သရဲရထား (ငြိမ်းအေးအိမ်)

အပိုင်း(၁)

ကျွန်တော်တို့ သည် ခရီးတခုကိုသွားရန် အဆင်သင့်ဖြစ်နေကြပါပြီ။စိတ်ညစ်ညူးဖွယ် ကောင်းသော ငရဲ (သို့မဟုတ်) ၎င်းနှင့် ဆင်ဆင်တူကောင်း တူနိုင်သည့် အရပ်တခုဆီသို့ အ လည်အပတ်သွားရန် အသင့်ဖြစ်နေကြခြင်း ဖြစ်၏။ကျွန်တော်တို့သည် နှစ်ပေခန့်ကျယ်သော သံလမ်း တခုပေါ်တွင် တင်ထားသည့် ရထားသေးသေး လေး တစီးပေါ်တွင်ထိုင်ရင်း ခရီးစတင်မည့် အချိန်ကို စောင့် စား နေကြသည်။

ရင်ခွင်ထဲတွင် ငါးနှစ်အရွယ် သားငယ်ကို ပွေ့ဖက်ထားရင်း လမ်းခရီးတွင် တွေ့ကြုံရမည့် အတွေ့ အကြုံ သစ်များကို စိတ်ကူးဖြင့် တေွးကြည့်နေမိသည်။
ထိုစဉ် ဘယ်ဘက် လက်မောင်းပေါ်တွင် တဒိတ်ဒိတ် သွေးတိုးသံတခု ဖြစ်ပေါ်နေကြောင်း အထိအတွေ့ဖြင့် ခံစား လိုက်ရ၏။ ထိုသွေးတိုးသံတို့သည် ကျွန်တော့် ဘယ်လက်မောင်းနှင့် ထိကပ်နေ သော သားငယ်၏ ရင်ဘတ်မှ ထွက်ပေါ်နေခြင်းဖြစ်သည်။

ကျွန်တော့်သားငယ်၏ နှလုံးသားဆီမှ ကြောက်ရွံ့ခြင်း(သို့မဟုတ်)စိတ်လှုပ်ရှားခြင်းကြောင့် ဖြစ်ပေါ်နေသည့် နှလုံးခုန်သံ မြန်မြန်များသည် တဒိတ်ဒိတ် သွေးတိုးသံတို့ကို ဖြစ်စေ၏။

ကျွန်တော့်ဘေးတွင် ကပ်ထိုင်နေသည့် ဇနီးသည် သူ့ရှေ့တူရူရှိ (ကျွန်တော်တို့ ဖြတ်သန်းဝင်ရောက် ရမည့်) တံ ခါး ပေါက်ကို ငြိမ်သက်တိတ်ဆိပ်စွာ ငေးကြည့်နေသည်။ သူလည်း စိတ်လှုပ်ရှားနေပုံ (သို့မဟုတ်) ကြောက်နေပုံ ရသည်။
ဘာကြောင့် သည်လို ခရီးစဉ်မျိုး၊ အစီအစဉ်မျိုးကို ကျွန်တော်တို့ ရွေးချယ်လိုက်မိကြပါလိမ့်ဟု တွေးနေမိသည်။ ကျွန်တော်တို့ ကိုယ်တိုင် စိတ်တိုင်းကျ ရွေးချယ်လိုက်ကြသည်လား။ အကြောင်း ကြောင်းက ကျွန်တော်တို့ကို ရွေးချယ်ပေးလိုက်သည်လား။


လူ့သဘာဝသည် အကြောက်တရားနှင့် စိတ်လှုပ်ရှားမှုကို အဟာရတခုလို မက်မက်မောမော သောက် သုံး လို တတ်သည့် သဘောရှိပါသလား။
ကျွန်တော်သည် သားလေးလက်ထဲသို့ ပစ္စတိုသေနတ်ကို ထည့်ပေးလိုက်၏။ ပြီးမှ ပြန်ယူကာ ကျည်ဆံများ ဖြည့် ပေးနေမိပြန်သည်။ အားလုံးပေါင်း ပလတ်စတစ်ကျည်ဆံလုံးလေးများ ရှစ်လုံးတိတိ။
သူ့သေနတ်ထဲသို့ ကျွန်တော် ကျည်ဆံဖြည့်ပေးနေချိန်တွင်၊ သားသည် သေနတ်ကို စူးစူးစိုက်စိုက် ကြည့် နေသည်။ သူကျေနပ်နေပုံ (သို့မဟုတ်) စိတ်လုံခြုံမှု တစုံတရာ ရရှိနေပုံပေါ်သည်။
ဤ ကျည်ဆံမကုန်မီ ခရီးစဉ် ပြီးဆုံးပါ့မလား။ ကျွန်တော်မသိပါ။
ဤသေနတ်ဖြင့် မည်သည့်ရန်ကိုမျှ မကာကွယ်နိုင်ကြောင်းတော့ ကျွန်တော်သိပါသည်။ ကျွန်တော် သိသလို သား လေး မသိသည်မှာ ကံကောင်းသည်။ လောလောဆယ်ဆယ် ထိုကလေးအတွက် သူ့ ကစားစရာ သေ နတ်လေးသည် အဖေ့ရင်ခွင်မှ လွဲလျင် ကြီးမားသော အားကိုးရာ တခုဖြစ်၏။ ရှေ့ဆက် ကျွန်တော်တို့ ကြုံရမည့်ခရီးတွင် ကျွန်တော်တို့ကို ရန်သတ္တုပြုမည့်၊ ချောက်လှန့်မည့်၊ စိတ်အနှောင့် အယှက်ဖြစ်စေမည့် အစီ အစဉ်များဖြင့်သာ ပြည့်နှက်နေမည်မှာ သေချာသည်။
ကျွန်တော်တို့သည် သူများစိတ်တိုင်းကျ (သူတို့အလိုကျ) ပြုပြင်ဖန်တီး ကျုံးသွင်းထားသည့် ၀န်းကျင်တခုထဲသို့ မိမိကိုယ်ကို (သိလျက်နှင့်) ပစ်ထည့်လိုက်သင့်ပါသလား။
ဤသို့ သေချာနေပါလျက် ထိုခရီးကို သွားရန် ကျွန်တော်တို့ ဘာကြောင့်ရွေးချယ်ခဲ့ကြပါသလဲ။ မသိပါ။
ကျွန်တော်ရွေးချယ်ခဲ့သည့် ခရီးလား။ ကျွန်တော့်ဇနီး ရွေးချယ်ခဲ့သည့် ခရီးလား။ ကျွန်တော့် သားငယ် ပူဆာ၍ လိုက်ပို့ဖြစ်သည့် ခရီးလား။ မသိပါ။
မည်သို့ဆိုစေ ကျွန်တော်တို့သည် ခရီးတခုကို အစပျိုးရန် အသင့်ဖြစ်နေသည်မှာတော့ အမှန်ပင် ဖြစ်သည်။
စူးရှသော ၀ီစီသံ တချက်ကြားလိုက်ရ၏။
သိမ့်ကနဲ တုန်သွားသော ခံစားမှုတခုကို ရလိုက်သည်။ ခန္ဓာကိုယ်များ ယိမ်း လှုပ်သွားခဲ့၏။
ကျွန်တော်တို့သည် ခရီးတခုကို အမှန်တကယ်ပင် စတင်ခဲ့ပါပြီ။ ရထားသည် ကျွန်တော်တို့အား ခရီးတခုဆီသို့ ခေါ်ဆောင်သွားခဲ့ပြီ။ တကျွိကျွိ တအိအိမြည်သံများနှင့်အတူ ရထားငယ်သည် ပိတ်ထားသော ဆင်နား ရွက်တံခါးတခုကို သူ့ဦးခေါင်းဖြင့် တိုးဝှေ့လိုက်သည်။ ထိုတံခါးသည် တကျွိကျွိ တအိအိမြည်ရင်းပင် ပွင့်သွားခဲ့ပြီ။
ကျွန်တော်တို့သည် အလင်းမှလာသူများ ဖြစ်သော်လည်း တံခါးကို ဖြတ်ကျော်လိုက်သည်နှင့် အမှောင်ထဲ ရောက်ရှိသွားကြသည်။ ပိန်းပိတ်မှောင်တော့ မဟုတ်။ အနီနှင့် ခရမ်းဖျော့ဖျော့ စွက်ထားပြီး ပြပြ အလင်း သာရှိသော အတော်မှောင်သည့် အမှောင်ဖြစ်သည်။ ပြန်ဆုတ်ခွင့်မရှိသော ခရီးတခုကို ကျွန်တော်တို့ စတင် ခဲ့ပါပြီ။ လမ်းခရီးတလျှောက် ကြုံတွေ့ရမည်များကို ဆန္ဒရှိသည်ဖြစ်စေ၊ မရှိသည် ဖြစ်စေ၊ လက်ခံ ဖြတ်သန်း ရုံမှတပါး အခြားနည်းလမ်း မရှိတော့ပါ။
မြင်ကွင်းသည် အမှောင်ကို အလင်းက လုနေ၏။ အလွန်အင်အားနည်းပါးလှသော အလင်းမှုန်မှုန် လေးကို အ မှောင်က ပျက်ရယ်ပြုနေ၏။ အလွန်အင်အား နည်းပါးလှသော အလင်းမှုန်မှုန်ကလေးကို အမှောင်က ပျက်ရယ် ပြုနေ၏။
ရယ်သံလိုလို၊ ညည်းသံလိုလို၊ ခြိမ်းခြောက်သံလိုလို အသံများ ၀န်းကျင်တခုလုံးတွင် ထွက်ပေါ်နေ သည်။ စိတ် ဓါတ်ကို စတင် ချိုးဖဲ့ဖျက်ဆီးဖို့ ကြိုးစားနေသော အစီအစဉ်ဖြစ်သည်။ သားငယ်၏ ခန္ဓာကိုယ် သည် တချက် တုန်သွားသည်။ ကျွန်တော်က သားငယ်၏ လက်ကို တင်းတင်းဖျစ်ညှစ်လိုက်ရင်း-
"သားမကြောက်နဲ့ မင်းသေနတ်ကို အသင့်ချိန်ထား"
ဟုအားပေး၍ သူ့သေနတ်လေးကို ကျွန်တော့်လက်ဖြင့် အုပ်မိုးကာ ပတ်ဝန်းကျင်ကို ချိန်ရွယ် ပစ်ခတ်ဟန် ပြုလိုက်သည်။ ကလေး၏ စိတ်ဓါတ်ကို အရေးပေါ် အားမာန် ဖြည့်သွင်းပေးသည့် ကြိုးပမ်းမှု ဖြစ်သော်လည်း ဤနေရာသို့ ထိုကလေးကို ခေါ်လာမိသည့် လွဲချော်လွန်းလှသော အစီအစဉ်ကိုတော့ ထိုလုပ်ရပ်က ချေဖျက် နိုင်စွမ်းမရှိမှန်း ကျွန်တော် သိရှိနောင်တ ရနေမိသည်။
သုံးနိုင်စွမ်းရည်မရှိသော သူ့သေနတ်လေးအကြောင်း (သည်ကလေး) မတွေးမိစေဖို့ ကြိတ်ဆု တောင်းနေမိ၏။
ကျွန်တော့ ဘယ်ဘက်လက်မောင်းပေါ်တွင် ခပ်ပြင်းပြင်း ဆုပ်ညှစ်လိုက်သော လက်သည်းရှည်များ စူးနစ်ဝင် ရောက်လာသည်။ စနစ်တကျ စိတ်ဓါတ်ဖြိုခွဲခြင်းဒဏ်ကို စတင်ခံစားလိုက်ရသော မိန်းမသား တယောက်၏ ခံစားမှုပြယုဂ်ဖြစ်သည်။ လူများ၏ စိတ်ဓါတ်ကို ဖျက်ဆီးနှိပ်ကွပ်ပစ်ဖို့ စနစ်တကျ မကြံစည်အပ်မှန်း ဘာကြောင့် လူတွေ သတိမမူ မိကြပါသလဲ။
တုန်ယင်သလို ရှိသော်လည်း ထိမ်းသိမ်းထားသော အသံဖြင့်-
"သားသား၊ မကြောက်နဲ့၊ အကောင်တွေ့ရင် သေနတ်နဲ့ ပစ်"
အမေ၏ သားကို အားပေးစကား မဆုံးလိုက်ပါ။ ကျွန်တော့ ညာဖက် အပေါ်ထောင့်မှ အ၀တ်ဖားလျားနှင့် သရဲရုပ်ကြီးတရုပ် ပြိုကျလာပြီး၊ သူ့ညာလက် ဖတ်လပ်ကြီးနှင့် ကျွန်တော့် မျက်နှာဆီသို့ လှမ်းရိုက်လိုက်သည်။
"သား ပစ်၊ ဒိုင်း ဒိုင်း ဒိုင်း" အော်ဟစ်အားပေး၍ ကလေးလက်ကို ဆွဲကာ သေနတ်သေးသေး လေးနှင့် ထို အရုပ်ကို ပစ်ဟန်ပြုရင်း သူ့ရိုက်ချက်ကို ခေါင်းငုံ့ရှောင်လိုက်ရ၏။ ထိုအချိန်တွင် ကျွန်တော် ကြောက်ရွံ့ နေခဲ့ပါသလား။
မကြောက်ပါ။
'တာရာမင်းဝေ' ၏ 'အရုပ်မြို့တော်' လို၊ ပျော်စရာမကောင်းသော၊ စိတ်ရှိတိုင်း ကန့်လန့်တွေးရင်း ရယ်မောပစ်ဖို့ မ ကောင်းသော အရုပ်များနှင့် တွေ့ဆုံရမည်ကို သိထားနှင့်ပြီး၊ ကျွန်တော့်စိတ်ကို ကြိုတင်ပြင်ဆင် ထား ခဲ့ပြီးသောကြောင့် ဖြစ်ပါသည်။
ရထားဘီးသည် တကျွိကျွိ တအိအိ မြည်နေ၏။
အမှောင်ကို ခရမ်းပြာနှင့် အနီကျဲကျဲတို့ ဆိုးပက်ထား၍ ထိုအရောင်တို့သည် စိတ်ကို ခြောက်ခြား စေသည်။ အ လုံပိတ်ခန်းဖြစ်၍ လေမသန့်။ ဖုံနံ့များ မွှန်နေသည်။ အော်ညည်းသံ တုန်တုန်ရီရီတို့က အဆက်မပြတ် ပျံ့လွင့်နေ၏။ ထိုဝန်းကျင်သည် သူ့ရည်ရွယ်ချက် ပေါက်မြောက်အောင် ကစားကွင်း ဖန်တီးရှင်တို့ စိတ်တိုင်းကျ ပြုပြင်ထားသော ၀န်းကျင်ဖြစ်သည်။
လူတို့ စိတ်ဓါတ်ကို အကြောက်တရားတို့ဖြင့် ဖိညှစ်အနိုင်ယူထားသည့် အချိန်ကာလများ ဖြစ်သည်။
ထိုအခြေအနေတွင် နေပျော်ပါမည်လား မိတ်ဆွေ။
ကျွန်တော်တို့ မိသားစုကတော့ ပြန်ဆုတ်ခွါခွင့်မဲ့ ရထားသံလမ်းတခုပေါ်တွင် သူခေါ်ရာသို့ လိုက်ပါ သွားနေရပြီ ဖြစ်သည်။
ရထားတစီး၊
စိတ်ညစ်ညူးဖွယ်ဖန်တီးထားသော ၀န်းကျင်၊
အမှောင်များ၊
မိသားစု သုံးယောက်၊
လေထုညစ်ထပ်ထပ်၊
ညည်းညူသံများ၊ လေတိုးသံများ။
အမှောင်၊ မိသားစုသုံးဦး၊ ရထားတကောင်၊ သံလမ်းတချောင်း၊ ဖုန်နံ့စူးရှရှရှိသောလေ၊ သံလမ်းကို ပွတ်ကြိတ်သံ တဂျိမ်းဂျိမ်း၊
ကြိုတင်စီစဉ်ထားသောဝန်းကျင်၊
အကြောက်တရား၊
ဖိစီးခြင်း၊
ခြိမ်းခြောက်မှုများ၊
နီကျင်ကျင်မီးရောင်၊
လူတို့ဖန်တီးထားသည့် အခြေအနေ၊ ရထားတရုပ်၊ မိသားတစု၊ သူလိုရာသွားမည့် သံလမ်းတစုံ။ အစွမ်းရှိသလောက် ခြောက်လှန့်တတ်သော အရုပ်များ။
အလုံခန်းတခုထဲတွင် ကျွန်တော်တို့ မိသားတစုသာ။
သံလမ်းသည် အကွေ့တခုဆီသို့ လှည့်ပတ် ၀င်ရောက်လိုက်၏။ အကွေ့တိုင်းသည် အပြောင်းအလဲ တခုစီကို ပိုင်ဆိုင်ထားတတ်ကြောင်း ကျွန်တော်တို့ မမေ့ထားသင့်ပါ။
ကျွန်တော်တို့ ပန်းရောင်စုံပွင့်ဖတ်များ ကျရောက် မျောပါနေပြီး၊ ရေကြည်ကြည် စီးနေသော စမ်းချောင်းတခုမှ ရေဖြင့် မျက်နှာသစ်ချင်လာသည်။
နားထဲသို့ တဂျုန်းဂျုန်း တဂျိမ်းဂျိမ်း မြည်နေသော အမျိုးအမည်မသိ ယန္တရားတခု၏ အသံ ၀င်ရောက်လာသည်။ ညာဖက်သို့ စောင်းငဲ့ကြည့်လိုက်တော့ တီဗွီဇာတ်လမ်းတွဲများတွင် မြင်ဖူးနေကျ ပြည်သူ့တရားရှင်ကြီး 'ပေါင်ချိန်' နှင့် သူ့ အပေါင်းအပါများ။
တီဗွီဇာတ်လမ်းတွဲများတွင်၊ အမှန်တရားမြတ်နိုးလွန်းသူကြီး၊ သမာသမတ်ရှိလွန်းသူကြီး 'ပေါင်ချိန်' သည် ဤအ ခန်းထဲတွင်တော့ လူများကို ခြောက်လှန့်ခြိမ်းခြောက် သူကြီး ဖြစ်နေသည်ကို တွေ့ရ၏။ သူ့လက်ထဲမှ သစ်တုံးတခုဖြင့် သူ့စပွဲကို တဒုန်းဒုန်းထုနေသည်။ သူ့ရှေ့ရောက်လာသူ ဘယ်သူကိုမဆို တရားခံအဖြစ် ပြစ် ဒဏ်ချမည့်သဘော။ သူ့အခြံအရံများ အားလုံးကလည်း ရထားပေါ်ပါလာသူ မှန်သမျှကို တရားခံလိုသ ဘောထားကာ ခပ်တင်းတင်း ခပ်ရဲရဲကြည့်နေကြသည်။ ခွေးခေါင်းဓါးစက် ကြီးက ပါးစပ်ဟဖြဲကာ လူတိုင်း၏ ခေါင်း ကို သွေးသံရဲရဲ ဖြတ်ချလိုက်မည့်ဟန်။
ကျွန်တော် မအံ့သြဖြစ်ပါ။
အရာရာသည် စီမံခန့်ခွဲသူတို့ ဖန်တီးထားသော အခြေအနေ အကြောင်းတရားများပေါ် မူတည်ပြီး ဖြစ်လိုရာ ဖြစ်တတ်သည့် သဘောကို စဉ်းစားမိလိုက်သောကြောင့် ဖြစ်ပါသည်။
သေနတ်ကိုင်ထားသော ကျွန်တော်တို့ သားအဖ၏ လက်များသည် တင်းကနဲ ဖြစ်သွားပြီး၊ 'ပေါင်ချိန်' ၏ နဖူးတည့်တည့်ကို ချိန်ရွယ် ပစ်ခတ်လိုက်ကြသည်။ ထိုလှုပ်ရှားမှုသည် ကျွန်တော်တို့ သားအဖနှစ်ယောက် လုံးဝ တိုင်ပင်ထားခြင်းမရှိသော တိကျလှသည့် ချိန်ကိုက်လှုပ်ရှားမှုတခု (လွန့်တုန့်မှု) တခုသာဖြစ်သည်။
ထိုစိတ်သည် မတရားမှုကို ရွံမုန်းသောစိတ်၊ ဖိနှိပ်ခြင်းကို ရုန်းကြွတုန့်ပြန်သောစိတ် ဖြစ်မဖြစ် စိတ်ပညာရှင်တို့ စိစစ်စေချင်သည်။ မတော်မတရား နှိပ်စက်သည်ဟု မြင်လာလျှင် အမှန်တရား၏ သင်္ကေတအဖြစ်( နှစ်သက်ခဲ့ စုံမက်ခဲ့သော) 'ပေါင်ချိန်' ကိုပင် ပစ်သတ် လိုက်ဖို့ ၀န်မလေးသော စိတ်တခုကို တွေ့လိုက်ရသည်။ ထိုစိတ်သည် မွေးဖွားလာသည့် လူသားတိုင်း၏ ရင်ထဲသို့ သဘာဝတရားက ထည့်သွင်းပေးလိုက်သော အမြုတေဓါတ်တမျိုး ဖြစ်နိုင်သည်။
ပေါင်ချိန်ကြီး တို့ ကျန်ရစ်ခဲ့ပြီ။
ရထားကတော့ ကျွန်တော်တို့ကို တင်ဆောင်ကာ ဆက်လက်ရွေ့လျားသွားလာရင်း ခြောက်လှန့်မှု အဆင့် ဆင့်ဆီသို့ ခေါ်ဆောင်သွားနေဆဲ ဖြစ်၏။
ကွေ့ချိုးတခုသို့ ရထားကွေ့ချလိုက်သည်။
'အား' ကနဲ အော်သံတခု ထွက်လာသည်။ ဇနီးနှင့် သားငယ်ထံမှ ဖြစ်သည်။ သူတို့ ခေါင်းငုံ့လိုက်ကြ သည်။ သား က ကျွန်တော့်ရင်ခွင်ထဲ ကြုံ့ဝင် စီးကပ်နေ၏။ ကျွန်တော့် ညာလက်က သူတို့နှစ်ဦး ကိုယ် ပေါ်မှ ကန့်လန့်ဖြတ် မိုးကာပြီး ဖြစ်နေသည်။
မမြင်ကွယ်ရာမှ ပါးပျဉ်းထောင်ထားသော မြွေတကောင်ကျွန်တော်တို့ကို ပေါက်သတ်မည့်ဟန်ဖြင့် ရုတ်တရက် ထိုးထွက်လာသောကြောင့် ဖြစ်၏။ စက္ကူမြွေရုပ်ဖြစ်သော်လည်း ထိုအခိုက်အတန့်တွင် အရုပ်ဟု မမြင်နိုင် မထင်နိုင်ပဲ ကြောက်လန့် နေခဲ့ကြသည်။
ကျွန်တော် နည်းနည်းရယ်ချင်လာသည်။
ကိုယ့်ချွေးနည်းစာငွေကြေးကို ရက်ရက်ရောရောပေးပြီး ကိုယ့်စိတ်ဓါတ်ကို နှိပ်စက်ခံနေသည့် ကျွန်တော် တို့မိ သားစုအဖြစ်ကို ပြန်စဉ်းစားတွေးမိ၍ ဖြစ်သည်။
ကျွန်တော်တို့တတွေသည် ကိုယ်ရသင့်သည်များကို ထိုးအပ်၍ ဘယ်နှစ်ကြိမ် ဘယ်နှစ်ခါများ နှိပ်စက်ခံခဲ့ကြ ဖူးပါသလဲ။

အပိုင်း (၂)

ရုပ်ရှင်များ၊ ဗွီဒီယိုဇာတ်ကားများထဲတွင်တော့ 'ခြောက်နှစ်ခန့်ကြာသော်' ဟု စာတမ်းထိုးကြမည် ထင်သည်။
သရဲရထား၊ အပိုင်း(၁)ဟု ခေါင်းစဉ်တပ်ထားသော အထက်ပါ အရေးအသားကို ကျွန်တော် ရေးသားခဲ့သည်မှာ လွန်ခဲ့သော (၆)နှစ်ခန့် (၂၀၀၀ ပြည့်ဝန်းကျင်က) ဖြစ်ပါလိမ့်မည်။ ထိုစဉ်က အသက်ငါးနှစ်သားဟု ဖော်ပြ ထားသော ကျွန်တော့ သားငယ်သည် ယခုအခါ (၁၁)နှစ်သားအရွယ် ရောက်နေပြီ ဖြစ်သောကြောင့် ထိုသို့ ခန့်မှန်းမိခြင်း ဖြစ်သည်။
ထိုအရေးအသားကို ဘာ့ကြောင့် ပြီးဆုံးအောင် ကျွန်တော် ဆက်မရေးဖြစ်ခဲ့သည်ကို အမှတ်မရတော့၊ မသိ တော့ပါ။ ၂၀၀၆ နှစ်ဦးတွင် ကျွန်တော်တို့ သားအဖ ဓါတ်ပုံဟောင်းဖိုင်များ ရှာဖွေ ရာမှ ထိုရေးလက် စကလေးအား အမှတ်မထင် ပြန်လည်တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ' ကျွန်တော်၏ စာပေ ဆိုင်ရာ အားထုတ်မှုများ' ဟူသော ဖိုလ်ဒါ (Folder) ကြီးအောက်ရှိ 'ရေးလက်စများ' ဟူသော ဖိုလ်ဒါ ထဲတွင် ဖိုင် (File) တခုအနေဖြင့် ပြန် လည် တွေ့ရှိခဲ့ကြပါသည်။
ယခုအခါ မြန်မာစာကို အတန်ငယ်ချောအောင် ဖတ်ပြုနိုင်နေပြီ ဖြစ်သော အလယ်တန်း ကျောင်းသားလေးက သူကိုယ်တိုင် ပါဝင်ခဲဖူးသော နေ့ရက်တခု၊ ကစားနည်းတခုအကြောင်းကို ပြန်ဖတ် ရသောအခါ အလွန် သဘောကျသွားပြီး ဖခင်ဖြစ်သူ ကျွန်တော့်အား ပြီးဆုံးအောင် ဆက်ရေးရန် တိုက်တွန်းခဲ့သည်။ သို့သော် သူ့ဆန္ဒအား ကျွန်တော် မဖြည့်ဆီးနိုင်ခဲ့ပါ။ ထိုနေ့က ဖြစ်ပျက်ခဲ့သော အကြောင်းအရာများကို ကျွန်တော့် မှတ်ဥာဏ်က မှိန်ဝါးလိုက်ခြဲ့ပီ ဖြစ်သည်။ မြွေကြီးပြီးတော့ ဘာကောင်တွေနဲ့ တွေ့ခဲ့လဲ။ ကျွန်တော်တို့ တွေ့မြင် ခဲ့ကြရသည်မှာ အရိုးစုတွေ၊ လူသေအလောင်းလိုမျိုး တွေ၊ ဖုန်နံ့မွှန်ထူထူတွေ၊ မှောင်မဲမဲနီရဲရဲ အလင်း အမှောင်တွေပဲ ဖြစ်ပါလိမ့်မည်။ ဆိုရလျင် စိတ်ပျက်စရာ မြင်ကွင်းများ၊ အသံများ၊ အနံ့များသာ ရရှိခဲ့ကြပြီး မည် သည့် ပျော်ရွှင်ချမ်းမြေ့ဖွယ်မျိုးမှ တွေ့ကြုံခဲ့ရသည် မဟုတ်ပါ။
ခြိမ်းခြောက်၊ ခြောက်လှန့်ခံရမှု၊ စိတ်ဖိစီးခံရမှု၊ သက်တောင့်သက်သာမရှိမှု၊ ဟူသောခံစားမှုများ အတွက် အချိန်နှင့် ငွေများပေးပြီး၊ ကစားခဲ့ကြပြီးဖြစ်သည်။ မှတ်မှတ်ရရ ကျွန်တော်တို့ မိသားစု အနေဖြင့် ထို တကြိမ်နောက်ပိုင်းတွင် သရဲရထား မစီးဖြစ်ကြတော့ပါ။ ဖန်တီးသူတို့ စိတ်ကြိုက် စီမံခန့်ခွဲထားသော ဘောင် တခု၊ ၀န်းကျင်တခုထဲတွင် ထိုသူတို့ စိတ်တိုင်းကျ အနှိပ်စက်ခံရသော ဘ၀မှ လွန်မြောက်၊ လွတ်မြောက်ခဲ့ကြပြီ ဖြစ်သည်။ သို့သော် ထိုအရာမှာ ကစားနည်းတခု ကစားကွင်းတခုသာ ဖြစ်ကြောင်း ကျွန်တော်တို့ မမေ့ခဲ့ပါ။
ကစားနည်းတခုကို မကစားခြင်းဖြင့်လည်းကောင်း၊ ကစားကွင်းတခုကို မသွားရောက်ခြင်းဖြင့် လည်းကောင်း၊ ရှောင်ကွင်းနိုင်သော်လည်း ဘ၀ကစားကွင်းအတွင်းရှိ ကိုယ်မကစားလိုသော ကစားနည်းကို မည်သို့ ရှောင် ကွင်းရမည်ကို ကျွန်တော်မသိခဲ့။ နည်းလမ်းမရှိခဲ့။
သရဲရထားစီးနည်းသည် ပိန်းပိတ်အမှောင်နှင့် မီးအလင်းမှိန်တို့ကို အားပြုတည်ဆောက်ထားသော ၀င်္ကပါ ကစားကွင်း တခုဖြစ်လျင် ဘ၀သည် နေ့အလင်းနှင့် ညအမှောင်တို့ကို အားပြုတည်ဆောက်ထား သော ၀င်္ကပါ ကစားနည်းတခုသာ ဖြစ်ပါလိမ့်မည်။
သရဲရထား ကစားနည်းတွင် ကျွန်တော့်သားက ပလတ်စတစ် သေနတ်ကို ကိုင်တွယ်ခဲ့သော်လည်း ဘ၀တွင်မူ ကျွန်တော်က သံမဏိသေနတ် ကိုင်ကောင်း ကိုင်ရမည်။ တရားမျှတသင်္ကေတ ' ပေါင်ချိန်' ကြီးက မြင်မြင် သမျှကို သတ်ဖြတ်ပြဖို့ ဒေါသကြီးနေသလိုမျိုး၊ ဘ၀ထဲတွင် အမှန်တရား၏ ပက်ပက်စက်စက် ခြိမ်းခြောက်မှုကို မခံ ရနိုင်ဟု မည်သူမျှ ကံသေကမ္မ မပြောနိုင်။
တကယ်တော့ ကျွန်တော်တို့သည် ရှင်သန်နေထိုင်ရသမျှ အချိန်တွင်း၊ ကွေ့ပေါင်းများစွာမှ ခြိမ်းခြောက်မှုများစွာ အချိန်မရွေး ထွက်ပေါ်လာနိုင်သည့် ဘ၀၀င်္ကပါထဲတွင် သရဲရထား စီးနေကြရခြင်း မျှသာ ဖြစ်သည်။
ကစားကွင်းမှ သရဲရထားတွင် ရထားစီးနေရချိန် ရှိသည်။
ကျွန်တော့်ဘ၀တွင် ကျွန်တော် ရှင်သန်နေခွင့်ရ အချိန်ရှိသည်။
ကစားကွင်းက ရထားတွင် ခရီးဆုံးထွက်ပေါက်ရှိသည်။
ကျွန်တော့်ဘ၀တွင် ခရီးဆုံးထွက်ပေါက် ဘယ်မှာရှိပါသလဲ။
မေးခွန်းများသည် ရထားတစီးစာမက လေးလံစွာ ကိုယ်ပေါ်ပိကျလျက်။


ငြိမ်းအေးအိမ်
[အခြေအနေ အကြောင်းတစုံတရာကြောင့် စာရေးသူထံမှ ခွင့်ပြုချက်မယူနိုင်ခြင်းကို ခွင့်လွှတ်နားလည်ဖို့ တောင်းပန်ပါတယ်]

တည်ကိန်း၊ ရလဒ်၊ အကြွင်း -မသီတာ(စမ်းချောင်း)

ဆယ်စုနှစ်တစုမက ကျော်လွန်ခဲ့ပြီ ဖြစ်သည်။
သူ ကတော့ သူ သာ ဖြစ်လေသည်။
xxxx xxxx
ဆယ်စုနှစ်တစု၏ ဟိုမှာဘက်တုန်းက ဖြစ်သည်။
သူ့အခန်းမှာ သာမန် နံရံဖြူဖြူ အခန်းလေးတခန်းသာပဲ ဖြစ်ခဲ့သည်။ ကြွေပြား၊ နံရံကပ်စက္ကူ စသဖြင့် ရေပန်းမစားသေးသော ကာလ ဖြစ်သည်တကြောင်း၊ သူ့မှာလည်း မိသားစု ငါးဦးကိုပင် ၀မ်း၊ ခါး၊ ၀အောင်၊ လှအောင် ကြိုးပမ်းနေရသောကာလ ဖြစ်သည်ကတကြောင်း တို့ကြောင့် သူ့အခန်းနံရံ သည် ဖြူသည်ဆိုရုံလေး ဖြူသည့် အင်္ဂတေနံရံသာ ဖြစ်ခဲ့လေသည်။
သို့သော် ထိုနံရံထက်မှာက မိသားစုဓာတ်ပုံ၊ ယွန်းပန်းချီ၊ အ၀တ်မျိုးစုံ လှမ်းထားသည့် ကြိုးတန်း....။ သည်းချာတို့၏ ပုံရိပ်များ....။ လေးပေမီးချောင်း၏ ဖြူဝင်းသော အလင်းအောက်မှာ မဖြူ့တဖြူ နံရံမှ အလင်းပြန်နှင့် ဖြူလွသော သူ့ရှပ်အင်္ကျီမှ ရောင်ပြန်က သည်းချာတို့ပေါ် လုံခြုံစွာ လွှမ်းခြုံ...။ "ဝေးသော အတိတ်" မှ အဖြူရောင် ကားချပ်။
xxxx xxxx
ဆယ်စုနှစ်တစုမက ကုန်လွန်ခဲ့စဉ်က ဖြစ်သည်။
သူ့အခန်းမှာ နံရံဖြူအခန်းလေးတခန်းတော့ ဖြစ်နေခဲ့ပြန် သေးသည်။ သို့သော် စာတမ်းနေ့စွဲ၊ လက်မှတ်၊ အမှတ်အသား၊ ကွမ်းသွေး အညစ်အကြေး စသဖြင့် အမျိုးမျိုးအဖုံဖုံ စွန်းထင်းကွက်ကြား နေသည့် နံရံပေါင်းများစွာကို သူ အဖော်လုပ်ခဲ့ရခြင်း ဖြစ်သည်။ ၀ပ် ၆၀ မီးသီး၏ ၀ါကျင်ကျင် အလင်းဖျော့အောက်မှာ ဖြူတူတူ နံရံမှ အငွေ့ပြန် အပူလှိုင်းနှင့် ဖြူညစ်ညစ် သူ့ တူညီအင်္ကျီဖြူမှ အနွေးထန်မှိုင်းတို့က အိပ်မက်ရီဝေတို့ကို မီးမြှိုက်...။ "မဝေးသော အတိတ်" မှ ဖြူဝါ၀ါ ကန့်လန့်ကာ...။
xxxx xxxx
ဆယ်စုနှစ်တစု၏ ဟိုမှာဘက်တုန်းက ဖြစ်သည်။
နံရံဖြူ့တဖြူထက်မှာ သည်းချာတို့၏ အရိပ်က တစစ ကြီးပြင်းလာခဲ့...။ လက်ရုံးရည်၊ နှလုံးရည်၊ ပညာရည်တို့ ပြည့်လျှမ်းသည့် သည်းချာများအဖြစ် သူ က မြင်ယောင် စိတ်ကူးခဲ့....။ သူ့စိတ်ကူး ပိတ်ကားချပ် နံရံဖြူ့တဖြူထက်မှာ သည်းချာတို့၏ အနာဂတ်ပုံရိပ်။ အလင်းအောက်မှာ မှိန်နေသည့် ပုံရိပ်များ။
မှန်သည်။ သူ့အရင်က သူတွေသည် သူကဲ့သို့ပင်။ နှောင်းသည်းချာတို့၏ အနာဂတ်ပုံရိပ်ကို တွေးတောပူပန် ခဲ့ကြပြီ။ သို့သော် သူတို့က ဘာများ တတ်နိုင်ခဲ့သနည်း။ သည်လိုနှင့် သူ့အလှည့်....။
နံရံများပေါ်မှာ သည်းချာတို့၏ အနာဂတ်ကို တင်ကြည့်....။ နံရံများကို ထွင်းဖောက်ထွက်သွားသည့် သူ့အိပ်မက်များ။ အနာဂတ်ကို ထွင်းဖောက်ထွက်တော့မည့် သူ့သည်းချာများ။ မအိပ်ပဲ မက်သည့် အိပ်မက်။ နံရံထက်က အိပ်မက်သည်းချာ။
xxxx xxxx
အိပ်မက်ကို ထုဆစ်ခဲ့....။
နံရံကို ထွင်းဖောက်ခဲ့....။
သည်းချာများသို့ ရည်ရွယ်ခဲ့....။
သူ့သည်းချာအပါအ၀င် သည်းချာများအတွက် အလင်းအောက်မှာ သူ အိပ်မက်ကို ထုဆစ်ခဲ့....။ နံရံကို ထွင်းဖောက်ခဲ့....။
သို့နှင့်.....။
အိပ်မက်ကား ဖောက်ထွင်းခံခဲ့ရ....။
နံရံကား သူ့အတွက် ဆစ်ပိုင်းထုဖို့....။
သည်းချာများကား အသံလွန် အလင်းနှုန်းဖြင့် သူ့နားမှာ မရှိတော့....။
သို့နှင့်.....။
xxxx xxxx
ဆယ်စုနှစ်တစုမက ကုန်လွန်ခဲ့စဉ် ဖြစ်သည်။
နံရံများထက်မှ သည်းချာတို့၏ အရိပ်က တစစ ဝေးကွာ....။ သည်းချာတစ်က လက်ရုံးသာ သန်မာပြီး လက်တကမ်းအကွာဆီ ရွေ့နေ....။ သည်းချာနှစ်က နှလုံးရည်အားကိုးနှင့် ဟိုးလှမ်းလှမ်းမှာ မောနေ....။ သည်းချာသုံးက ပညာရည် လမ်းခုလတ်ဖြင့် မလှမ်းမကမ်းမှာ ရှင်နေ.....။ သူ၏ ဖြူဝါ၀ါ ကန့်လန့်ကာ ဟိုမှာဘက်မှ သည်းချာတို့၏ ပစ္စုပ္ပန်ရုပ်ပုံလွှာ။ အမှိန်အောက်မှာ ငုံ့နေသည့် အလင်းမြုံပန်းပု များ။
သူ ဘာတွေများ တတ်နိုင်ပါသလဲ။ သူသည် သူ့အရင်က သူများကဲ့သို့ပင် "လက်တွေ့" နှင့် "အိပ်မက်" ကားချပ်နှစ်ခုကို မထပ်နိုင်သေး.....။
နံရံများပေါ်မှာ သည်းချာတို့၏ ရုပ်ပုံလွှာ မတင်ကျန်...။ နံရံများက ဆစ်ပိုင်းထုဖို့ ခံလိုက်ရသည့် သူ့အိပ်မက်များ။ ပစ္စုပ္ပန်မှာ ဖောက်ထွင်းခံလိုက်ရသည့် သူ့သည်းချာများ။ မပျော်ပဲ အိပ်ခဲ့ရသည့် လေးထောင့်တရာ ခွန်နှစ်ဆယ့်တည၏ အိပ်မက်ထဲက ထာဝရ ရုပ်ပုံလွှာ.....။
xxxx xxxx
ပစ္စုပ္ပန်။
သူသည် တခါက နံရံများ မဟုတ်သော သူ့အခန်းထဲမှာ ဖြစ်သည်။ ကြွေပြား၊ နံရံကပ်စက္ကူ မကပ်ထား။ စာတမ်း၊ နေ့စွဲ၊ လက်မှတ်၊ အမှတ်အသား၊ ကွမ်းသွေး အညစ်အကြေး မကွက်ကြား။ သို့သော် မိသားစု ဓာတ်ပုံ၊ ယွန်းပန်းချီ၊ သည်းချာတို့၏ ပုံရိပ်လည်းမရှိ။ ၀ပ် ၆၀ ၀ါကျင်ကျင်ပူလှုံလှုံ မီးအလင်းလည်း မဟုတ်။ မီးအားပြည့် လေးပေမီးချောင်း၏ ဖြူဝင်းဝင်းအလင်းလည်း မဟုတ်။ ဖြူတူတူနံရံထက်မှာ သူရဲ့ ၀တ်လက်စ ရှပ်အင်္ကျီဖြူတထည်သာ လှန်းထားသည့် ကြိုးတန်းတချောင်း။ သူ့ဖြူဖျော့ဖျော့ ဆံနွယ်များက အလင်းဖြူကို စုပ်ယူဖို့ ကြိုးစားနေ.....။
ပစ္စုပ္ပန်၏ မြေဖြူပန်းချီသက်ငြိမ်.....။
သို့မဟုတ်....။
သူ ကတော့ သူ။
xxxx xxxx
"သည်းချာတို့နှင့် စတင်ဝေးခဲ့ရသော အတိတ်" သည် မဝေးသော အတိတ်။
"သည်းချာတို့နှင့်တကွသော အတိတ်" သည် ဝေးသော အတိတ်။
"မဝေးသော အတိတ်" ၌ သူသည် ထို့ထက် "ဝေးသော အတိတ်" ကို မျှော်ခဲ့သည်။
ပစ္စုပ္ပန်။
သည်းချာတို့ ဝေးကွာဆဲ။
"ဝေးသော အတိတ်" ကို ဆက်၍သာ မျှော်ဆဲ။
သို့ဖြင့်....။
သူသည် "မဝေးသော အတိတ်" ၌လည်း ထို့ထက် "ဝေးသော အတိတ်" ကို မျှော်ခဲ့ရဖူးပြီ။
သူသည် "ပစ္စုပ္ပန်" ၌ပင် "ဝေးသော အတိတ်" ကို မျှော်ရဆဲ။
xxxx xxxx
ဆယ်စုနှစ်တစုမက ကျော်လွန်ခဲ့ပြီ ဖြစ်သည်။
သူကတော့ သူသာ ဖြစ်လေသည်။ ။

မသီတာ(စမ်းချောင်း)
[Fashion Image မဂ္ဂဇင်း၊ နိုဝင်ဘာ ၂၀၀၂ တွင် စာပေစီစစ်ရေးက ခွင့်ပြုချက်မရခဲ့သော ၀တ္ထုစာမူကို စာရေးသူထံ ခွင့်ပြုချက်မတောင်းခံနိုင်ပဲ ဖော်ပြလိုက်ရသည်ကို နားလည်ခွင့်လွှတ်ဖို့ တောင်းပန်အပ်ပါသည်။]

ဘယ်သူတွေဘာပဲပြောပြော(မိုယ်းဇော်)

ဘယ်သူတွေဘာပဲပြောပြော
အိုစမာဘင်လာဒင်မသေသေးဘူး
ဘဂ္ဂဒက်မအေးချမ်းသေးဘူး
ကင်ဂျုံအီလ်လည်း အပြုံးမပျက်သေးဘူး။

ဘယ်သူတွေဘာပဲပြောပြော
နာဇီတံဆိပ်တွေ ပျံ့နှံ့နေဆဲ
နာဇီလက်သစ်တွေ ရှင်သန်နေဆဲ
အမျိုးသားရေးဝါဒီတွေ ကြီးထွားနေဆဲ။

ဘယ်သူတွေဘာပဲပြောပြော
တရုတ်ပြည်ဟာ ပိုပြီးကြွယ်ဝလာတယ်
ဘိုလီးဘီးယားမှာ ကွန်မြူနစ်တွေတက်လာတယ်
မော်ဝါဒီတွေ ခတ္တမန္ဒူကိုရောက်လာတယ်။

ဘယ်သူတွေဘာပဲပြောပြော
လက်ဘနွန်မှာ "ဟစ်ဇ်ဘိုလာ" တွေရှိတယ်
အီရန်မှာ နျူကလီးယားစီမံကိန်းတွေရှိတယ်
ကမ္ဘာကြီးမှာ အယ်လ်ကိုင်ဒါတွေရှိတယ်။

ဘယ်သူတွေဘာပဲပြောပြော
အိပ်ခ်ျအိုင်ဗွီ
ကြက်တုတ်ကွေး
ဆူနာမီ
အကြမ်းဖက်သမား
ဆားစ်ရောဂါ
ငွေကြေးဖောင်းပွမှု
ကျွန်တော်တို့လက်ထဲမှာ
တခုခုတော့ရှိပါတယ်။

ဘယ်သူတွေဘာပဲပြောပြော
ဘ၀ကိုပုံအောရမယ့်အတူတူ
အော်စကာဆုရ ရုပ်ရှင်တွေလည်း
ကျွန်တော်တို့ဆက်လက်ကြည့်ရှုကြဦးစို့။


မိုယ်းဇော်
{ရုပ်ရှင်တေးကဗျာရသစုံမဂ္ဂဇင်းမှ ကူးယူဖော်ပြပါတယ်။}

မဖွင့်ရသေးတဲ့ဓာတ်ပြားဟောင်း

* ထမင်းစားရေသောက်ဆိုပေမယ့်
ထမင်းစားဖို့ ရေသောက်ဖို့
လွယ်လို့လား။

* ကမ္ဘာကြီးက ၂၄ နာရီဖွင့်တဲ့လောင်းကစားဒိုင်
ဒါပေမယ့် တစ်ဘ၀လုံးတင်ထိုးပါမှ
(နိုင်ခဲ့ရင်တောင်)
အစာတဖတ်လောက် အလျော်ရတာမျိုး
ကဗျာတစ်ကြောင်းလောက် အလျော်ရတာမျိုး။

* တွေးမလား သေမလားဆို
တွေးဖို့ကိုရွေးခဲ့
ရေကို ရေရော မသောက်ဘူး
မီးတောက်ကို မီးတို့မျိုမယ်။

* ကျွန်တော်လည်းလူ ခင်ဗျားလည်းလူပါ
ဒီသစ္စာကိုသာ
ရာစုနှစ် တစ်ဝက်စာပဲ့တင်ထပ်လိုက်ပါတယ်။

လက်ျာဝင်း။
ကျောင်းဖွင့်ချိန်

(၁)
ငါတို့ကျောင်းတော်ကြီးရဲ့
မော်ကွန်းထိန်းသိမ်းရေးအခန်းမှာ
ဟစ်တလာရုပ်ထုကို
လူတစုထုဆစ်နေကြတယ်။
သူတို့ဟာ ...
ရုပ်တုရဲ့ရှေ့မှာ ကျိန်စာတွေရွတ်ဖတ်
ပျားရည်စက်တွေကို မီးရှို့ပူဇော်
ဆိုင်ရာနိုက်ဖြူလျော်လျော်တွေ သွန်းကြဲပက်ချ
ဟစ်တလာပါးစပ်ထဲက
ကျည်ဆန်တတောင့် ထွက်အံကျလာတယ်။
သူတို့ဟာ ...
ကျောက်သင်ပုန်းပေါ်မှာ အဲဒီကျည်ဆံနဲ့
“ကျောင်းဖွင့်ပြီ” ဆိုတဲ့ စာကိုရေး
သွေးစွန်းလက်တွေနဲ့ ပျူငှာစွာ
ဖိတ်ခေါ်ကြပါပြီ။

(၂)
ငါတို့ကျောင်းတော်ကြီးရဲ့
ဟောင်းနွမ်းနေတဲ့ အခန်းလွတ်တခုဟာ
တဖြည်းဖြည်း နှစ်ငါးဆယ်လောက်ပြန်ငယ်ရွယ်သွားတယ်၊
အရင်က မမြင်ရတဲ့ ဟိုတုန်းက အရိပ်တွေ
နံရံတွေ၊ ခုံတန်းလျားတွေဆီက လွန့်လူးထ
အဲဒါ ... “အောင်ဆန်း” တို့၊ “ကျော်ငြိမ်း” တို့၊ “သိန်းဖေ” တို့၊ “ညိုမြ” တို့ရဲ့
ဝိညာဉ်တွေပဲ ...
ဗမာပြည်လွတ်လပ်ရေးကို သူတို့မြတ်နိုး
ဗမာပြည်လွတ်လပ်ရေးအတွက် သူတို့ရုန်းကန်
အာဏာရှင်ကို ဖီဆန်ခဲ့ကြတယ်။
ခု ... သူတို့ရဲ့ ၀ိညာဉ်တွေဟာ
“ကမ္ဘာမကြေဘူး ... ... ...
ငါတို့သွေးနဲ့ ရေးခဲ့ကြတဲ့ မော်ကွန်းတေး ...”
သီချင်းလေး နားဆင်ရင်း
ရာဇ၀င်ရဲ့ တကျော့ပြန်စိမ်ခေါ်ပွဲကို
မျက်ရည်တ၀ဲဝဲနဲ့ စောင့်ကြည့်နေပါတယ်။

(၃)
ငါတို့ကျောင်းတော်ကြီးရဲ့
ဒီဘက်ခေတ် ၁၉၈၇ - ၈၈ နှစ်များထဲမှာပါ
တက္ကသိုလ်စာကြည့်တိုက်ထဲမှာ
ဖြူဝါးဝါးအရိပ်တချို့
စာထိုင်ဖတ်နေကြတယ်။
တချို့ဖတ်တာ .. ကဗျာစာအုပ်
တချို့ဖတ်တာ .. သမိုင်းစာအုပ်
တချို့ဖတ်တာ .. နိုင်ငံရေးစာအုပ်
ရုတ်တရက်
အဖြူရိပ်တခုဟာ ထိုင်ရာကထ
“ဗမာပြည်ကို ကယ်တင်ရတော့မယ်”
နောက်ထပ် အဖြူရိပ်တခု စာအုပ်ပိတ်
“ဗမာပြည်ကို ကယ်တင်ရတော့မယ်
ဗမာပြည်ကို ထိတ်တုံးချွတ်ပေးရမယ်”
သူတို့ဟာ တိတ်ဆိတ်စွာ
အခန်းပြင်ကို ထွက်သွားကြပါတော့တယ်။
စာကြည့်တိုက်ရဲ့ စာအုပ်ပိတ်သံများ
လွယ်အိပ်လွယ်သံများ
ဖိနပ်စီးသံများ အဆုံးမှာ
နောက်ထပ် အဖြူရိပ်တခု ထပ်ထွက် ...
... ... နောက်ထပ် ... ...
... ... နောက်ထပ် ... ...

(၄)
ငါတို့ကျောင်းတော်ကြီးရဲ့
စာမသင်ဖြစ်တဲ့ စာသင်ခန်းတခုမှာ
အရိုးစုတအုပ် အစည်းအဝေးလုပ်နေတယ်။
အရိုးစုတခုက ... ထိုင်ရာမှ ဖြည်းညှင်းစွာထ
“ကျနော်တို့ တော်လှန်ရေး
အာဏာရှင်တွေ နောက်ဆုံးနေ့အထိ”
စသည်ဖြင့် ပြောကြား
အားလုံးငြိမ်သက်နားထောင်နေကြတယ်။
အခန်းထဲမှာ
အကျဉ်းထောင်က ပြေးထွက်လာတဲ့
ဗိုလ်ချုပ်ရဲ့ မိန့်ခွန်းတွေ
သတ္တိဗုံးကို နှောင်ထုံးခတ်
ပတ်ကြားအက်နေတဲံ ရန်သူ့မျက်နှာတွေ
အဲဒီမှာ ... အရိုးစုတခုက လက်သီးဆုပ်
သူ့နှုတ်က တိုးတိုးလေးပြော
“တောက အဖေနဲ့အမေတော့
ကျနော့်ကို မျှော်နေကြတော့မယ်ဗျာ”
ကြေကွဲစွာ သူ့မျက်လုံးပေါက်တဲက
မျက်ရည်ဖြူတစက်
စီးသက်ကျလာတယ်။

(၅)
ငါတို့ကျောင်းတော်ကြီးရဲ့
ပရ၀ဏ် အ၀င်အထွက်လမ်းတွေမှာ
အချုပ်ကားပြာပြာကြီးတွေ
ဒရကြမ်းနှင်နေကြတယ်။
အဲဒီကားကြီးတွေထဲမှာ
“ကမ္ဘာမကြေ၊ ဗမာပြေ .. ဒါတို့ပြေ
ဒါတို့ပြေ ..တို့ပိုင်တဲ့ မြေ” ဆိုတဲ့
တေးသံသာယာ
ညီညာစွာ ပဲ့တင်ပေါ်ထွက်
ကျောင်းသားလက်တွေ သွေးစိမ့်ယိုစီးခဲ့ပြီ
အချုပ်ကားပြာပြာကြီးရဲ့ ဦးထိပ်မှာ
သူတို့ရဲ့ တံဆိပ် ... တို့ရဲ့အလံ
ဦးခေါင်းခွံမှာ အရိုးနှစ်ချောင်း ကန့်လန့်ဖြတ်ထားတဲ့ သဏ္ဍန်သာ ဖြစ်တယ်။
ကျောင်းခေါင်းလောင်းအိုကြီးဟာ
ထွက်ခွာသွားတဲ့ အချုပ်ကားနောက်
ပြေးလိုက်ခလုပ်တိုက်ပြီး လဲပြိုကျ
ချိုလွင်ရှတတဲ့ ခေါင်းလောင်းသံထွက်ရမယ့်အစား
“သားရေ အမေ လိုက်ရှာနေတယ်လေ .. သားရေ”
ဆိုတဲ့ ငိုရှိုက်ညည်းတွားသံအဖြစ်နဲ့သာ
ရာဇ၀င်တုန်ခါအောင် မြည်ဟည်းလာခဲ့ပြီ။

(၆)
ငါတို့ကျောင်းတော်ကြီးရဲ့
နီမောင်းသောလမ်းကြီး၊ လမ်းငယ်များမှာ
ဒေါင်းအလံတလူလူလွှင့်ထူလို့
ကျောင်းသားတွေ ချီလာပါပြီ
ရင်တအုံလုံးပွင့်ထွက်နေတဲ့ ကျောင်းသားက
ရှေ့ဆုံကအလံကိုင်ပြီး သွေးပွက်ပွက်အန်ထွက်နေတဲ့
ကျောင်းသားတွေက
နောက်က ချီတက်လိုက်ပါလာတယ်။
“ဒီမိုကရေစီရရှိရေး ... တို့အရေး”
“အာဏာရှင်စနစ်ကျဆုံးရေး ... တို့အရေး” တဲ့။
ကိုယ့်ကိုယ်ကိုယ် တခါတည်း အသုဘချရင်း
တိုက်ပွဲဝင်ခဲ့ကြရတဲံ ငါတို့ရဲ့တော်လှန်ရေး
ဘယ်တော့မှ ... အရှုံးမပေးဘူးဟေ့ ...
သေနတ်သံတချက်ဖောက်ရင်
ရာဇပလ္လင်မီးဟုန်းဟုန်းတောက်သွားမယ် ...
နောက်ဆုံးနေ့အထိ ...

(၇)
ငိုက်မြည်းနေတဲ့ အင်းလျားရေပြင်ဟာ
ရုတ်တရက် ရဲရဲနီစွေးသွားတယ်။
ချက်ခြင်းပဲ ရေငွေ့ပျံတက်
ကောင်းကင်ထက်မှာ တိမ်အဖြစ် မိုးစက်ခို
ကျောင်းတော်ကြီးကို မိုးသွေးတွေ ပြန်ရွာချ
လျှပ်တွေပြက်၊ မိုးတွေခြိမ်း ... ... ...
ဒိန်းဒုံး ဆူညံသွားတယ် ...
အဲဒီအခါ ... ကျောင်းတော်မှာ ...
ပန်းတွေ ဖျတ်ကနဲ ပွင့်ကြ
ငှက်ဆိုးတွေ ဝေါကနဲ ထပျံကြ
သစ်ရွက်တွေ တလက်လက်တောက်ပကြ
ခုံတန်းလျားတွေ အုတ်ဂူအဖြစ်ပြောင်းလဲကြ
မြေကြီးတွေ တုန်ခါတော်လဲကြ
တို့အရေး .. တို့အရေး .. တို့အရေး .. တို့အရေး
ကြွေးကြော်သံတွေနဲ့
ဗမာပြည်ကြီး တ၀ုန်းဝုန်းရုန်းကန်
နိုးထပြီး နောက်ဆုံးငြိမ်သက်သွားတဲ့အခါ
ငါတို့ကျောင်းတော်ကြီးဟာ ... ...
တလဲ့လဲ့ တ၀င်းဝင်း
သွေးနီရောင် တောက်ပခါ ...
အာဇာနည် သူရဲကောင်းတို့ရဲ့
ဂူဗိမာန်ကြီးပမာသာ တည်ရှိနေပါတော့တယ် ...။

(၈)
ကျောင်းသားတွေနဲ့ ကျောင်းတော်ကြီးကြား
ခု ... သွေးပင်လယ်ကြီးခြားနေပါပြီ ...
“ကျောင်းဖွင့်ပြီ” ဆိုတဲ့ အာဏာရှင်တွေဟာ
သွေးပင်လယ်ကြီးကို ကျော်နင်း
ထုံးတံတားကြီးကို ကျော်ခင်းပေးတယ်။
တချို့တွေက ကျောင်းတက်လာကြလိမ့်မယ် ...
အဲဒီထဲက တချို့ဟာ ...
“အကြောင်းကြောင်းကြောင့်ပါ” လို့
စိတ်မကောင်းစွာပြောရင်း ...
ထုံးတံတားကို လျှောက်နင်း ...
ကျောင်းခန်းအတွင်း ၀တ္တရားအရထိုင်
ငါတို့ ... နားလည်ခွင့်လွှတ်နိုင်ပါတယ် ...
တချို့ကတော့ ...
“ဂုဏ်တုဂုဏ်ပြိုင်” ကောင်းကြောင်းပြောရင်း
ထုံးနံ့သင်းတဲ့ ပန်းခင်းကိုဖြတ် ...
ရီးစားထားဖို့ ကျောင်းပြန်တက်လိမ့်မယ်။
အဲဒီလို ... လူစားတွေကိုတော့ ...
ငါတို့က ခွင့်လွှတ်သည့်တိုင်အောင်
ရာဇ၀င်က ခွင့်မလွှတ်သရွေ့
သူတို့ဟာ ... သမိုင်းမှာ ...
“သစ္စာဖောက်” များသာဖြစ်တယ်။

(၉)
ကျောင်းသားနဲ့ကျောင်း
တနေ့တော့ ပေါင်းရမှာပဲ
ငါတို့တွေ သွေးပင်လယ်ကို ဖြတ်ကူးပြီး
ကျောင်းကြီးဆီ အရောက်သွားကြမယ်။
သွေးပင်လယ်ကြီးဟာ
တငွေ့ငွေ့ပူခြစ် ဆူပွက်
ထက်ကောင်းကင် မုန်တိုင်းတို့ အစပျိုး
သွေးလှိုင်းတံပိုး တ၀ုန်းဝုန်းပြင်းထန်
ငါတို့တွေ
ငါတို့တွေ လှည့်မပြန်ဘူး၊
ငါတို့ထဲက တချို့ဟာ ...
ကိုယ့်အရိုးကိုယ်ချိုး လှေအဖြစ်ထွင်းထု
ငါတို့အထဲက တချို့ဟာ ...
ကိုယ့်အသားကိုယ်လှီး လှေနံရံအဖြစ် ခင်းရိုက်
ငါတို့အထဲက တချို့ဟာ ...
ကိုယ့်လက်ဖ၀ါး ကိုယ်ရိုက်ဖြတ်
လှေရွက်အဖြစ် စပ်ချုပ်
မုန်တိုင်းကို ခွဲဝင်
သွေးပင်လယ်ကို ဖြတ်ပြီး
ကျောင်းတော်ကြီးဆီသွားဖို့
လုပ်နေတယ်...။

(၁၀)
နောက်ဆုံးမှာ ...
ဒေါင်းအလံကို ... ဇြောင်းဆန်အောင် လွှင့်ထူရင်း
အမှန်တရားတခုထံ
ငါတို့ သစ္စာအဓိဌာန်ပြု
အို ... သူရဲကောင်းတို့
အို ... ကျဆုံးခဲ့လေသော
ဒီမိုကရေစီ တိုက်ပွဲဝင်
သူငယ်ချင်းဟောင်း ...
သူရဲကောင်းတို့
ထာဝစဉ်မပျက်ပြယ်နိုင်လောက်အောင်
မြင့်မြတ်စွာ ကျဆုံးခဲ့သော ...
သင်တို့၏၀ိညာဉ်တန်ခိုးတော်များသည်
ငါတို့၏ရှေ့နောက်ဝဲယာ ...
ထက်အောက်ဝန်းကျင်၌
ပျံ့နှံ့တည်ရှိကြကုန်တော့၏။
ထိုသော ...
သင်တို့၏၀ိညာဉ်တန်ခိုးတော်များသည်
ငါတို့၏ခန္ဓာကိုယ်နေရာအနှံ့အပြားသို့
ထိုးဖောက်ယိုစိမ့်စီးဝင်ကာ
ရဲရင့်ခြင်းမှာ ငါတို့အားဖြစ်တည်စေတော့၏။
အို ... သူရဲကောင်းတို့
အို ... ကျဆုံးလေသော
ဒီမိုကရေစီတိုက်ပွဲဝင်
သူငယ်ချင်းဟောင်း သူရဲကောင်းတို့
ဗမာပြည်ကို ရှိခိုးကာ
ဤသွေးပင်လယ်အား
ငါတို့ ဖြတ်ကူအံ့
မိုးလုံးပြည်ကောင်းချီးသြဘာပေးသံများကြားမှာ
ငါတို့၏ အရေးတော်ပုံ အောင်မြင်ပါစေသတည်း။ ။


(ရွှေဘုန်းလူ)