ကမ်းတတ်တိုက်ပွဲ


လောကဓံကလည်း အနိုင်ကျင့်တယ်
ဘ၀ကလည်း အဖိတ်အစင်များတယ်
ပဋိပက္ခတွေဟာ ဆီလိုအပေါက်ရှာပြီး ထွက်လာကြတယ်။

စားကြတယ်
လူကို လူချင်းစားကြတယ်။

ဘာဖြစ်လို့
ငါ့ချောတိုင်လေးကိုမှ
ဝတ်ဆီတွေ တဗြန်းဗြန်း ပတ်နေရတာတဲ့တုန်း။

အဖတ်ဆယ်မရတဲ့
ခေတ်ကာလကလည်း အရည်ကျဲလွန်းလှတယ်
အဲဒီလို ခေတ်ကာလမှာမှ
အလံစိုက်ဖို့ လူဖြစ်လာရတာဆိုတော့
“ဆကပ်တိုတိုဝတ် အောက်စလွတ်ရင်ဖုံး။”

ဘယ်သူ့ကိုမှ
မြူဆွယ်ဖျားယောင်းတာ မလုပ်ခဲ့ဘူး
ဘယ်သူရဲ့
မြူဆွယ်ဖျားယောင်းတာကိုမှလည်း မလုပ်ခဲ့ဘူး
ငါ့အဓိပ္ပါယ်ကိုငါ ထွန်ယက်တယ်
နေပူမရှောင်
မိုးရွာမရှောင် ထွန်ယက်တယ်။

မက်မက်စက်စက် စိုက်ပျိုးခဲ့တယ်
ငါ့ရဲ့ ယုံကြည်ခြင်းတွေ
ယုံကြည်ခဲ့တယ်
လွန်ခဲ့တဲ့ အနှစ် ၂၀ ကလည်း ယုံကြည်ခဲ့တယ်
ယခုလည်း ယုံကြည်ခဲ့တယ်
အရိုင်းစိုင်းဆုံး ယုံကြည်ခဲ့တယ်
ငါ့သွေးတွေထဲ ၀င်ရောက်နေတဲ့အထိ ယုံကြည်ခဲ့တယ်။

ငါ ပစ္စုပ္ပန်တည့်တည့်မှာပဲနေတယ်
တော်လှန်ရေးဆိုတာ တဦးချင်းကိစ္စပဲတဲ့လား
တကိုယ်တော်ဝါဒနဲ့ တော်လှန်ရေးလုပ်မယ်တဲ့လား
ငါ ဒါကို ရယ်သွမ်းသွေးမိတယ်
တော်လှန်ရေးဆိုတာ စည်းရုံးစုဖွဲ့ခြင်းဖြစ်တယ်
ပစ္စုပ္ပန်ကိစ္စလည်းဖြစ်တယ်
ငါပစ္စုပ္ပန်တည့်တည့်မှ နေတယ်။

ဘာတဲ့ …
ပန်းရောင်ဆိုပါလား
ငါ ဘယ်တော့မှ အနီကို အနက်အစွန်းမခံဘူး
ငါဘယ်တော့မှ ကြက်သွေးရောင် မဖြစ်ခဲ့ဘူး
တရားသေမဟုတ်ဘူး လမ်းညွှန်။

တရားမျှတမှုတွေ မိုးလိုရွာ
အေးချမ်းကြပါစေ
အမှန်တရားတွေ နေလိုသာ
နွေးထွေးကြပါစေ
လူအချင်းချင်းသွေးစုတ်ခြင်း
ကင်းရှင်းကြပါစေ။

သမိုင်းကို မျက်ရည်ခံထိုးလိမ့်မယ်ထင်သလား
ငါ့ရိုးသားမှုကို ငါယုံကြည်တယ်
ပြက်ပြက်သားသားကို ယုံကြည်တယ်။

ဘယ်သူတွေ
အကုန်အစင် ရိုးသားခဲ့ကြသလဲ
အကုန်အစင် ရိုးသားသူသာ
အကုန်အစင် ရရှိပေလိမ့်။

ကြေမွရမှာတဲ့လား
ဒီလိုပါပဲ
အထုအထောင်းတွေကြားက
သံမဏိသားကျလာကြတဲ့
ငါ့ရှေ့က ငါ့ချစ်သူတွေကို ငါချစ်တယ်။

ဒါ
ငါတို့ခေတ်တဲ့လား
မဟုတ်ဘူး
ဒါ
ငါတို့ခေတ်မဟုတ်သေးဘူး
ငါတို့ခေတ်ဟာ ဒီလိုဖြစ်ခွင့်မရှိဘူး
ငါတို့ခေတ်ကို ရောက်ဖို့ ငါတို့ထူထောင်ရဦးမယ်။

ညိုထက်(လမ်းသစ်ဦး)

ကိုယ့်ဖိနပ်ဟာကိုယ့်ခံတပ်ပါပဲ

ကျန်းမာရေးမကောင်းလို့
ဝင်ငွေမကောင်းလို့
မိုးလေ၀သမကောင်းလို့

ခုလိုအခက်အခဲတွေထဲမှာ
ဖိနပ်သဲကြိုးကိုသတိထားနေရ
ခုံကလည်းလှုပ်လှုပ်
မြင်းကလည်းလှုပ်လှုပ်
ပြုတ်ကျသွားချင်လည်းသွား
ဒုက္ခဆိုတာသစ္စာတရား

ကျွန်တော့်ရဲ့မိုက်မဲမှုများ
လောကကြီးကအလိုက်သိပါ့မလား

ရေပြင်ရဲ့မာယာကိုမုန်းတယ်
ပိုက်ကွန်ထဲကငါးတွေကိုသနားတယ်
ထောင်ချောက်ကိုလိုက်ရှာနေတဲ့သားကောင်ဆိုတာရှိပါ့မလား
ပျော်ရွှင်မှုဆိုတာလှောင်အိမ်ထဲမှာမမွေးဖွားဘူး

ပြိုင်ကားတစ်စီးလိုဓါတ်ဆီဖြုန်းခဲ့ပြီးပြီ
လူနာတင်ယာဉ်တစ်စီးလိုအသုံးဝင်ချင်တယ်

ရော့ခ်အင်ရိုးတစ်ခေတ်လုံးကိုနားထောင်ခဲ့တယ်
ပွင့်လင်းတဲ့လူ့ဘောင်ကိုမျှော်လင့်မိတယ်
ကဗျာနဲ့ဘ၀ကိုချည်နှောင်ထားခဲတယ်

သူငယ်ချင်းရယ်ဒီဇာတ်လမ်းမှာ
လူဆိုးတွေတစ်ယောက်မှမသေသေးဘူးလား
လူကောင်းတွေဒုက္ခများလှပါပြီကွယ်

အသက်တစ်ချောင်းလုံးဆုံးရှုံ့းမယ်ဆိုရင်
နာမည်တစ်လုံးတော့အဖတ်တင်ချင်တယ်

ချောက်ကမ်းပါးစွန်းကလူကို
တွန်းအားတွေမပေးကြပါနဲ့
ပြေးစရာမြေမရှိတော့တဲ့အခါ
ကိုယ့်ဖိနပ်ဟာကိုယ့်ခံတပ်ပါပဲ။ ။
လှသန်း
(မနော်ဟရီဘလောဂ် မှ ကူးယူဖော်ပြ)

လက်မောင်းသွေးကိုဖောက်ကြည့်ခြင်း (၂)

ညနေစောင်းထိုင်ခုံပေါ်မှာ
သရုပ်ဆောင်ကောင်းတဲ့နားရွက်တစ်စုံနဲ့
ဝါရှင်တန်ကိုနားထောင်တယ်
လန်ဒန်ကိုနားထောင်တယ်
ရန်ကုန်ကိုနားထောင်တယ်

ခုံမင်စရာကောင်းတဲ့ကမ္ဘာကြီးပေါ်မှာ
ပြင်းထန်တဲ့ယုံကြည်ချက်တွေရှိနေရဲ့

ရေစီးကြောင်းတွေကို
ပြောင်းပြန်လှန်ကြည့်ရတာ
အရသာမတွေ့ဘူးလား
နှလုံးသားထဲက ပထ၀ီဝင်အတွက်
ဦးနှောက်ထဲကသမိုင်းအတွက်
လှိုင်းလုံးကြီးတွေတည်ဆောက်ကြည့်တယ်
မဟာတံတိုင်းကြီးးကိုလည်းခေါင်းနဲ့ပြေးဆောင့်မိတယ်

တစ်ခါကအဆောက်အဦသုတေသနဌာနမှာ
ငါဟာအလုပ်သမားတစ်ယောက်ဖြစ်ခဲ့ဖူးတယ်
အဆောက်အဦတွေရဲ့အတွင်းရေးကို
သိသင့်သလောက်တော့သိခဲ့ပါရဲ့

ခုတော့ငါဟာ လက်မရွံ့ကဗျာဆရာ
လူနာတွေမရှိပဲဆရာဝန်တွေရှိပါ့မလား
ဘဏ်တိုက်တွေမရှိပဲဘဏ်ဓါးပြတွေရှိပါ့မလား

ဟောဒီကျောက်နံရံထက်မှာ
ငါတို့မျိုးဆက်ရဲ့အသံကိုထွင်းထုလိုက်မယ်
တစ်ချိန်ချိန်မှာမတန်တဆအနစ်နာခံမှုတွေ
ကြီးမြတ်လှပစွာရှင်ပြန်ထမြောက်လာမယ်

ငါ့ကိုယ်ငါသရဏဂုံတင်ပြီးပြီ
ကိုဖော်ဝေးကိုသစ္စာခံဖို့
ခေတ်ပေါ်ကဗျာစေတီမှာထီးတော်သစ်တင်လှူပူစော်ဖို့
မြန်မာကဗျာတွေကိုပထမဆုံး သင်္ဂါယနာတင်ဖို့
ငါရောက်လာခဲ့တယ်။ ။
လှသန်း

ဥယျာဉ်

နဂါးတွေကသာ
တကယ်တမ်း ကပြမယ်ဆိုရင်တော့
ကိုယ်ကြည့်ချင်စိတ်ရှိပါတယ်။

ဒါပေမယ့်
မျက်နှာအရေပြား တွန့်တွန့်ကြီးနဲ့ လူတွေက
နဂါးနှဲမှုတ်ပြီး လူးလွန့်ပြရင်တော့
သူတို့အစား..
ကိုယ်က ပင်ပန်းပျင်းရိနေတတ်တယ်။

အဲဒီလိုပါပဲ ကောင်မလေးရယ်
မိုးတွေက တိတ်တာတောင် ကိုယ်ကရွာတုန်း။

သစ်ရွက်ကို ကိုယ်ပြန်စိုက်ဖို့ ကြိုးစားဆဲမှာ
သစ်ပင်က ကြွေကျလာခဲ့။
ကိုယ်လို ပေကပ်ကပ်ကောင်ကတော့
ကျောက်တုံး တွေကိုလည်း ငုံ့ကြည့်ခင်မင်နေခဲ့။

ကောင်မလေးရေ..
တကယ်ဆို ကိုယ်ဟာ ဥယျာဉ်တစ်ခုပါပဲ
မြေပြင်မှာ ဘာမှ မပွင့်သေးတာက လွဲရင်ပေါ့။

တာရာမင်းဝေ

ရှင်ကွဲ

ငါတို့ရှေ့မှာ
ရထားဟာ ခါတိုင်းထက် ပိုမိုရှည်လျား
ဥသြဆွဲသံများကလည်း
ဖွာရာရ ထစ်ချုန်း ပြတ်တောက်ကျနေခဲ့

နှုတ်မဆက် မိရင်လည်း အကောင်းသား
နှုတ်ဆက်လိုက်ကြတော့
ဘူတာဟာ
အ၀ါရောင်ဖျော့ဖျော့နဲ့ ဂူသင်္ချိုင်း ဆန်လာ

ကံကြမ္မာက
မျဉ်းတစ်ကြောင်းတည်းပေါ်မှာ
ခွာလေးဘက် မရပ်နိုင်ခဲ့ဘူး

ဘယ်သူ့ကိုမှ မပြောနဲ့
ဘယ်သူ့စကားကိုမှ နားမထောင်ဘူး
မြေလို ပင်လယ်လို အက္ခရာ တစ်လုံးနဲ့
ငါတို့ ဆက် ချစ် နေကြဦးမယ်

မမေ့ဘူးကွယ်
ဘယ်တော့မှ မမေ့ပါဘူး
ရက်စက်သွယ်ပြောင်းတဲ့
မီးခိုးလက်ချောင်းတွေက
ငါတို့ကို အပွင့်ခူးချိန်

ရထားဟာ
လောကလူရိုင်းရဲ့ မှုတ်ပြောင်းဝကနေ
အဆိပ်တွေနဲ့
တုန်ယင်စွာ လူးလွန့် ထွက်ခွာခဲ့ရပေါ့။

တာရာမင်းဝေ