဖြတ်သန်းခဲ့ပြီးပြီလဲ။ ၀ပ်ကျင်းတွေ ဘယ်လောက်ခိုင်ခိုင် တည်ဆောက်ပြီးခဲ့ ကြပါပြီလဲ။
ကျွန်တော် နေချင်ခဲ့တာလဲ ဘ၀ကို ခင်တွယ်လို့ပါပဲ။ ခင်ဗျားမသေချင်တာလဲ ဘ၀ကို ခင်တွယ်လွန်းလို့ပါပဲ။ အဲဒီ ခင်တွယ်စိတ်၊ ချစ်တဲ့စိတ်တွေနဲ့ တည်ဆောက်ထားခဲ့တဲ့ ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်ဘ၀တွေကရော ဘယ်လောက် ဟန်ကျနေခဲ့ပြီလဲ။ ဘယ်လောက် အပြစ်ကင်းစင် နေခဲ့ပါသလဲ။ တခါတရံပေါင်း များစွာမက ကျွန်တော်တို့ဟာ ကျွန်တော်တို့ ပိုင်ဆိုင်နေတဲ့ ဘ၀တွေကိုရော၊ ကိုယ့်စိတ်ရဲ့ ဟိုးအတွင်းပိုင်းကိုပါ ပက်ပက်စက်စက် ရွံမုန်းခဲ့ရ တာတွေ ကြုံဖူးမှာပါ။ ကိုယ့်ဘ၀ကို ကိုယ်ကိုယ်တိုင် ရွံမုန်းမှာကြောက်ပြီး ပုန်းခိုရာကျင်းအဖြစ် ကိုယ့်အကြောင်းကိုယ့်အကြောင်း ကိုယ်ပြန်မတွေးမိတဲ့ ရက်တွေကို အမှတ်ထင်ထင် ဖွဲ့ပြခဲ့တဲ့ ကဗျာဆရာကို ကျွန်တော်က လှမ်းပြုံးပြလိုက်မိပါတယ်။
စာကြောင်းရေ (၄၀)ကို ပုဒ်ဖြတ်၊ ပုဒ်မ မတပ်ပဲ တဆက်တည်း ရေးပြထားတဲ့ ကဗျာရဲ့ နောက်ဆုံး စာကြောင်းတွေမှာတော့ ကဗျာဆရာ (သူနဲ့ခေတ်ပြိုင်တွေကို ကိုယ်စားပြုထားတာ လည်း ဖြစ်နိုင်ပါတယ်) ရဲ့ ဘ၀ဟာ ရှေးက ကျွန်တော်တို့ ဘ၀နဲ့ ထူးပြီးခြားနားမနေတော့ပါ။ စက်မှုစနစ် ချို့ယွင်းလို့ ဒီနားတင်ပဲ တ၀ဲဝဲလည်ပြီး ဒီအသံတွေချည်း ထပ်ထပ်ထွက်နေတဲ့ စီဒီတချပ်လို ဖြစ်နေပါတော့တယ်။ ကဗျာဆရာက တအုံတနွေးနွေး တအီလည်လည် သူ့ကိုယ်သူ စိတ်ပျက်ခြင်းတွေ ရွာလည်ရင်း ဒီလိုပြောချခဲ့တယ်။

"ဘ၀ကို ပျော်သလို ကြာခိုခဲ့တဲ့
အနှစ် (၃၀)
ဒီလိုပဲ
ခင်ဗျာထင်တဲ့အတိုင်းပဲ
ဟိုရောက်ဒီရောက်နဲ့
ဘယ်မှမရောက်ခဲ့တာလည်း
အတူတူပဲ"

ကျွန်တော်တို့ဟာ မွေးဖွားလာကတည်းက လျှောက်ခဲ့ကြရပါတယ်။ ဘ၀ကိုက မလျှောက်လို့မှ မဖြစ်တာကိုး။ ဒီလိုနဲ့ နှစ်တွေ ကြာခဲ့တယ်။ ဘယရောက်ခဲ့ ဘယ်ထိပေါက်ခဲ့ ပါသလဲ ဆိုတဲ့ မေးခွန်းကို စနစ်တကျ ဖြေဆိုဖို့ရာမှာတော့ ကျွန်တော်တို့ ဖ၀ါးတွေအောက်က မရပ်မနား လျှောက်နေရတဲ့ လမ်းမကြီးကို အရင်ငုံ့ကြည့်ရပါလိမ့်မယ်။ ပြီးတော့ ဒီလမ်းမကြီးရဲ့ ခေါ်ဆောင်သွားရာ မိုးကုပ်စက်ဝိုင်းဆီ လှမ်းမျှော်ကြည့်ရပါဦးမယ်။ သာမန်မျက်လုံးနဲ့ လှမ်းမမြင် နိုင်တဲ့ လမ်းနဲ့ ပြန်ဆက်ထားတဲ့စက်ဝိုင်းရဲ့ အစိတ်အပိုင်းတခု ဖြစ်နေတယ်ဆိုရင်တော့ ....။ ကဗျာဆရာရေ ဒီလိုပုံနဲ့ ကျွန်တော်တို့ ဆက်လက်အိုမင်း နေရပါဦးတော့မယ်။
တကယ်တော့ ကျွန်တော်တို့ ဖြစ်ဖြစ် ခင်ဗျားတို့ဖြစ်ဖြစ် ဘယ်သူဖြစ်ဖြစ် ဒီလိုနဲ့ပဲတော့ အိုချင်ခဲ့ကြမှာ မဟုတ်ပါ။
ကျွန်တော် ခုရေးခဲ့တာဟာ ကိုယ်ဖတ်လိုက်ရတဲ့ ကဗျာတပုဒ်ကို ဂုဏ်ပြုဖော်ထုတ် ချီးကျူးတဲ့ အရေးအသား မဟုတ်ပါ။ ရှင်းနေတဲ့ ကဗျာကြီးကိုက ဘာသာပြန်တာ၊ ဖတ်ညွှန်း ရေးတာလည်း မဟုတ်။ ကဗျာဝေဖန်ရေးက ပိုမဟုတ်သေး။ ကျွန်တော့်ရင်ထဲ ရောက်လာတဲ့ ဒီကဗျာရဲ့ ရိုက်ခတ်မှုကြောင့် ကျွန်တော် ခံစားရတာတွေကို ချရေးလိုက်တဲ့ ကဗျာဖတ်သူတဦးရဲ့ ခံစားမှုသာ ဖြစ်ပါတယ်။ ဒီတခါမှာ ကျွန်တော့်ခံစားမှုတွေဟာ ကဗျာဆရာရဲ့ မူလဆိုလိုရင်းနဲ့ လွဲရင်လည်း လွဲချော်နေမယ်။ ပွတ်တိုက် ထိပါးမိတာ၊ တိုက်ရိုက်ဝင်သွားခဲ့တာလည်း ရှိကောင်း ရှိမယ်။ ဘာဖြစ်ဖြစ် ကိစ္စမရှိပါ။ ကဗျာတပုဒ်ကို ကဗျာဆရာက ရေးထုတ်တယ်။ ဖော်ပြတယ်။ ဖတ်သူက ဖတ်ရတယ်။ ခံစားရတယ်။ ဒီကဗျာတပုဒ်ထဲကို ဖတ်လိုက်ရသူ အားလုံးရဲ့ ခံစားမှုက ထပ်တူမကျနိုင်တာ အသေအချာပါပဲ၊ ရေးဖွဲ့ဖြင်း၊ ဖော်ထုတ်ပြခြင်း၊ ဖတ်ရှုခံစားခြင်းဆိုတဲ့ အဲဒီ ဖြစ်စဉ် ပြီးမြောက်တဲ့အခါ ကဗျာရဲ့ အလုပ်ပြီးမြောက်ပါတယ်။
ကဗျာတစ်ပုဒ်ဟာ သူ့အလုပ် ပြီးမြောက်ပေမယ့် အဲဒီ ပြီးမြောက်မှုနောက်က ရလာတဲ့ ရလဒ်ဟာ တူညီမှု မရှိနိုင်တာလေးကိုတော့ ကျွန်တော်တို့ သတိပြုမိကြပါလိမ့်မယ်။ အဲဒီ မတူညီတဲ့ ရလဒ်ပေါင်း များစွာထဲက တစ်ခုဟာ အခုရေးမိခဲ့တဲ့ ဟောဒီအရေးအသားပါပဲ။
ကဗျာဆရာ "လွှမ်းရုံ" ကျန်းမာရွှင်လန်းစွာ အိုမင်းနိုင်ပါစေ။

ငြိမ်းအေးအိမ်
ပိတောက်ပွင့်သစ်မဂ္ဂဇင်း၊ အမှတ် (၉) နိုဝင်ဘာ ၂၀၀၆ မှ ကူးယူဖော်ပြပါတယ်။

သူငိုရင် တစ်ကမ္ဘာလုံးလှုပ်တယ်(မေငြိမ်း)

သူငိုရင်
တစ်ကမ္ဘာလုံးလှုပ်တယ်။
သမီးရယ်
မငိုလိုက်ပါနဲ့
ဖေဖေ့ဘ၀ဟာ
တချိန်လုံး ကမ္ဘာလှုပ်ခဲ့ရသူပါကွယ်....။

သမီးကိုယ်တိုင်က ဖေဖေ့အတွက် ကမ္ဘာတစ်ခုပါကွယ်။ သမီးငိုတဲ့အခါ ဖေဖေဟာ နိုင်ငံမရှိတဲ့လူတစ်ယောက်ရဲ့ ဘ၀ကို ပိုငတ်လာသလို ခံစားရတယ်။ သမီးသိလား.... ဒီမှာ ဘယ်လောက်ပဲ သာယာနာပျော်ပါစေ။ ဒါ ဖေဖေ တို့အတွက် တကယ့်ပျော်စရာမြေမဟုတ်။ တကယ်က ဖေဖေတို့ရှိနေရမှာက ဖေဖေတို့ရဲ့သွေးသားတူ အဆွေအမျိုးတွေရှိတဲ့၊ ကိုယ့်မြေဆီမှာ ရှိရမှာ။ အဲဒီမှာ သမီးရဲ့အဖိုးအဖွား အဒေါ်ဦးလေးတွေ၊ ရှိနေတာ။ သမီး ...သိရဲ့လား။ ပြီးတော့ အဲဒါကမှ ဖေဖေတို့ရဲ့ တကယ့်ဘ၀၊ မေတ္တာတရားနဲ့ တည်ဆောက်ထားတဲ့ ကမ္ဘာပါ သမီးရယ်။ အဲဒါဟာ အမိမြေပေါ့။ ဒါပေမယ့် အဲဒီကမ္ဘာကို ဖေဖေဆုံးရှုံးခဲ့ရတယ်။

နောက်တော့နှစ်ကာလတွေ အများကြီး....အတုန်တုန်အလှုပ်လှုပ် ကမ္ဘာ-ကမ္ဘာတွေထဲ ဖေဖေလူးလူးလိမ့်လိမ့် မျော။ ဗြုန်းကနဲ....ကမ္ဘာသစ်တစ်ခုနဲ့ တည့်တည့်ဝင်တိုး။ ဖေဖေ့အတွက်တော့ ချစ်ခြင်းမေတ္တာနဲ့ ပတ်သက်ရင် အစွမ်းကုန် ငတ်မွတ်နေရှာတဲ့၊ ဖေဖေ့အတွက်တော့ သူဟာ...ဖေဖေ့ရဲ့ နိုင်ငံတော်၊ ကမ္ဘာသစ်တစ်ခုပါ။ အဲဒါ သမီး မေမေပေါ့။ သူ့ခမျာ ဖေဖေ့ရဲ့မပြည့်သေးတဲ့ ခန္ဓာတစ်ခြမ်း ဖြစ်လာရရှာတယ်။ ဖေဖေကတော့ သူ့ရဲ့ အဖြည့်မှာ ပြည့်စုံ။ ဟော....နောက်တော့ ဖေဖေနဲ့ မေမေပူးပေါင်းပြီး၊ နောက်ထပ်ကမ္ဘာသစ်လေးတစ်ခု ထပ် ဖန်ဆင်း။ သမီးကျတော့ ဖေဖေရဲ့ဖြစ်တည်မှုကို ပြီးပြည့်စုံသွားစေတဲ့ ကမ္ဘာကြီးတစ်ခုလုံးပေါ့ကွယ်....။

xxxx

သမီး... မသိဘူး။
လိုအင်ဆန္ဒဆိုတာ ငိုလို့ရခဲ့တာမရှိဘူး။
ဖေဖေ့ဘ၀ဟာ
အပြာ...ဘီလူးအပြာဂီတ
လုံခြုံမှုနဲ့ တည်ငြိမ်မှုဆိုတာ
ကမ္ဘာရွာကြီးမှာ ဘယ်မှာရလို့တုန်း။
ဂလိုဘယ်လိုက်ဇေးရှင်းကာလကြီးပါ သမီးရယ်။


ဘ၀တွေထဲ ဖေဖေတို့ကိုယ်တိုင် ဘယ်လောက်ငိုကြွေးခဲ့ကြသလဲဆိုတာ သမီးမသိပါဘူးကွယ်။ လွတ်လပ်ရေးနဲ့ ငြိမ်းချမ်းရေးရဖို့ နည်းမျိုးစုံနဲ့တိုက်ပွဲဝင်ရင်း အသက်စွန့်သွားတဲ့ ဖေဖေတို့ရဲ့ ရဲဘော်သူငယ်ချင်းတွေအတွက်..
ဘ၀တစ်ခုလုံးကို ပြည်သူလူထုအတွက်သက်သက် ပေးဆပ်နေတဲ့ အမေတစ်ယောက်အတွက်....အစိုးရဆိုးရဲ့ နှိပ်စက်မှုအောက်မှာ လူပီသတဲ့ဘ၀တွေကို အဆုံးရှုံးခံနေကြရတဲ့ ပြည်သူလူထုကြီးအတွက်... ပြီးတော့၊ သား သမီးတွေကို နိုင်ငံရေးထဲထိုးအပ်လိုက်ရရှာတဲ့ မိဘတွေအတွက်...အဲသလိုပဲ မိဘတွေကို နိုင်ငံ့အရေးထဲ ထိုးပေးလိုက်ရရှာတဲ့ သားသမီးတွေအတွက်....ဖေဖေတို့ ဘယ်လောက်ငိုခဲ့ပြီးပြီထင်လဲ...သမီးရေ။ ခုထိတော့ လိုတာတွေကို ဘာတစ်ခုမှ မရသေးပါဘူး သမီးရယ်။ လူမဲတွေအတွက်တော့ သူတို့ရဲ့ အဖိနှိပ်ခံဘ၀နဲ့ ငတ် မွတ်ရသမျှအတွက် ရင်ဖွင့်ညည်းစရာဟာ Blues ဂီတတဲ့။ ဖေဖေ့မှာတော့....ကိုယ်တိုင်ကိုက Blues တေးသွား တစ်စပါ။ အခုထိ... ပြည်သူလူထုကို ကယ်တင်ဖို့ မဆိုထားနဲ့။ မျက်ရည်တို့ ဆိပ်သုဉ်းရာအရပ်ကိုတောင်မှ ရှာ မတွေ့နိုင်သေးသူ...။

xxxxx

ဖေဖေတို့မက်ခဲ့တဲ့ အိပ်မက်တွေ အကြောင်းပြောပြဦးမယ်။ ဒါပေမယ့် သမီး မငိုရဘူးနော်။ ဘယ်တုန်းကမှ လူ သတ်ဖို့ မစဉ်းစားခဲ့တဲ့ ခေတ်ပညာတတ် လူငယ်လေးတွေပေါ့သမီးရယ်..။ သေနတ်တွေထမ်းလို့ တောတွေ ဖြတ်၊ တောတွေဖြတ်နဲ့ ခရီးကြမ်းတွေထပ်ခဲ့ကြတယ်။ တချို့က ကျဉ်းကျဉ်းကျပ်ကျပ်နံရံလေးဘက်တွေထဲ အိမ်မြှောင်တွေ၊ ပိုးဟပ်တွေအဖြစ်၊ မက်တာမက်ဖောဆစ်တွေ ဖြစ်ကြ။ အဲဒီလူငယ်လေးတွေဟာ ရှိနေကြရတဲ့ နေရာဒေသတွေ မတူလဲ၊ အိပ်မက်ကတော့ တူကြတယ်၊ သူတို့အိပ်မက်ထဲမှာ ငြိမ်းချမ်းသာယာတဲ့နိုင်ငံနဲ့ ပျော် ရွှင်တက်ကြွတဲ့ နိုင်ငံသားတွေပါတယ်။ စိုပြေစိန်းလမ်းတဲ့ သူတို့ရဲ့မြေမှာ သူတို့အားလုံး အတူတကွရှိကြတဲ့ မြင် ကွင်းပါတယ်။ ဒီလောက်ပါပဲ သမီးရယ်....။ သမီးရယ် ....သူတို့တွေဟာ သိပ်ရိုးစင်းခဲ့ကြပါတယ်။ ပြီးတော့ ဒါဟာ လူသားအားလုံးရဲ့ အိပ်မက်လည်းဖြစ်တယ်လို့ ဖေဖေယုံတယ်။ ဒါပေမယ့် သမီးရယ်.....

အိပ်မက်တွေဆိုတာလည်း
တကယ်မဖြစ်ဘူး။
ကမ္ဘာကုန်သွယ်ရေးမျှော်စင်ကြီးလည်း
ဒေါင်းဂျုန်းလို ထိုးစိုက်ဆင်းခဲ့ရ
လူ (၃၀၀၀) ကျော် အိပ်မက်တွေဟာ
တမဟုတ်ချင်း ပြာဖြစ်သွားတယ်။
ဘာကြာသေးလို့လဲ သမီးရယ်။
ဒါနဲ့ပဲ
ဗုံးမိုးကြဲ
အာဖဂန်မှာလည်း သေကြပြန်တာပဲ။


xxxx

ဆက်ဒမ်ဟူစိန်ရဲ့ အကြမ်းဖက်မှုကို ဖြေရှင်းနိုင်ဖို့တဲ့။ အီရတ်မှာ သွေးချောင်းစီးသွားတယ်။ ဘယ်လိုလဲ....အဲဒီမှာ တကယ်ပဲ ပြေလည်သွားပြီလား။ အမေရိကားမှာ ကမ္ဘာ့ကုန်သွယ်ရေးမျှော်စင်ကြီး အတိုက်ခိုက်ခံရတော့ အာဖဂန်နစ္စတန်မှာ အလောင်းတွေပုံသွားတယ်။ ကဲ...တကယ့်တရားခံကို လက်စားချေ နိုင်ပြီလား။ အဏုမြူဗုံးနဲ့ ဟီရိုရှီးမားအလွမ်းဇာတ်တောင် မျက်ရည်မခြောက်သေးခင်၊ ဓါးစာခံပြည်သူတွေ ခမျာ မှာပဲ၊ အလဲလဲအကွဲကွဲ။ အမြဲတမ်းကံဆိုးရရှာသူတွေက ပြည်သူလူထုပဲ။ တဘက်သတ်ဇာတ်က နာလှချည့်။ ဒီလို အလွမ်းဇာတ်ထဲမှာပဲ အမုန်းဇာတ်ကောင်တွေ၊ ပေါက်ဖွားခဲ့တာ...။ ဟစ်တလာ...စတာလင်... ချောင်ချက် စကူး.... ပိုပေါ့.....တို့ကနေ...နေ၀င်း၊ ခင်ညွန့်၊ သန်းရွှေအထိ...။ ပြောနေရတာကိုက အနာလိုကိုက်တယ် သမီး ရယ်။ ပြီးတော့ မီးလိုလောင်မြိုက်တယ်။ တကယ်တော့ ငိုကြွေးတောင်းဆိုနေရတာကိုက ကိုက်ခဲလောင်မြိုက် နေရခြင်းတွေလေ..။ ဒါကြောင့်......

သမီးငိုတာ တောင်းဆိုတာမှန်း ဖေဖေသိတာပေါ့။
တောင်းတာမပြည့်ရင် ဒေါသဖြစ်ပြန်ရော၊
စိတ်ကြီးသူတွေရဲ့ ဒေါသတွေက အမုန်းတွေဖြစ်
အမုန်းတွေက ရက်စက်မှုတွေဖြစ်
ရက်စက်မှုတွေကို ရက်စက်မှုတွေပြန်ဖြစ်
မေတ္တာကို သိပ်မပြောကြတော့ဘူး။
အချစ်လည်း သိပ်မပြောကြတော့ဘူး။
ဈေးကွက်နဲ့ စစ်ပွဲပဲ ပြောကြတယ်။
သမီးရေ...
မငိုပါနဲ့
ဖေဖေချစ်ပါရဲ့။

xxxxx

ကမ္ဘာကြီးမှာ ပိုယှက်နွယ်လာ
ဘာတွေမှန်းမသိတဲ့ သတင်းတွေက ပိုများများလာ
ဖေဖေ့နေရာနည်းနည်းလာ
သမီးရေ...
ကမ္ဘာ့ရွာမှာ အိုးအိမ်မဲ့
ဖေဖေလည်း သမီးတောင်းတိုင်းပေးနိုင်ရဲ့ မထင်ပါဘူးကွယ်။


xxxx

သမီးရေ.....လောလောဆယ်တော့ ကမ္ဘာကြီးက သတင်းခေတ်ဆိုပဲ။ ရသဆိုတဲ့ စကားလုံးလည်း မျိုးတုန်းတော့ မယ်ဆိုပဲ။ ဒါပေမယ့် ဖေဖေကတော့ လောကကိုချစ်တတ်သူတွေ၊ ရေမြေသဘာဝကို မြတ်နိုးတတ်သူတွေ၊ ချစ်ခြင်း မေတ္တာကို ယုံကြည်သူတွေဆီမှာတော့၊ ရသဆိုတာ ဘယ်တော့မှ မကွယ်နိုင်ဘူးလို့ ယုံပါတယ်။ ပြီးတော့ ရသ ဆိုတဲ့ ခံစားတတ်မှုကပဲ၊ လောကကို ကောင်းကောင်းစောင့်ရှောက်နိုင်စွမ်းတယ်လို့ ယုံတယ်။ ဒါကြောင့်ပဲ ဖေဖေ အသက်၀၀ရှုနိုင်နေတယ် ထင်ပါရဲ့..သမီးရယ်။ ဒါပေမယ့် ရသခမျာ တဖြည်းဖြည်း အင်အားနည်းလာတယ်ဆိုတာ ကိုတော့ ဖေဖေလက်ခံရမှာပါ။ ဘာလို့လဲဆိုတော့ ဖေဖေတို့ရဲ့ ကမ္ဘာ့ရွာခေတ်ကြီးကိုယ်တိုင်က အရသာနည်းလာ တာ၊ အရသာ သိပ်မရှိတော့တာလေ......။ ဖေဖေဖြင့် အချစ်ဆိုတဲ့စကားလုံးကိုတောင်မှ လွမ်းလာမိပါရဲ့။ ပြီးတော့ သမီးတို့ခေတ်မှာ အချစ်ဆိုတာကို မသိကြတော့မှာစိုးတယ်။ အထူးသဖြင့် ဖေဖေက မေမေ့ကို ချစ်သလိုအချစ်မျိုး သမီးလေးဘ၀မှာ မရဖူးလိုက်မှာကိုလည်း စိုးတယ်။
သေချာတာကတော့.......

သမီးကြီးလာရင်
အလွန်ရိုးသားတဲ့ ဆက်ဆံရေးတွေ
အလွန်ကျိုးကြောင်းဆီလျော်တဲ့ အဖြစ်အပျက်တွေ
အလွန်လွယ်ကူတဲ့ ဘ၀တွေ ရှိလေတော့မှာ မဟုတ်ဘူး။
အကျဉ်းအကျပ် (dilemma) ဆိုတာရယ်
ကပ် (Crisis) ဆိုတာရယ် ခဏခဏကြားရလိမ့်မယ်။


xxxxx

ကမ္ဘာ့ရွာခေတ်ကြီးထဲမှာတော့ ဖေဖေ့အတွက် အစစအရာရာဟာ ဆန်းပြားနေတယ်။ အပေးအယူဆိုတဲ့ စကား လုံးနဲ့လည်း ရင်းနှီးနေရတယ်။ ဖေဖေတို့ဘ၀တွေထဲမှာတော့ အယူအတွက် မစဉ်းစားဘဲ၊ ကြည်ကြည်ဖြူဖြူ ပေးခဲ့ရတာ အပုံအပင်လို့ ထင်တာပဲလေ၊ ပြီးတော့.... မေတ္တာတရားနဲ့ရင်းနှီးပေးဆပ်ပြီး ဖြတ်သန်းခဲ့တာလည်း၊ ရာသီပေါင်းများစွာ။ အခုတော့..... ဖေဖေတို့ခမျာ တခြားကမ္ဘာက ဂြိုဟ်သားတွေလို....။ လမ်းပျောက်ပါတယ်.. ..သမီးရယ်။ ပြီးတော့ အဲဒါက ဘ၀ပျောက်တာလည်း ဖြစ်တယ်။ အဲဒီအထဲမှာ........

တချို့က ခန္ဓာကိုယ်ရောင်းစားတယ်။
တချို့က ရက်ဇူမင် (Resume) ရောင်းစားတယ်။
တချို့က သိက္ခာကိုရောင်းစားတယ်။
တချို့က နိုင်ငံကိုပါရောင်းစားနေကြတယ်။
လက်မှတ်ထိုးတဲ့လက်ဟာ မြို့ကိုဖျက်သတဲ့
ချိန်ခွင်နဲ့ ငွေကိုင်တဲ့လက်တွေလည်း မထူးပါဘူးကွယ်။

သူများတွေက အာဂျင်ဒါ (Agenda) တင်ပို့တယ်။
ယဉ်ကျေးမှုတင်ပို့တယ်
တချို့ကျတော့လည်း ကျွန်တွေပြန်တင်ပို့တယ်။
သဘာဝပတ်ဝန်းကျင်ပြန်တင်ပို့တယ်။
မြစ်တွေ ပြန်တင်ပို့တယ်။

သမီးရေ ဖေဖေတို့ရဲ့ ရဲဘော်ထူးအိမ်သင်ကတော့ သူ့အမေကို တိုင်တည်ရှာတယ်။


ကိုယ်မှန်တယ်ထင်ရင်ပြီးရော
ခေါင်းမာတတ်တဲ့ အကျင့်ကဆိုး
အသက်သာကြီးလို့သွားတယ်
ကျနော့အိပ်မက်တွေ မပြောင်းလဲ
အမေရဲ့ ဒုက္ခအိုးလေး အသည်းကွဲ...တဲ့။

ပြီးတော့
ပိုက်ဆံတစ်ပြားမှ မရှိလည်း သူသိက္ခာရှိချင်သေးသတဲ့။


ကဲ...သမီးရေ။ ဖေဖေကတော့ လိုချင်တာကို ငိုတောင်းနေတဲ့ သမီးလေးကိုပဲ တိုင်တည်ပါရစေတော့ကွယ်။

သမီးဖေဖေက ရောင်းစားဖို့ ဘာရှိလို့တုန်း
မာနချမ်းသာတာနဲ့ပဲ ငတ်နေရ
ဒါကိုပဲ
သမီး အမွေရမှာပဲ
မေမေကတော့ ကြောက်နေရဲ့။

မေငြိမ်း (ဒီဇင်ဘာ၊ ၂၀၀၆)
ယောဟန်အောင်ရဲ့ “သူငိုရင် တကမ္ဘာလုံးလှုပ်တယ်“ကဗျာကို ခံစားရေးဖွဲ့ပါတယ်။