ပြန်ပေးဆွဲခံထားရတဲ့ ဒုက္ခသည် စခန်းကြီးတစ်ခု (နှင်းခါးမိုး)
ကလေးတွေအတွက်
စာသင်ခုံတွေ အလုံအလောက်မရှိပေမယ့်
အလုပ်လက်မဲ့တွေအတွက်
ဘိလိယက်ခုံတွေ အလုံအလောက်ရှိတယ်။
အဲဒီမှာ...
ကမ္ဘာကြီးနဲ့ ဝင်ဆန့် နိုင်ဖို
့အင်တာနက်ကဖေးတွေ မရှိပေမယ့်
ကိုယ့်နွားခြေရာခွက်ထဲမှာတကိုယ်တော်ရွက်လွှင့်ဖို့
စည်ဘီယာဆိုင်တွေ ရှိတယ်။
အဲဒီမှာ...
အိပ်မက်တွေအတွက်မနက်ြဖန်မရှိပေမယ့်
ဒီနေ့အတွက်နှစ်လုံးထီရှိတယ်။
အဲဒီမှာ...
ရိုးရိုးကျင့် မြင့်မြင့်ကြံဖို့
ကောင်းရောင်းကောင်းဝယ် ဈေးကွက်မရှိပေမယ့်
ဒီကွေ့ ဒီတက်နဲ့ လှော်ဖို့အပေါင်ဆိုင်တွေ ရှိတယ်။
အဲဒီမှာ...
မရှိပေမယ့်.. မရှိပေမယ့်
ရှိတယ်..ရှိတယ်..ရှိတယ်။
ခေတ်မီ တိုက်လေယာဉ်ကြီးတွေရှိတယ်...ကြံ့ဖွံ့ရှိတယ်...
ဖယောင်းတိုင်ရှိတယ်ကြားကားရှိတယ်...
ဂြိုဟ်တုလောင်းကစားရှိတယ်
ဘောလုံးနဲ့ ဘင်လာဒင်ကို
ဘုရားစင်မှာတင်ထားတဲ့ ဂျာနယ်တွေရှိတယ်
ဖာခန်းဖွင့်စားတဲ့
ကြယ်ငါးပွင့်ဟိုတယ်ကြီးတွေရှိတယ်။
ပြီးတော့...
သေနတ်နဲ့ ပိုက်ဆံပေါင်းထားတဲ့
တရားဥပဒေရှိတယ်
ရေဒီယိုနဲ့ ကောလာဟာလပေါင်းထားတဲ့
မျှော်တလင့်လင့်နိုင်ငံရေးရှိတယ်
စာပေစိစစ်ရေးနဲ့ ထောင် ပေါင်းထားတဲ့
စာနယ်ဇင်းလွတ်လပ်ခွင့်ရှိတယ်။
ပြီးတော့...
ဗိုလ်ချုပ်ကြီးတွေက... အပီခိုးသွားတယ်...
လူအုပ်ကြီးတွေက...ဆီတိုးစားတယ်...
အမှားတွေပျောက်မလားလို့တံတားတွေဆောက်ထားတာ ရှိတယ်။
မြို့ပြင်လယ်ကွင်းပြင်ကြီးထဲ ထုတ်ထားတဲ့တက္ကသိုလ်ကောလိပ်ကြီးတွေနဲ့
ဆရာတွေ လက်ပတ်ဝတ်ကင်းစောင့်နေတဲ့
အေးချမ်းစွာပညာသင်ကြားရေး ရှိတယ်။
ပြီးတော့ ...
အိမ်ထဲကအိမ်ပြင်မထွက်ရတဲ့ လူတစ်ယောက်နဲ့
အိမ်ထဲကအိမ်ပြင်မထွက်ရဲတဲ့ လူတစ်ယောက်ရှိတယ်။
ပြီးတော့ ...
တရုတ်တန်းဖြစ်သွားတဲ့နန်းတော်တစ်ခုရှိတယ်။
နှင်းခါးမိုး
(ကဗျာရွတ်သံနားဆင်ရန်)
မင်းကိုလောကကြီးကစောင့်ကြည့်နေတယ်
ငြိမ်အီမနေစမ်းပါနဲ့
စုန်ရဲဆန်ရဲတဲ့ မြစ်တစ်မြစ်အဖြစ်
ကိုယ့်မာန်ကိုယ်သွေး
ခပ်ဝေးဝေး လှမ်းကြည့်လိုက်စမ်းပါ...
ဝါးမျှစ်စို့တိုင်း
မြေကိုတိုးထွက်ခဲ့ကြတယ်
လောကကို ရင်မဆိုင်ရဲတဲ့သစ်စေ့ဟာ
အမှိုက် ယက်ရှာတဲ့
ကြက်တစ်ကောင်ရဲ့ နှုတ်သီးဖျားမှာ
လည်စင်းပေးလိုက်ရမှာပဲ။
တောက်ပခဲ့ဖူးတဲ့
ရှေးရှေးက ကြယ်ပွင့်များ
အတိတ်ည ရှည်ရှည်တွေကို
ဘယ်ပုံဘယ်နည်း ဖြတ်သန်းခဲ့ကြသလဲ
ကိုယ်တိုင် ကြုံတွေ့နေရတဲ့ ညမှာ
ကိုယ်တိုင် အလင်းဆုံး ကြယ်တစ်ပွင့်
မဖြစ်သင့်ဘူးလား
ရှည်ရှည်ဝေးဝေး စဉ်းစားစရာမလိုတဲ့
အဖြေမှန်တစ်ခု မင်းရင်ထဲ
အသေအချာရှိနေမယ်ဆိုတာ ယုံတယ်။
ခေတ်က မြန်လွန်းတယ်...
တကယ်တော့ နည်းပညာတွေရဲ့ နှုန်းစံနဲ့
ခေတ်က လိုက်မြန်နေရတာပါ
အရှိန်နဲ့ပြန့်ကားနေတဲ့ ရဲရင့်မှုတွေထဲ
စိမ့်ဝင်နိုင်ဖို့ရာ ဘွာမခတ်မိစေနဲ့
တစ်ထစ်ချင်း နင်းတက်စမ်းပါ...။
“မစူးစမ်းတဲ့အရွယ်
ရူးနှမ်းနှမ်း အရွယ်ပါတဲ့”
မင်းနားတွေကို ပိတ်ထားလိုက်...
အထင်သေး အမြင်သေး အကြည့်အပြောတွေ
မင်း တည့်တည့်က အဆို့အပိတ်တွေကို
တွန်းတိုးဖောက်ထွက်လိုက်
နှင်းဆီတွေခင်းထားတဲ့ အရုဏ်သစ်
အရှေ့မိုးကောင်းကင်မှာ ၀င်းဝင်းပြက်ပြက်
မင်းယုံကြည်ရာ မုခ်ဦးမှာ
ပန်းဝတ်မှုံတွေ ထုံမွှေးနေမှာ...။
စိတ်ရိုင်းကို အလိုလိုက်တာ
ကိုယ့်ပဲ့ကို ကိုယ်ဖြုတ်ချလိုက်တာပဲ
မြားရွက်နောက်မြီး မပါရင်တော့
ဘယ်လောက်ချွန်ချွန် ဘယ်လောက်ဖြောင့်ဖြောင့်
ဘယ်ပစ်မှတ်ကို စိုက်မှာလဲ
အပျင်းဓာတ်ကလည်း
မင်းသွေးစီးနှုန်းတွေကို နှေးစေတဲ့
ခပ်ဆိမ့်ဆိမ့် အဆိပ်ပြင်းပဲ
ညံ့ဖျင်းမှုဆိုတာ
အစာမတပ်ဘဲ ရေထဲချထားတဲ့
မင်းရဲ့ ငါးမျှားချိတ်
တစ်နေ့မှာ ကိုယ့်အလွမ်းမှားတွေနဲ့
ကိုယ်ပဲ ရှက်သွေးမဖြာရအောင်
ကိုယ့်ကိုယ်ကိုယ် လှုပ်နိုးရမှာပေါ့။
မင်းရဲ့ တင်းတင်းဆုပ်မိတဲ့ လက်တွေ
မင်းရဲ့ တင်းတင်းကြုတ်မိတဲ့ မျက်မှောင်တွေ
မင်းရဲ့ တင်းတင်းစေ့မိတဲ့ နှုတ်ခမ်းတွေ
မင်းရဲ့ တိတ်ဆိတ်စွာ ပေါက်ကွဲမှုတွေ
မင်းဆက်မယ့် ခြေလှမ်းတွေထဲ အားဖြည့်ဆေးအဖြစ်
ခပ်သာသာ ပြောင်းလဲပစ်လိုက်ပါ။
မီးမနာတဲ့ ဓား
အသွားပဲ့မြန်သတဲ့
ခြေဖ၀ါး မြေစားလို့ပွန်းရော့
အမာရွတ်တိုင်းမှာ သင်ခန်းစာရှိရမယ်
သံလွင်တစ်ခက်အတွက်
ချွေးစက်ကုဋေ ခြွေရဲဖို့
မင်းမျက်ဝန်းထဲ မီးစုန်းတွေထည့်လို့
အမှောင်ဆိုတာ အရောင်တစ်ရောင်ပဲ
မဖြစ်မနေ နှိုက်ရမယ့် မဲလိပ်ထဲ... စိတ်ချ
ကံတရား တစ်ခုတော့ ပါလိမ့်မယ်။
ကျောက်ဘယ်လောက်မာမာ
ခတ်တတ်မှလည်း မီးပွင့်တယ်
ဆီးဆူး ဆီးချွန် ခံဆူး ခံချွန်တဲ့
သောင်ပြင်ပေါ် မှောက်လျက်လဲ
ခပ်ယို့ယို့ ပြန်သွားတဲ့ လှိုင်းညံ့တွေလို
မင်း မညွတ်ခွေဖို့တော့ လိုတယ်
ပဉ္စလက် မာယာတွေ ပွက်ထ
ညှို့ကွက်တွေ ရှို့ချက်တွေ လျှို့ဝှက်တွေပြွမ်းလို့
မင်းဦးနှောက်ထဲ အချက်ပြ ခေါင်းလောင်းထည့်ခဲ့
ပြီးတော့... ရှေ့ပဲ တွင်တွင်တိုး ပြီးတော့... ထပ်ပြီးတိုး
အရွဲ့မတိုက်နဲ့ အတည့်တိုက်
မင်းရဲ့ ယုံကြည်ချက် သစ္စာတရားတွေ
မင်းအပေါ် ထိန်ထိန်ညီးစေရမယ်။
သစ်တောကြီးတွေနဲ့ ဝေးရာမှာ
တစ်ပင်တည်း ထီးထီးပေါက်နေတဲ့
ဝက်သစ်ချပင်ရဲ့ ကြံ့ခိုင်မှုမျိုး
မင်း အသည်းညွန့်မှာ ကွန့်မြူးပါစေ
လေယာဉ်ပျံ ထိုးဖောက်သွားတဲ့ တိမ်မဖြစ်ရ
တိမ်တိုက်တိုင်းကို ဖောက်ထွက်မယ့် လေယာဉ်ပျံဘဝ
မင်း ရွေးချယ်မှုက
မင်း စံမြန်းရမယ့် ရဲတိုက်ဗိမာန်
မင်းကို လောကကြီးက
လက်ခုပ်သြဘာပေးဖို့ မျှော်လင့်တကြီး
စောင့်ကြည့်နေတယ်။
တိုးဝေ
နှင်းဆီလွင်ပြင်
ကြားနေရတယ်
ဘုရားတန်ဆောင်း မဟုတ်တာတော့သေချာတယ်
ဖျာတစ်ချပ်တော့ ရှိရဲ့
ပုပ်အဲ့အဲ့ အနံ့တချို့လဲရှိ
ဆွံ့အအ အလင်းတချို့လဲ ရှိနေတဲ့ ဒီအခန်း
ကြမ်းပြင်က အေးစက်စက် စွတ်စို
တံခါးရွက်ကို သွပ်ပြားတစ်ချပ်နဲ့
ထပ်ကာထားတယ်။
တခြားအခန်းတွေကို စကားလှမ်းမပြောရဲဝံ့တဲ့
ရမ်းကားတင်းမာလွန်းတဲ့ လေသံတွေ
တံခါးသော့ခတ်သံ ခပ်ကြမ်းကြမ်း
လျှောက်ထွက်သွားတဲ့ဖိနပ်သံတွေ ဝေးသွား၊
သွပ်ပြားပေါက်ကြားက ချောင်းကြည့်
သူတို့လဲကျုပ်ဖက်ကို ကြည့်နေကြ၊
ဒုက္ခသည်အသစ်ကို စိတ်မကောင်းစွာကြိုဆိုနေကြတာ၊
သူတို့ မျက်နှာတွေပေါ်မှာ
ဂုဏ်ယူတာလဲပါ၊နွေးထွေးခြင်းလဲပါ၊
ဒါ မဟာကာလ ငရဲရဲ့ ရင်ကွဲတိုက်ပါ မိတ်ဆွေ။
မှေးကနဲ အိပ်ပျော်သွားတော့
အားလုံးကောင်းကြရဲ့လား
ငှက်ဆိုးတစ်ကောင်ရဲ့ မေးသံနဲ့ လန့်နိုးလာတယ်၊
ကျုပ်ဘေးမှာ လူတစ်ယောက်ရောက်နေသလိုမျိုး
အိုး... ကာနယ်ချစ်ကောင်းပါလား၊
စာအုပ်အဟောင်းတစ်အုပ်ကို လှမ်းပေး၊
ကျနော်ရေးတဲ့ အနှစ်နှစ်ဆယ်လေတဲ့
ချစ်စရာကောင်းတဲ့ အပြုံးမျိုးနဲ့
သခင်သာခင်ရဲ့ လူဖမ်းနှုန်း
အခုထိ ကြမ်းတုန်းပါလားဗျ။
အားရပါးရ ဟားတိုက်ရယ်၊
ပြီးတော့ ပြန်တည်သွားတယ်
မြန်မာပြည်သစ်ကို ဆက်ဆောက်ပါ ရဲဘော်တဲ့၊
ကျုပ်လက်ကို ကျစ်ကျစ်ပါအောင် ဆွဲကိုင်နှုတ်ဆက်
အခန်းထဲကနေ လှမ်းထွက်သွားတယ်၊
အိပ်မလို့ လှဲနေတုန်း
ခပ်ပြုံးပြုံးဝင်လာသူက ကိုဗဟိန်း
မင်္ဂလာပါ ရဲဘော်၊
ကျနော်နဲ့ အတူ ကိုဖုန်းမော်၊ ကိုအောင်ကျော်တို့လဲပါတယ်၊
တကသ ဘယ်တော့လောက် ပြန်ဆောက်ကျမလဲ
အာရှနဲ့ ပစ္စိဖိတ်တက္ကသိုလ်၊
နိုင်ငံတကာ အဆင့်မြင့် နည်းပညာ ဗဟို
သစ်ပုပ်ပင်အိုဘေးမှာ ဆောက်ချင်တယ်ဗျာ၊
ဒါ ကျနော်တို့ရဲ့ အပြင်းပြဆုံး ဆန္ဒပါ၊
ရဲဘော်တို့ရဲ့ဒီဇင်္ဘာ
အားလုံးကိုလဲလုံးဝ ဂုဏ်ယူပါတယ်ဗျာ၊
ကြင်နာစွာ ပွေ့ဖက်နှုတ်ဆက်
တယောပြားတစ်လက်ကို တီးခတ်ရင်း
ကျုပ်ကို ဒို့ဗမာ သီချင်းတက်ပေးသွားတယ်။
ဘာသံတွေပါလိမ့် ဒီဘက်ကို လာနေတာ
သခင် ဖိုးလှကြီး မဟုတ်လား၊
အိပ်ပျော်ရဲ့လား ကိုရင်ကျုပ်ဝင်ခဲ့မယ်နော်တဲ့
ဆင်မလိုက်နဲ့ သမိုင်းက လူတွေ
ကျုပ်နဲ့အတူ မနက်ဖြန်မနက် ချီကာဂိုကိုချီတက်ကြတော့မှာ
နိုင်ငံတကာ အလုပ်သမားမိတ်ဆွေအတွက်
ကိုရင်ရဲ့ နှုတ်ဆက်သ၀ဏ်လွှာ
ကျုပ်ယူသွားချင်တယ်ဗျာ။
ကျေးဇူးတင်လိုက်တာ အာဠာဝကကြီးရယ်
ရေးမယ် ကျနော်ရေးမယ်
တန်ဖိုးတံတား နက်နက်ရှိုင်းရှိုင်းကို ရေးမယ်
သမိုင်းဘီးဟာ ဘယ်တော့မှ နောက်ပြန်မလှည့်ဘူးဆိုတာ
ရိုးပြတ်နံ့တွေ ကျုပ်အခန်းထဲ
ရုတ်တရက်ရောက်လာလေသလား
သိပ်ဟုတ်တာပေါ့ဗျာ။
ခင်ဗျားအိပ်တဲ့အခန်းနွေးအောင်
“ကျုပ်လက်ဆောင်အဖြစ်ကောက်လှိုင်းသစ် တစ်ထုံးယူခဲ့တယ်”
အသေအချာလှည့်ကြည့်လိုက်တော့ ဆရာစံ
ဆေးတံကို ခဲရင်း
ဘုရင်ခံ ဆာဂျေအေမောင်ကြီး
အသက်ဘယ်လောက်ကြီးကြီး
လက်သံကတော့ ပြောင်ဆဲပဲနော်။
ကျောက်ကုန်းပေါ်က အရေစုတ်အောင်နံပါတ်တုတ်နဲ့
အရိုက်ခံရဆုံးလူဟာကျုပ်တို့ပဲ ဆက်ဖြစ်နေတာ
ဂလိုဘယ်ရွာမှာ ဘယ်လို စဉ်းစားကြမလဲ
ခင်ဗျားနဲ့ တိုင်ပင်ချင်သဗျာ၊
ပါလာတဲ့ ကောက်ညှင်းပေါင်းထုပ်ဖြေကျွေးရင်း
မိုးလင်းလုထိ ထိုင်ပြီးဆွေးနွေးဖြစ်ကြတယ
်“သား.. နိုးပြီလား”တဲ့
ကရုဏာအပြည့်နဲ့ ဒီအသံ
ဟန်ဆောင်မှုကင်းတဲ့ ဒီရုပ်သွင်
ကျုပ်နှလုံးသားထဲ အမြဲရှင်သန်နေတဲ့ဆရာကြီးမှိုင်း
ကဗျာကယာထပြီး ခြေအစုံကို ကန်တော့မိ
“ဒီမိုကရေစီမရှိရင် ငြိမ်းချမ်းရေး မရှိနိုင်ဘူးသား
ပန်းတိုင်မရောက်ရောက်အောင်သွားကြ
အရိုးသားဆုံး ဆွေးနွေးကြကွာ”တဲ့
ဆရာမှိုင်းရဲ့ အမှာစကား
ဆရာမှိုင်း သင်္ကေတကြားမှာ
အသက်ဝင်ရွေ့လျားနှင်းဆီတစ်ပွင့်ဖြစ်သွားတယ်။
တစ်ပွင့်၊ နှစ်ပွင့်၊ သုံးပွင့်
တစ်ပွင့်ပြီး တစ်ပွင့်ဆင့်ဆင့်ပြီးပွင့်လာလိုက်တာ
ဟောဒီအရုဏ်ဦးမှာကျုပ်အခန်းဟာ
နှင်းဆီလွင်ပြင်ဖြစ်သွားတယ်။
ခဏအကြာမှာတော့ မျက်စိရှေ့မှာတင်ပဲ
နံရံတွေ ပြိုလဲကျ၊
သံတိုင်ညိုတွေ ကျိုးပြတ်ပျော့ခွေ
အရုပ်ဆိုးဆိုး အုတ်ရိုးမြင့်ကြီးတွေတောင်တစစီ ကြေမွပြုတ်ထွက်
နံနက်ခင်းနေခြည်အောက်မှာတော
့မြင်ကွင်းအားလုံး တောက်ပ ရွှန်းလဲ့
အောင်စည်ရွှမ်းသံ လွှင့်လွှင့်ပျံ
မိုးယံသိမ့်သိမ့်သာတော့တယ်။
ဇွန်မှိုင်း
ဒီဇင်္ဘာ၂၀ ရက်၏ တမ်းခြင်း သို့ မဟုတ် ရဲဘော်ရဲ့ ကဗျာ
ငါ့ရဲ့ နှုတ်ခမ်းဟာ
ဖြန်းခနဲကွဲထွက်ပြီး
သွေးအစက်စက် စီးလိမ့်လာတယ်။
ငါ အံကိုကြိတ်ပြီး
လက်သီးကျစ်ကျစ်ဆုတ်မိတယ်
ဒီနေရာမှာ
ရဲဘော်ဟာ ကျဆုံးခဲ့တယ်။
ကတ္တရာလမ်းကိုခွာ
ရာဇ၀င်ရေးအရ
သုတေသန လုပ်ရင်
ရဲဘော်ရဲ့ ဂုဏ်ပုဒ်ကို တွေ့ ရမယ်။
ဘယ်သူငြင်းနိုင်သလဲ
စီးဆင်းခဲ့တဲ့ ရဲဘော်ရဲ့သွေးတွေအကြောင်း။
စပါးတားကပ်ရဲ့ ဂုဏ်ရောင်
ကုန်းဘောင်သူပုန် ဂဠုန်ဆရာစံ
ငုယင်ဗန်ထရွိုင်း အတိုင်းမသိသော
ချေဂွေဗားရား စသော
အာဇာနည် ရာထောင်သောင်းတို့ နှင့်အတူ
တရားတဲ့ပြည်သူတွေရဲ့ တိုက်ပွဲမှာ
ရဲဘော်ရဲ့သွေးဟာ နီရဲခဲ့တယ်
သူတို့် က ရဲဘော်ရဲ့ ဂုဏ်အထူးထူးကို
ဖော်ကျူးဖို့ ငြင်းဆန်ကြတယ်။
ဘယ်သူတွေရှိဦးမလဲ
ရဲဘော်မုန်းခဲ့တဲ့သူတွေ။
သူတို့ မုန်းတာကို
ရဲဘော်က စိမ်းကားတဲ့အပြုံးနဲ့ 
ပြုံးမှာပဲ၊ ယုံတယ်။
ပြည်သူချစ်တဲ့ အာဇာနည်အနှစ်ဟာ
ဘယ်ခေတ်မှာမဆို နုပျိုလန်းဆန်းနေမှာပဲ
မုချယုံတယ်။
ဗိုလ်အောင်ကျော်
ရဲဘော်
ဒီနေရာမှာ
တို့ ဟာ စာရွက်တွေဝေဖူးတယ်။
ရဲဘော်ရဲ့တိုက်ပွဲ
ရဲဘော်ရဲ့ တရားတဲ့တိုက်ပွဲတွေအကြောင်း။
ဒီနေရာကိုလာပြီး
ရဲဘော်စီးဆင်းခဲ့တဲ့
နီရဲတဲ့သွေးစက်တွေပေါ်မှာ
ငါ့ ဖြူဖပ်ရော်တဲ့
မျက်ရည်နဲ့ 
သူရသတ္တိမဲ့တဲ့ ရှိုက်သံနဲ
့ရဲဘော်ရဲ့ ဂုဏ်အခန်ခန်းကို
ညစ်နွမ်းအောင် ငါမလုပ်ဘူး။
ကဗျာတစ်ပုဒ်
ဟုတ်တယ်၊ ငါ့ကဗျာတစ်ပုဒ်
ရဲဘော်ရဲ့ဂုဏ်ပုဒ်ကို
ဖော်ထုတ်ဖို့ ကြိုးပမ်းတဲ့ ကဗျာတစ်ပုဒ်။
လက်ခံပါရဲဘော် အော်ဟစ်ပြီး ငါပန်ကြားတယ်။
ဒီကဗျာဟာ ငါ့ကဗျာမဟုတ်ဘူး။
ပြန်ငြင်းပါရစေ
ဖတ်ကြည့်စမ်းလေ
စေးထန်းတဲ့ သွေးစက်တွေရယ် ဘယ်သူ့ သွေးလဲ
ရဲဘော်ရဲ့ပူနွေးတဲ့သွေးတွေ
မခြောက်သေးတဲ့ သွေးအစက်စက်နဲ့ 
ရဲရဲ လက်လက် သီယှက်ထားတဲ့
ရဲဘော်ရဲ့ ကဗျာပါလား။ ။
မောင်လေးအောင်
၁၉၆၉ ခု၊ ဒီဇင်ဘာလ ၊မိုးဝေစာပေ မဂ္ဂဇင်း
မိုးရာသီသုံးခု၊ ရန်ကုန်တိမ်နဲ့ ဂေါဝိန်လုပ်ကဗျာ
(၁)
ကိုယ့်ဘာသာ ပြန်မေးစမ်းကြည့်မိတယ်။
ကျနော်ဘယ်တုန်းကစလို့ “ကဗျာ” နဲ့ယဉ်ပါးခဲ့တာလဲလို့။
တိတိကျကျ သေးသေးစိတ်စိတ်တော့ မှတ်ဥာဏ်မှာပြန်ပေါ်လာဖို့ မလွယ်ကူလှဘူး။ ဒါပေမယ့် ကျေးလက်မှာ ကြီးပြင်းရတဲ့ လူတစ်ယောက်အနေနဲ့ မှန်းဆကြည့်ရင်တော့ ကျနော်ဟာ “လူလေးရယ်ငို၊ ခိုဖမ်းလို့ပေး” နဲ့ ပုခက်ထဲမှာ အိပ်စက်ခဲ့ရလိမ့်မယ်။
တောက်ဆတ်တောက်ဆတ် ပြေးရမောလို့ ငိုက်မြည်းနေရှာ “မိထ္ထီလာကန်တော်အောက်က ဖားကောက်ခဲ့ပါ” ကြားခဲ့ရပေလိမ့်မည်။
ကျောက်သင်ပုန်းသေးသေးလေး၊ တစ်ချပ်ထဲမှာ ကျောက်တံလေးကိုကိုင်လို့ ၀လုံးလေးဝိုင်းဝိုင်းရေးဖို့ ကြိုးစားနေစဉ်မှာ
“ညီပုလေးကို စာအံသင်
ရွှေခဲစာအံသင်
ညီလေးခင် စာပြန်တုန်း
ရွှေခဲစာပြန်တုန်း
ဝလုံးရေးဖို့ ညီလေးထိုင်
ရွှေခဲမရေးနိုင်
ငေးမှိုင်ရှာပေါ့ ကြက်တူရွေး
ရွှေခဲကြက်တူရွေး” လို့ အမေက ကျနော့်နံဘေးမှာ ကဗျာကိုတေးလိုဆိုလို့ အားပေးနေလိမ့်မည်။
ကမ်ရိုးတန်းဒေသ မိုးတွင်းကြီး လယ်ကွင်းထဲက ကျောင်းကိုတက်ရတဲ့ မူလတန်းဘ၀မှာ “ ၀ါဆိုဝါခေါင် ရေတွေကြီးလို့၊ သပြေသီးမှည့်ကောက်စို့ကွယ်” ကို အဖော်တစ်သိုက်နဲ့ ပျော်ပျော်ပိုက်ပိုက် သီဆိုဖူးခဲ့လိမ့်မယ်။
ဥပုသ်နေ့တွေမှာ အဖွားကဘုန်းကြီးကျောင်း သီလယူဖို့အသွား အတူမလိုက်ခဲ့ရမှာစိုးတာနဲ့ “မောင်မဆော့ပေါင် စိတပုတီးနဲ့ ဘုန်းတော်ကြီးလိုနေပါ့မယ်” လို့ဖွဲ့နွဲ့ခဲ့ဖူးပေလိမ့်မည်။ကဗျာကပေးတဲ့ “အသံ”၊ “ပျော်ရွှင်မှု” တွေနဲ့ကြီးပြင်းခွင့်ရရှိတဲ့အတွက် အမေ၊ အဖွားနဲ့ကျေးလက်ဒေသစရိုက်တွေကို ကျေးဇူးတင်ရပါတယ်။
ကဗျာဟာ ကျနော့်ကိုအနှီးတစ်ထည်လို ထုပ်ပိုးခဲ့။
ကျောက်သင်ပုန်းနဲ့ ကျောက်တံလေးလို လေ့ကျင့်သင်ကြားပေးခဲ့။
ခြေနှစ်ဖက်၊ လက်အစုံလို ရပ်နိုင် ကိုင်နိုင်အောင် အားမာန်အပြည့် ထည့်သွင်းတပ်ဆင်ပေးခဲ့။
(၂)
ကလေးဘ၀မှာ ကဗျာရွတ်သံတွေကြား ကြီးပြင်းလာခဲ့တဲ့ ကျနော်တို့ဟာ အထက်တန်းကျောင်းသား လူပျိုပေါက်ဘ၀ (၇၀)လွန်နှစ်များနောက်ပိုင်းမှာတော့ ကဗျာဖတ်ခြင်းကိုပဲ အားပြုခဲ့ကြရတယ်။ ကဗျာရဲ့ပုံသဏ္ဌန်တွေကလည်း ပြောင်းလဲလာခဲ့ပါပြီ။ လေးလုံးစပ်ဆိုတိုင်းလည်း ရွတ်လို့ကောင်းတာမဟုတ်။ ရတု၊ ရကန် ပုံသဏ္ဌန်မျိုးမှာလည်း စိတ်ကငြီးလေတော့ မဂ္ဂဇင်းပါ လွတ်လပ်ကဗျာတွေကိုပဲ အားထားဖတ်၊ ကြိုက်ရင်ကူးထား၊ အကြိမ်ကြိမ်ပြန်ဖတ်ကြ၊ လဲလှယ်ဖတ်ကြ၊ လက်တို့ဖတ်ကြနဲ့ ကျေနပ်နေခဲ့ကြတယ်။
ကဗျာရွတ်ဖတ်သံက ကျနော့်လို တောသားတစ်ယောက်ကို ကြက်သီးမွှေးညှင်းထသည်အထိ ခံစားလိုက်ရစေတာ ၁၉ရ၆ မိုးရာသီမှာပါ။ အဲဒီညနေမှာ ကျွန်တော် ရှော့စ်(shock)ရခဲ့ဖူးပါတယ်။
ညနေခင်းဟာ အုံ့မှိုင်းနေတယ်။
ကျနော်တို့ တစ်ယောက်ကိုတစ်ယောက် မမြင်ကြရဘူး။ ဒါပေမယ့် ကျနော်တို့ အတူတကွရှိနေကြတယ်ဆိုတာ အားလုံးသိကြတယ်။ ပုံမှန်သံနဲ့ပြောလို့ တစ်ယောက်စကား တစ်ယောက်မကြားပေမယ့် အသံကျယ်ကျယ်အော်ပြောရင်တော့ အတော်များများကြားကြရပါတယ်။ ပြောနေသူနဲ့ သိပ်လှမ်းသွားရင်တော့ ကြားချင်မှ ကြားရမယ်ပေါ့။ ဒါပေမယ့် ကျနော်တို့အားလုံး အတူတကွ ရှိနေကြတယ်လေ။
ကျနော်တို့အားလုံးဟာ နုနယ်ပျိုမြစ်တဲ့ လူငယ်လူရွယ်တွေဖြစ်ကြတယ်။ အဲဒီအချိန်လေးမှာ ကျနော်တို့အားလုံးဟာ ကိုယ့်အသိုက်အမြုံ ကိုယ့်ဝန်းကျင်က ကွဲကွာနေကြရသူချည်းဖြစ်တယ်။ ဒါပေမယ့် ကျနော်တို့ဟာ တစ်စုံတစ်ရာကို အာသာပြင်းပြင်း ငတ်မွတ်နေကြတယ်။ စူးစူးနစ်နစ် ယုံကြည်နေခဲ့ကြတယ်။ နုနယ်တဲ့ ခန္ဓာကိုယ်လေးတွေထဲမှာ စူးရှရှသွေးတွေ စီးမျောလှည့်လည်နေတယ်။ နောင်တတရားမလိုတဲ့ ချာတိတ်တစ်သိုက်ရဲ့ စိတ်တွေဟာ သံတဲုးသံခဲတွေလို မာရေကြောရေ ရှိလှတယ်။
အဲဒီညနေခင်းမှာ ကောင်းကင်ဟာတိမ်တောင်တိမ်လိပ်တွေနဲ့ ညိုညစ်လေးလံနေပေမယ့် မိုးမငြိမ်ဘူး။ တကယ့်တကယ် ဟိန်းဟိန်းညံညံ ခြိမ်းမာန်ပေးလိုက်တာက ကဗျာရွတ်သံပါ။ ရွတ်သူဟာ ကျနော်တို့အစ်ကိုကြီးလိုချစ်ခင်လေးစားတဲ့ “ကိုမှိုင်း” ၊ သူရွတ်တာ ကဗျာဆရာမောင်လေးအောင်ရဲ့ “ဒီဇင်္ဘာ ၂၀ရက်၏ တမ်းတခြင်း သို့မဟုတ် ရဲဘော်ရဲ့ကဗျာ”။ ၁၃၀၀ပြည့် အရေးတော်ပုံမှာ အင်္ဂလိပ်အာဏာရှင်တွေရဲ့ လက်ချက်နဲ့ကျဆုံးခဲ့ရရှာတဲ့ ကျောင်းသားခေါင်းဆောင် ဗိုလ်အောင်ကျော်ကို ဂုဏ်ပြုစပ်ဆိုထားတဲ့ ကဗျာပါ။
ကျနော်တို့ ရွတ်သူမျက်နှာကို မမြင်ရဘူး။ သူ့ရွတ်ဟန်ကို မတွေ့ရဘူး။ သူ့အသံချည်းသက်သက်သာ ကြားခွင့်ရခဲ့ကြတယ်။
တင်းတင်းကိုက်ထားတဲ့
ငါရဲ့နှုတ်ခမ်းဟာ
ဖြန်းကနဲကွဲထွက်ပြီး
သွေးစက်စက် စီးလိမ့်လာတယ်။
ငါ အံကိုကြိတ်ပြီး လက်သီးကျစ်ကျစ်ဆုပ်မိတယ်။
ကဗျာဆရာရဲ့ရင်ခေါင်းထဲက ထွက်လာတဲ့အသံဟာ မီးပေါင်ပြည့်ရထားတစ်စီး ကိုယ့်ဆီ တည့်တည့်မတ်မတ်ကြီး တိုးဝင်တိုက်ချလိုက်သလိုပါပဲ။ ကဗျာနတ်ဟာ ရွတ်ဆိုသူဆီမှာရော ကျနော်တို့ဆီမှာပါတစ်သားထဲ ပူးကပ်ဝင်ရောက်ခဲ့ပါပြီ။ တကယ်တော့ ဒီအခိုက်အတန့်လေးမှာ ကျနော်တို့အားလုံးဆီကို ကဗျာဆရာကိုယ်တိုင် ရောက်ချလာတာလဲဖြစ်နိုင်သလို သမိုင်းတစ်ခုလုံး ဆိုက်ရောက်လာတာလည်း ဖြစ်နိုင်ပါတယ်။ ရွတ်ဆိုသူဟာ စာရွက်ကိုကြည့်ပြီး ရွတ်နေတာမဟုတ်ဘူး။ အသည်းနှလုံးထဲမှာ ထွင်းထည့်ထားတဲ့ ခံစားမှုတွေကို အန်ထုတ်နေတာ။
စပါတာကပ်ရဲ့ ဂုဏ်ရောင်
ကုန်းဘောင်သူပုန် ဂဠုန်ဆရာစံ
ငုယင်ဗန်ထရွိုင်း အတိုင်းမသိသော
ချေဂွေဗားရား စသော
အာဇာနည် ရာထောင်သောင်းတို့နှင့်အတူ..
ကဗျာရွတ်သံဟာလမ်းမတွေကိုခွာပြီး သမိုင်းကိုတူးဖော်ပြနေတယ်။ သက္ကရာဇ်တွေနောက်ပြန်ရစ်ပြီး ပြနေတယ်။ အင်္ဂလိပ်နယ်ချဲ့ အာဏာရှင်ရဲ့ ဖိနှိပ်မှုကို အံတုဆန့်ကျင်ခဲ့တဲ့ ဗိုလ်အောင်ကျော်ရဲ့ ဂုဏ်အထူးထူးကို ဆက်ချီးကျူးခဲ့တယ်။
သူတို့မုန်းတာကို
ရဲဘော်က စိမ်းကားတဲ့အပြုံးနဲ့
ပြုံးမှာပဲ ယုံတယ်။
ပြည်သူချစ်တဲ့ အာဇာနည်အနှစ်ဟာ
ဘယ်ခေတ်မှာမဆို နုပျိုစိမ်းလန်းနေမှာပဲ
မုချယုံတယ်။
ဗိုလ်အောင်ကျော်
ရဲဘော်
ဒီနေရာမှာ
တို့ဟာ ရဲဘော်ကို အကြိမ်ကြိမ် ဂုဏ်ပြုဖူးတယ်။
ဗိုလ်အောင်ကျော်
ရဲဘော်
ဒီနေရာမှာ
တို့ဟာ စာရွက်တွေ ဝေခဲ့ဖူးတယ်။
နယ်ချဲ့ဆန့်ကျင်ရေး မြန်မာပြည်လွတ်လပ်ရေးအတွက် ခေတ်အဆက်ဆက်တိုက်ပွဲဝင်ခဲ့သော ပျိုမြစ်သူတို့ရဲ့သတ္တိသွေးနဲ့ရေးခဲ့တဲ့ မော်ကွန်းရုပ်ရှင်ဟာ နံရံတွေမှာ တဖြတ်ဖြတ် ထင်လာနေပါတော့တယ်။ အမှန်တရားအတွက် တော်လှန်ဝံ့သူ လူငယ်လေးတွေကို တိုက်ခိုက်ဖို့လာတဲ့ အင်္ဂလိပ်စစ်သားတွေရဲ့ ဘွတ်ဖိနပ်သံ၊ စစ်မြင်းခွာသံတွေ ဖြောင်းဖြောင်းညံလာခဲ့တယ်။
ငါ့ ဖြူဖပ်ရော်တဲ့
မျက်ရည်နဲ့
သူရ သတ္တိမဲ့တဲ့ ရှိုက်သံနဲ့
ရဲဘော်ရဲ့ဂုဏ်အခန်းခန်းကို
ငါ ညစ်နွမ်းအောင်မလုပ်ဘူး။
ကဗျာတစ်ပုဒ်
ဟုတ်တယ်၊ ငါ့ကဗျာတစ်ပုဒ်
ရဲဘော်ရဲ့ ဂုဏ်ပုဒ်ကို
ဖော်ထုတ်ဖို့ ကြိုးပမ်းတဲ့ကဗျာတစ်ပုဒ်။
လက်ခံပါရဲဘော်
အော်ဟစ်ပြီး ငါပန်ကြားတယ်။
ကဗျာရွတ်သံဟာ နံရံမြင့်မြင့်ကြီးတွေတောင် လွင့်ခါသွားတော့မတတ်၊ လှိုင်းပြင်းပြင်းနဲ့ လှိုက်လှိုက်ခါနေရာက ရပ်သွားတယ်။ ဒီအချိန်မှာ ဘယ်လိုမှမရပ်တန့်နိုင်တာက ကျနော်တို့ရင်ထဲက အကြီးအကျယ် တုန်ခါနေတဲ့ နှလုံးခုန်သံ၊ ကျနော်တို့ဟာ အတိတ်သမိုင်းဆီကိုခုချက်ချင်း ပြန်သွားခဲ့ကြတယ်။ ပြီးတော့ချက်ချင်းဆိုသလိုပဲ မျက်မှောက်ကို ပြန်ရာက်ခဲ့ကြရပြန်တယ်။ မြင်ခွင့်မရသေးတဲ့ အနာဂတ်ကို ဖိုးကပ်စ်(focus) လှမ်း ဖမ်းခဲ့ကြတယ်။ အဲဒီ အခိုက်အတန့်လေး အတောအတွင်းမှာ ကျနော်တို့ရင်ထဲဖြစ်ပျက်နေပုံကို ဘာကိရိယာနဲ့မှတိုင်းတာ မှတ်တမ်းတင် ထားနိုင်မယ်မထင်ဘူး။
အဲဒီညနေဟာ ….
ကျနော် အပြုစားခံရတဲ့ညနေ။
ကဗျာရွတ်ဆိုခြင်းအတတ်နဲ့ ဘူးသွင်းခံလိုက်ရတဲ့ ဆည်းဆာရီ။
ကျနော်တစ်သက်မှာ ဘယ်တော့မှ မေ့မှာမဟုတ်တဲ့ နေ့တစ်နေ့ရဲ့ အလင်းမှိန်နိဂုံး။
ကဗျာ
ကဗျာရွတ်သံ။
ပိတ်လှောင်မွန်းကြပ်မှု၊ အထီးကျန်မှု၊ အားငယ်မှုအားလုံးကို ဒီကဗျာရွတ်သံတစ်ခုတည်းက သေချာပေါက်လွတ်မြောက်စေခဲ့တယ်။ ဒါဟာ ၁၉၇၆ မိုးတစ်ညနေ။ ကျနော်တို့အားလုံး အတူရှိခဲ့ကြဖူးတဲ့ သမိုင်းဝင် မြေမှာ။
(၁၉၆၉ ခု၊ ဒီဇင်ဘာလ၊မိုးဝေ မဂ္ဂဇင်းမှာဖော်ပြခဲ့တဲ့ ကဗျာဆရာမောင်လေးအောင် ရဲ့ “ဒီဇင်္ဘာ ၂၀ရက်၏ တမ်းခြင်း(သို့မဟုတ်) ရဲဘော်ရဲ့ကဗျာ” အပြည့်အစုံတစ်ပုဒ်လုံးကို ချယ်ရီမဂ္ဂဇင်း(၁၉၉၉) နဲ့ ၂၀၀၀ခုနှစ်မတ်လမှာ ပထမအကြိမ်ထုတ်ဝေခဲ့တဲ့ “အောင်ဝေး”ရဲ့ “ကဗျာအလုပ်ရုံကလေး” စာအုပ်မှာ ပြန်လည်ဖော်ပြထားတာတွေ့ရပါတယ်။ အဲဒီရဲ့ ရှေ့နဲ့နောက်မှာလဲ အကြိမ်ကြိမ်ပုံနှိပ် ဖော်ပြခဲ့ဖူးတဲ့ မှတ်တမ်းမှတ်စုတွေရှိနိုင်သေးတယ်။ လူတွေနဲ့ လူသမိုင်းဟာ ကဗျာကောင်းတစ်ပုဒ်ကို တော်ရုံနဲ့မေ့ပျောက်ပစ်လို့ မရနိုင်တာသေချာတယ်)
(၃)
ကျနော်ဟာ ကဗျာတစ်ပုဒ်ရဲ့ စာသားအနက်အဓိပ္ပာယ်ထဲ မှော်ဆန်တဲ့ရွတ်ဆိုသံ ဌာပနာထားပြီးဖမ်းစားတာလည်း ခံခဲ့ရဖူးပြီ။ အဲဒါ ၁၉၇၆ မိုးရာသီ။
အဲဒီ ကဗျာဆိုတဲ့ အလင်းအမှောင်၊ အရုပ် အရောင်တွေနဲ့ ပူးပေါင်းပြီး လူကိုယစ်မူးစွဲလမ်းအောင် သိမ်းသွင်းလုပ်ဆောင်တတ်မှန်း သိခဲ့ရတာက ၁၉၉၅ မိုးရာသီ။
ဗိုလ်ချုပ်လမ်းပေါ်က ၀ဇီရာ ရုပ်ရှင်ရုံ။
အဲဒီမှာ ဇာတ်မင်းသားလေး မောင်သိန်းဇော် ဇာတ်ကနေတယ်။ “ကိုသိန်းဇော်” ဇာတ်ကတာမမြင်ဖူးတော့ ကြည့်ချင်တယ်။ အဲလိုနဲ့ သူကနေတဲ့တစ်ရက်၊ နေ့လည်ခင်းတစ်ခုမှာ ကျနော်တို့ ရောက်သွားခဲ့ကြတယ်။ ဇာတ်ကတော့ ထုံးစံအတိုင်း ကစရာရှိက၊ ပြစရာရှိပြ၊ ပြောစရာရှိပြော၊ ပြက်စရာရှိပြက်၊ ဆိုစရာရှိဆို၊ ငိုစရာရှိငိုပေါ့။ သေသေသပ်သပ်လေး တင်ဆက်နေပါတယ်။
ကနေတဲ့ဇာတ်နဲ့ ဘယ်လိုမှ ပတ်သက်ဆက်နွယ်စရာမရှိဘဲ ကြားဖြတ်တင်ဆက်လိုက်တာကတော့ ကိုသိန်းဇော် ကဗျာရွတ်ခြင်း အစီအစဉ်ပါပဲ။ ကျနော်ငိုင်သွားခဲ့တယ်။ သူရွတ်သံထဲမှာ မိန်းမောပျော်ဝင်သွားခဲ့တယ်။ နဂိုကတည်းက ကဗျာကို စွဲလမ်းငြိတွယ် ချစ်ခင်ရင်းစွဲ ရှိနေတဲ့ ကျနော်ဟာ မာယာတောလယ်မှာ ငြိမ့်ငြိမ့်မျောခဲ့တယ်။ ကဗျာရွတ်နေသူ ဇာတ်မင်းသားလေး သိန်းဇော်(ကဗျာဆရာ) ကို ကြည့်ရတာ သူ့ကဗျာထဲမှာ သူကိုယ်တိုင်ပြန်မျောနေသလို။ သူကဗျာထဲသူပြန် ပိတ်မိနေသလို။
ကဗျာရွတ်သံဟာ တိုးညှင်းသွားလိုက်၊
ကျယ်လောင် ပီသလာလိုက်၊
အလင်းဟာ ပြက်တစ်လှည့် ဖျော့တစ်ခါ၊
အရောင်ပြောင်းတွေ လက်တစ်မျိုး၊ လျော့တစ်လှည့်။
နံရံခြောက်ဘက်စလုံး ပိတ်လှောင်ထားတဲ့ ဇာတ်ရုံ မှောင်မှောင်ထဲမှာ နှင်းတွေကျလာသယောင်၊ ဗိုလ်ချုပ်လမ်းပေါ်မှာ စွေစွေရွာနေတဲ့ မိုးတွေကပဲ ဒီပွဲခင်းထဲတဖွဲဖွဲ ကျလာသယောင်။
စာသားရွတ်ဆိုသံအပြင် အဆင်တန်ဆာအပြည့်အစုံ တင်ဆင့်ထားတဲ့ကဗျာဟာ ဇာတ်ရုံထဲကထွက်ပြီး ကမ္ဘာမြေအနှံ့ လွတ်လွတ်လပ်လပ်ကြီးကို ပျံသန်းနေတာ တွေ့လိုက်ရပါတော့တယ်။
ကျနော်လည်း ကဗျာနဲ့အတူလိုက်ချင်တယ်။
ကျနော်ချစ်တဲ့ ပြည်သူတွေနဲ့အတူပေါ့။
ဟင်းလင်းပွင့်ကောင်းကင်ယံမှာ အတိုင်းအဆမဲ့ သန့်စင်လေတွေ ရှုရင်းရှိုက်ရင်း၊ ပြောဆိုဆွေးနွေးရင်း၊ ရယ်မောပျော်ရွှင်ရင်း၊ ကျီစယ်နောက်ပြောင်ရင်း၊ ရင်းနှီးချစ်ခင်စွာ၊ အတူတကွ ။
(ရွတ်နေတဲ့ကဗျာ)ကို စာသား၊ ရွတ်သံအပြင် အခြားသော သင်္ကေတပုံတွေထပ်ပြီး ထည့်ပိုးလိုက်တဲ့အခါ သိပ်လှသွားတာ တွေ့ခဲ့ရပါတယ်။
(၄)
၂၀၀၇ မိုးရာသီတစ်ရက်၊ နေ့လည်။
မစ္စတာဂီတာကဖေး၊ ဆရာစံလမ်း၊ ရန်ကုန်။
အဲဒီမှာကျင်းပတဲ့ အိပ်ခ်ျအိုင်ပီကူးစက်ခံ မိဘမဲ့ကလေးများနဲ့ ပရဟိတကလေး စောင့်ရှောက်ရေးဂေဟာအတွက် အလှူငွေကောက်ခံပွဲတစ်ခုကို ရောက်ရှိခဲ့ပါတယ်။
စာပေ၊ ဂီတ၊ ရုပ်ရှင်၊ နဲ့ အခြားသော အနုပညာနယ်ပယ်က ထင်ရှားသူတစ်ချို့ အလှူငွေကောက်ခံပွဲ အောင်မြင်အောင်ဆောင်ရွက်ပေးကြဖို့ စုရုံးရောက်ရှိနေကြပါတယ်။ လူငယ်အများစုပါ။ အဲဒီမှာ ကဗျာရွတ်ကြပါတယ်။ သီချင်းဆိုကြပါတယ်။ တီးခတ်ဖျော်ဖြေကြပါတယ်။ ပါဖောင့်မင့်န် နဲ့တင်ဆက်ကြပါတယ်။ အားလုံးလိုလိုဟာ သူတို့ရဲ့ အကောင်း ဆိုတာတွေကို ပေးဆပ်တင်ဆက်သွားကြပါတယ်။ ဒီအထဲက ကဗျာရွတ်ဆိုမှုတစ်ခုကို ထုတ်နှုတ်ပြောပြချင်ပါတယ်။ စိုးသော်တာ ရဲ့ “ရန်ကုန်တိမ်” ကဗျာရွတ်ဆိုမှုပါပဲ။
စိုးသော်တာ စင်ပေါ်တက်လာပါတယ်။
(ဖော်ပြထားတဲ့ပုံဟာ ခင်ဗျားတို့မြင်နေရတဲ့အတိုင်းပါပဲ) မုတ်ဆိတ်ကျင်စွယ် မသုတ်သင်ထားပဲ အနီရောင်တီရှပ်တစ်ထည်ကို ၀တ်ဆင်ထားတဲ့ ကဗျာဆရာကို တွေ့ရပါ့မယ်။
စင်ပေါ်ရောက်တဲ့အခါ ကဗျာဆရာဟာ ယပ်တောင်တွန့်ခေါက်ထားတဲ့ သူ့ကဗျာစာရွက်ကို ဓားတစ်ချောင်းနဲ့ ခေါက်ရာအတိုင်း လှီးဖြတ်ပါတော့တယ်။ ကဗျာစာရွက်ဟာ အပိုင်းပိုင်း အပြတ်ပြတ်ဖြစ်သွားပါတယ်။ အစုအပေါင်းနဲ့တည်ရှိနေတဲ့ (မကြားရ) မမြင်ရသေးလို့ ဘာရယ်မှန်း ကျနော်တို့မသိရသေးတဲ့ ကဗျာ (သို့မဟုတ်) တည်ရှိမှုတစ်ခုကို သူ စတင်စိတ်ဖြာ ပြလိုက်ခြင်းပါပဲ။ အဲဒီနောက်တော့ မူလက ကဗျာတစ်ပုဒ်အဖြစ်တည်ရှိနေတဲ့ ကဗျာတစ်ရွက်ဟာ ခုတော့ လက်နှစ်လုံးသာသာ စာရွက်အပိုင်း အမွှာလေးတွေဖြစ်သွားပါပြီ။ ပြီးတော့ ခုရွတ်ဆိုမယ့်ကဗျာဟာ (ဗြူတီမဂ္ဂဇင်း၊၂၀၀၇) မှာ ပုံနှိပ်ဖော်ပြထားပြီးကဗျာ ဖြစ်ကြောင်း မိတ်ဆက်ပါတယ်။ ပြီးတော့ ရွတ်ဆိုဖို့ပြင်လိုက်ပါတယ်။
သူ့ဘယ်ဘက်လက်မှာ“ကဗျာဖြတ်သားပိုင်း” အထပ်လိုက်ကို စုကိုင်ထားပါတယ်။ အဲဒီနောက်ညာဘက်က စာရွက်အပိုင်းတစ်ပိုင်းကို ဆွဲထုတ်လိုက်ပါတယ်။ ဒီစာရွက်အပိုင်းအစလေးထဲမှာ သူ့ကဗျာတစ်ပုဒ်လုံးထဲက စာကြောင်းတစ်ကြောင်းပါပါတယ်။ သူဟာ အဲဒီကဗျာ စာကြောင်းကို ရွတ်ပါတယ်။ ရွတ်ပြီးပြီးချင်းမှာ ဆန့်တန်းထားတဲ့ ညာဘက်လက်နဲ့ ရွတ်ပြီးသွားတဲ့စာရွက်ပိုင်းကို လေထဲမှာဝဲပြီး လွှင့်ပစ်လိုက်ပါတယ်။ သူလုပ်ဆောင်ရမယ့်အလုပ်တစ်ခု ပြီးမြောက်သွားတယ်ဆိုတဲ့ သဘောပါပဲ။ စင်တစ်ဖက်က တေက်လျှောက်ထိုးမှုတ်ထားတဲ့ ပန်ကာလေနဲ့အတူ သူ့လက်ကလွှတ်လိုက်တဲ့ ရွတ်ဆိုပြီးကဗျာစာရွက်အပိုင်းလေးဟာ တလွင့်လွင့်ပါသွားပါတယ်။ ဒီအပိုင်းအစလေး ဘယ်ရောက်သွားမယ်ဆိုတာ ကဗျာဆရာလည်း မသိ၊ ကျနော်တို့လည်း မသိ။
ပြီးတာနဲ့ ခုနကလိုပါပဲ။ ဘယ်လက်နဲ့ကိုင်ထားတဲ့ စာရွက်အပိုင်းအစလေးတွေထဲကတစ်ခုကို ညာလက်နဲ့စွဲယူလိုက်၊ ဆွဲယူလို့ပါလာတဲ့ စာကြောင်းကိုရွတ်ဖတ်လိုက်၊ ပြီးပြီးချင်းအဲဒီစာရွက်ကို လေထဲလွှင့်ပစ်လိုက်၊ အကြိမ်ကြိမ်လုပ်ပြပါတယ်။ ဘယ်သူ့ကိုမှလည်း မကြည့်၊ ဘယ်လိုတုန်လှုပ်မှုမျိုးမှလည်း မရှိ၊ ဘာကိုမှဂရုမစိုက်ပဲ ကဗျာကို တစ်ကြောင်းချင်းရွတ်နေတဲ့ ကဗျာဆရာကိုပဲ ကျနော်ကြည့်နေမိပါတယ်။
ကျနော့်စိတ်အာရုံမှာ သူဟာ ကဗျာဆရာမဟုတ်တော့ပါဘူး။
သူဟာ ရှေ့နေကြီးတစ်ယောက်ဖြစ်သွားခဲ့ပါတယ်။ သူဟာစွဲချက်တစ်ခုကို ရွတ်ဖတ်နေတာပါ။ ကဗျာဖတ်နေတာ မဟုတ်တော့ပါဘူး။ သူ့ရဲ့စွဲချက်တင်ခြင်းခံနေရသူက ရန်ကုန်မြို့ကြီးပါ။ ရန်ကုန်မြို့ကြီးဆိုတာ ကျနော်တို့ခင်ဗျားပါရောက်ရှိနေတဲ့ ခေတ်ကာလကြီးတစ်ခုထဲက အထင်ကရနေရာတစ်ခု၊ အဲဒီရန်ကုန်ရဲ့ပုံရိပ်ဆိုတာဟာ လူမှုဘ၀တွေအများကြီးကို စုပေါင်းထင်ဟပ်ထားတဲ့ ပန်းချီကားတစ်ချပ်ပါပဲ။ ကဗျာဆရာဟာ သူဖြတ်သန်းနေရတဲ့ ခေတ်ကာလကြီးကို သူမြင်သလို ဖော်ကျူးနေတာ သေချာလှပါတယ်။ သူဟာ ရန်ကုန်တိမ်လို့ အမည်တပ်ပြောနေပေမယ့် ရန်ကုန်မှာ နေထိုင် ရုန်းကန် လှုပ်ရှားနေကြသူများရဲ့ဘ၀ အထွေထွေကို ရည်ညွှန်းတာလည်းဖြစ်နိုင်နေပြန်ပါတယ်။
အသံအနိမ့်အမြင့်မရှိ၊ အသံသေတစ်ခုတည်းနဲ့ ကဗျာကို တစ်ကြောင်းချင်းဖတ်သွားပုံက ပြစ်မှုတစ်ခုချင်းအတွက် စွဲချက်တွေ တစ်ခုချင်းစီ ရုံးတော်ကိုတင်ပြနေသလိုပါပဲ။ (နောက်ဆုံး အဆုံးသတ် တစ်ပိုဒ်ကလွဲလို့ပေါ့)
ကဗျာကိုစရွတ်ကတည်းက နောက်ခံဂီတသံဟာ တိမ်တစ်လှည့် ကျယ်တစ်ခါ ကဗျာစာသားအနက်များအတိုင်း လူးလိမ့်လိုက်ပါနေတာကြားရပါတယ်။ အဲဒီအခါ ကဗျာဟာ ရွတ်ဆိုသူနဲ့ နားဆင်သူကြားမှာ တစ်သားတည်းဖြစ်သွားခဲ့တယ်။
သူ့ကဗျာကို အသံထွက်ဖတ်ကြည့်၊ ရွတ်ကြည့်လိုက်ကြပါဦး။ စာတစ်ကြောင်းစီဟာ “စီနီမာစကုပ်” မြင်ကွင်းကျယ် ရုပ်ရှင်တစ်ကားစီဖြစ်တယ်လို့ အတွေးတွေကိုလွှင့်ထားလိုက်ရင်ပိုများ အဆီအငေါ်တည့်လေမလား။
ရန်ကုန်တိမ်ဟာ
ငြိမ်ငြိမ်မနေဘူး
ရန်ကုန်တိမ်ဟာ
ဆိတ်ငြိမ်ရာအရပ်ကိုလည်း မသွားချင်ဘူး
ရန်ကုန်တိမ်ဟာ
အိမ်ခြေရာခြေလည်းမဲ့
ရန်ကုန်တိမ်ဟာ
ဇိမ်ယစ်တတ်တဲ့ အပျင်းကောင်
ရန်ကုန်တိမ်ဟာ
အကြိမ်ကြိမ် ရှူံးနိမ့်ခဲ့ဖူးသူ
ရန်ကုန်တိမ်ဟာ
နွားရိုင်းသွင်းချိန် ပျော်တယ်
ရန်ကုန်တိမ်ဟာ
မြိန်ရေယှက်ရေ အစားကြူးသူ
ရန်ကုန်တိမ်ဟာ
ကလိန်ကကျစ် ၀ှက်ဖဲတစ်ချပ်
ရန်ကုန်တိမ်ဟာ
အချိန်ပြည့် မူးနေတတ်သူ
ရန်ကုန်တိမ်ဟာ
ခြေမငြိမ် လက်မငြိမ်ကောင်
ရန်ကုန်တိမ်ဟာ
ချိန်ပြီး ပစ်တတ်သူ
ရန်ကုန်တိမ်ဟာ
ကျိန်စာကိုလည်း မယုံကြည်
ရန်ကုန်တိမ်ဟာ
လိင်ကိစ္စနဲ့ နာမည်ပျက်သူ
ရန်ကုန်တိမ်ဟာ
သိဟ်ရာသီမှာ ဟိုပြေးသည်ပြေး
ရန်ကုန်တိမ်ဟာ
ထိမ်ဝှက်ခံ သီချင်းတစ်ပုဒ်
ရန်ကုန်တိမ်ဟာ
စိန်ခေါ်ရင် ဘွာမခတ်သူ
ရန်ကုန်တိမ်ဟာ
ကြိမ်ဒဏ်လည်း ခံဖူးရဲ့
ရန်ကုန်တိမ်ဟာ
တစ်ချိန်ချိန်မှာတော့
ဘ၀အနာကြီး……….နာပြီး
တိမ်များရဲ့သူကြီးအဖြစ်
မှတ်တမ်းကျန်ရစ်ခဲ့မယ် လို့
ကိုယ့်ကိုယ်ကိုယ် ယုံကြည်နေတယ်။ ။
စာမျက်နှာပေါ်မှာ သူ့ချည်းသီးသီးရှိနေဆဲ ဖတ်လိုက်ရတဲ့ကဗျာတစ်ပုဒ်နဲ့ ပံ့ပိုးမှုအပြည့်ပါတဲ့ ကဗျာတစ်ပုဒ်ကို ခံစားရပုံခြင်းကတော့ သေချာပေါက် ကွာဟမှုရှိလိမ့်မယ်လို့ ကျနော်ထင်ပါတယ်။
အခုပွဲမှာ မြင်ကွင်းကျယ်ရန်ကုန်မြို့ရဲ့ လူမှုရှုခင်းကို ဇာတ်ညွှန်းတစ်မျိုးနဲ့ ရေးသားဖွဲ့ဆိုရွတ်ပြသွားသူ ကဗျာဆရာတစ်ယောက် ရှိပါသေးတယ်။ ကဗျာဆရာ“မိုဃ်းဇော်” ပါ။ အဲဒီကဗျာက ဒုတိယအကြိမ်မြောက် ရွှေအမြုတေ စာပေဆုရ၊ “ရန်ကုန်ည” ကဗျာပါပဲ။ ကဗျာအရေးကောင်းသလောက် အရွယ်ကောင်းတဲ့ ဆရာမိုဃ်းဇော်ရဲ့အသံဟာ ထွက်ပေါက်မဲ့ လှိုဏ်ခေါင်းတစ်ခုထဲတိုးဝင်သွားပြီး လှည့်ပတ်မွှေနှောက်လိုက်တဲ့ မုန်တိုင်းတစ်ခုလိုပါပဲ။ ထိချက်တွေက ပြင်းလွန်းလှတယ်။ စိတ်ဓါတ်တွေ ဖရိုဖရဲနဲ့ ပြိုလဲကျလုမတတ် ဖြစ်ခဲ့ရပါတယ်။ ဆောင်ပါးတစ်ပုဒ်သီးခြားရေးမယ်စိတ်ကူးနဲ့ ကဗျာမြည်းလေးပဲ ဖော်ပြလိုက်ပါတယ်။ ရန်ကုန်မြို့လည်ခေါင်က လူစီးကြောင်းထဲမှာ ခင်ဗျားလမ်းလျှောက်ဖြစ်တဲ့အခါ ဒီကဗျာဟာ ခင်ဗျားဘေးနားမှာ အတူရှိနေပါလိမ့်မယ်။
ဆုပ်ကိုင်နိုင်သမျှ ဆုပ်ကိုင်
ရပ်တည်နိုင်သမျှ ရပ်ထား
ဘာမှ အလကားမရဘူးဆိုလို့
စတိုးဆိုင်ရှေ့က လမ်းဖြတ်ကူးခဲ့တယ်။
ဒီမှာလေ
ကြပ်မပြည့်တဲ့ ညဥ့်ငှက်တွေ
ပြန်လည်ရှင်သန်လာကြတဲ့
ရန်ကုန်ဆိုတဲ့ ရန်ကုန်ညမှာ
ပန်းဆိုးတန်းတစ်ဝိုက်
လမ်းသလားကြည့်လိုက်တော့
ရန်ကုန်ညဟာ
ကားမီးရောင်နဲ့တုန်နေခဲ့၊
………………………….
………………………….
………………………….
အနော်ရထာ လမ်းမကြီးဟာ
ခြေသံတွေကို ထမ်းထားဆဲ
ချွေးတစိုစို လမ်းမကြီးတွေနဲ့
ဂုံးကျော်တံတားကြီးတွေအောက်
ဘ၀တွေ စီးဆင်းနေလေရဲ့
ဘယ်ဆီ ဘယ်ဝယ်မသိ
ဘ၀တွေ စီးဆင်းနေလေရဲ့ ။
(၅)
စိုးသော်တာ ကဗျာရွတ်ပြီးလို့ စင်ပေါ်ကဆင်းသွားပါပြီ။ အခမ်းအနားဟာ သူ့အစီအစဉ်အတိုင်း ဆက်သွားနေပါတယ်။ အသံဗလံတွေလည်း ဆက်ထွက်လို့ပေါ့။
ကျနော့်နားထဲမှာအသံတွေ ခဏတိတ်သွားခဲ့တယ်။
(အဲဒီခဏဆိုတာ အချိန်ဘယ်လောက်ကြာမှန်း ကျနော်မသိ)
ကျနော်ဆီ “ရန်ကုန်တိမ်” ဟာဆိုတဲ့ အသံနဲ့တူတဲ့အသံတစ်ခု ၀ဲပျံတိုးဝင်လာနေတယ်။ ဒီလိုစွဲချက်မျိုးမဟုတ်ပေမယ့် ဒီလို သရုပ်ဖော်မှုမျိုး ကျနော်ဘယ်မှာကြားသိခဲ့ဖူးပါလိမ့်။ ကျနော့်အတွေးတွေဟာ ပစ်မှတ်ရှာမြှားတစ်စင်းလို အဝေးကြီးကိုထွက်သွားခဲ့တယ်။ အဲဒီနောက် ကျနော့်မှတ်ဥာဏ်မှာ ကျနော်ကြားဖူးတဲ့အသံ ပြန်ထင်လာပါတော့တယ်။ အဲဒီအသံကတော့ “ဂေါဝိန်ဟာ အိပ်ရာကနိုးပြီဆို ခိုတောင်မုန့်တီ တစ်လုံးစားတယ်” ဆိုတဲ့ဝါကျတစ်ကြောင်းဆီကထွက်လာတဲ့အသံပါ။
အိမ်ပြန်ရောက်တဲ့အခါ အိပ်မပျော်ပါဘူး။ စိုးသော်တာနဲ့ “ရန်ကုန်တိမ်” က ပေးလိုက်တဲ့အတွေးဟာ ဖုံတသောသောတက်နေတဲ့ စာအုပ်ပုံကြီးကို မွှေနှောက်ရှာဖွေဖို့ အရေးဖြစ်လာပါတော့တယ်။ ရန်ကုန်တိမ်တွေ အုပ်ဆိုင်းနေတဲ့ ရန်ကုန်မိုးရာသီ မီးမှိန်မှိန်နဲ့ပဲ ကျနော်နှစ်သက်စွဲလန်းဖူးတဲ့ ဂေါဝိန်ကိုပြန်ရှာရပါတော့တယ်။ ကျနော်နှစ်သက်ဖူးတာ “ဆရာသိုက်ထွန်းသက်” ရဲ့ “ဂျီသြမေတြီဂေါဝိန်” ပါ။ ၁၉၉၁ ဇန္န၀ါရီ ပေဖူးလွာမှာ ဖော်ပြပါရှိခဲ့ပါတယ်။ လွန်ခဲ့သော (၁၆)နှစ်လောက်က ဆရာသိုက်ရဲ့လက်ရာ အလွန်ရိုးသားတဲ့ရေထမ်းသမား “ကိုမှတ်တင်” နဲ့စိတ်ကစားပြီး မိဘအသိုင်းအ၀ိုင်းကို မလွန်ဆန်နိုင်တဲ့ “စိန်စိန်သီ” ဆိုတဲ့ ကောင်မလေးတစ်ယောက်ကို ပင်တိုင်ထားပြီး ဂေါဝိန်ဆိပ်ရဲ့ ရုပ်ပုံလွှာကိုဖွဲ့ထားတဲ့ ၀တ္ထုတိုလေးပါ။
မိုးတစ်စိမ့်စိမ့်မှာ ကျနော်ဂေါဝိန်ဆိပ်ကို ရောက်သွားခဲ့ရပြန်ပါတယ်။ မန္တလေးဘက်ကမ်းဆီ အိပဲ့အိပဲ့လာနေတဲ့ ခိုတောင်မုန့်တီသည်လေးတွေကို ငေးမျှော်ရင်း အရောင်းအ၀ယ်ပါးနေတာရှာတဲ့ ဟိုးတုန်းက “ဂေါဝိန်ဈေး” ချောက်တီးချောက်ချက်ထဲကို လည်ပတ်ကြည့်ရှုငေးမောရင်း၊ “ကိုမှတ်တင်” နဲ့စကားစမြည်ပြောရင်း “စိန်စိန်သီ” ကိုလူကဲခတ်ရင်း ဂျီသြမေတြီဘာသာရပ်ထဲက အမြင်ပြောင်းကြည့်ခြင်း နည်းနာတစ်ရပ်ကို သတိတရဖြစ်လာပါတယ်။
ဆရာသိုက်ဟာ သူ့ဝတ္ထုကို ၀ါကျနှစ်ကြောင်းနဲ့ အဆုံးသတ်ခဲ့တယ်။ ဒီလိုပါ။
လှအောင် ကဗျာဆရာမဟုတ်ဘဲနဲ့ စမတ်ကျကျ ကဗျာရွတ်နေသေးတယ်။
“ဂေါဝိန်ဟာ လိပ်ပြာမလှတဲ့ မိန်းမငယ်တစ်ယောက်အတွက် ရေထမ်းသမားကြီးတစ်ယောက်နဲ့အတူ အရက်ဖြူ သောက်တယ်” တဲ့။
ဝတ္ထုရေးဆရာဟာ သူ့ဝတ္ထုထဲမှာ ကဗျာဓါတ်တွေပါတယ်။ ဒါမှမဟုတ် ကဗျာစာကြောင်းတွေပါတယ်လို့ အခိုင်အမာ ယူဆထားလိုက်တယ်လို့ ကျနော်ထင်မိလိုက်တယ်။ အရင်ကအကြိမ်ကြိမ်ဖတ်မိစဉ်မှာ ဒီလိုအတွေးမ၀င်မိပေမယ့် ခုတစ်ကြိမ်မှာတော့ အဲဒီလိုအတွေးမျိုးတိတိကျကျကြီးဝင်ချလာပါတယ်။
ကျနော့်နားထဲမှာ “စိုးသော်တာ” ရဲ့ “ရန်ကုန်တိမ်” ကဗျာထဲက “ရန်ကုန်တိမ်ဟာ ဇိမ်ယစ်တတ်တဲ့ အပျင်းကောင်” ရိုးစွပ်သံ တစ်ခုဝင်လာချိန်နဲ့ ရှေ့ဆင့်နောက်ဆင့်မှာပဲ “ဂျီသြမေတြီဂေါဝိန်” ၀တ္ထုထဲက “ဂေါဝိန်ဟာ ဧရာဝတီရဲ့ ရွက်ကျပင်ပေါက် မယားတစ်ယောက်” ဆိုတဲ့ ခပ်ငေါက်ငေါက် ၀ါကျတစ်ကြောင်းကပ်လျှက် လိုက်ပါလာပါတယ်။ ဒါနဲ့ သူ့ဘာသာ ပြည့်စုံလှပပြီးသား ဘ၀သရုပ်ဖော်ဝတ္ထုတိုတစ်ပုဒ်ထဲက “ဂေါဝိန်ဟာ” နဲ့ အစချီတဲ့ ၀ါကျတွေချည်းဆွဲထုတ်ပြီး ထက်အောက်ဆီရေးချလိုက်တယ်။ “ဂေါဝိန်ဟာ” နဲ့ အစချီတဲ့ ၀ါကျတွေဟာ တစ်နေရာထဲမှာ ပြွတ်ခဲတည်ရှိ နေတာမဟုတ်ပါဘူး။ အလျဉ်းသင့်သလို ဟိုနားဒီနားပါပါပဲ။ “ဂေါဝိန်ဟာ” အစချီပေမယ့် အဲဒီဝါကျတွေနဲ့ကပ်လျှက်ရေးထားတဲ့အထဲက တစ်ချို့ဝါကျတွေကိုလည်းဆွဲထုတ်ပြီး လက်သည်းကွင်းခတ် ဆက်စပ်ကြည့်ပါတယ်။ သူ့မူရင်းဝါကျကိုတော့ တစ်လုံးတစ်ပါဒမှ ပြင်ဆင်ဖြည့်စွက်တာမလုပ်ခဲ့ပါဘူး။ (တိုက်ဆိုင်စစ်ဆေးကြည့်ရှုနိုင်ပါတယ်)။ ပြီးတော့ “ဂေါဝိန်” လို့နာမည်တပ်ပေးလိုက်မိတယ်။ ဘယ်လိုတွေ့ရသလဲဆိုတာ ကြည့်လိုက်ကြပါဦး။
ဂေါဝိန်
ဂေါဝိန်ဟာ အိပ်ယာကနိုးပြီဆို ခိုတောင်မုန့်တီတစ်လုံးစားတယ်။
ဂေါဝိန်ဟာ ဂေါဝိန်ဟာ ဧရာဝတီရဲ့ ရွက်ကျပင်ပေါက် မယားတစ်ယောက်
(သဘောဖြူအူစင်း မာယာကင်းတဲ့ဂေါဝိန် ယုံလွယ် ပုံလွယ်တဲ့ ဂေါဝိန်)
ဂေါဝိန်ဟာ ၀ါခေါင်လတွေမှာ ဧရာဝတီနဲ့ရန်ဖြစ်တယ်။
(ခြေတံရှည်အိမ်လေးတွေ ရေအောက်မှာတူတူပုန်းကြ)
ဂေါဝိန်ဟာ ပတ္တမြားစေတီဘုရားပွဲ သနပ်ခါးဘဲကြားနဲ့ က,တယ်။
ဂေါဝိန်ဟာ လက်ပံပွင့်လေးတွေကြွေတဲ့အခါ နွေဘွဲ့ကဗျာစပ်တယ်။
ဂေါဝိန်ဟာ ဘိလပ်မြေသမ္ဗာန်ပေါ်က ဆံညှပ်တစ်ချောင်းကောက်ရတယ်။
ဂေါဝိန်ဟာ ကင်းဝန်မင်းကြီးဦးကောင်းနဲ့အတူ လူလိမ်ခံရဖူးတယ်။
ဂေါဝိန်ဟာ ကမ်နားဈေးထဲမှာ ငွေတိုးလည်းချေးယူဖူးတယ်။
ဂေါဝိန်ဟာ ဆိပ်ကမ်းလုပ်သားကြီးတစ်ယောက်နဲ့အတူ အရက်ဖြူသောက်တယ်။
ဂေါဝိန်ဟာ လိပ်ပြာမလှတဲ့မိန်းမတစ်ယောက်အတွက် ရေထမ်းသမားကြီးတစ်ယောက်နဲ့အတူ အရက်ဖြူသောက်တယ်။
ဒါဟာ ကျနော်တို့မြင်နေကျ ဖတ်နေကျခေတ်ဖွဲ့ကဗျာတစ်ပုဒ်ဆိုတာ သေချာပါတယ်။ ကျနော်တို့ပြောဖို့သေချာတာက ဆရာသိုက်ထွန်းသက်ဟာ သူ့ဝတ္ထုထဲမှာကဗျာတစ်ပုဒ်ကို တမင်တကာ ၀ှက်မြှပ်ထားခဲ့တာလား။ သူကိုယ်တိုင်မသိလိုက်ပဲ ကဗျာတစ်ပုဒ်ရေးဖွဲ့မိခဲ့လေသလား ဆိုတာပါပဲ။
ဘာပဲဖြစ်ဖြစ် ၁၉၉၀ ၀န်းကျင်ကရေးတဲ့ “ဂျီသြမေတြီ ဂေါဝိန်” ၀တ္ထုထဲမှာခေတ်ပေါ်ဟန်နဲ့ ရေးဖွဲ့ထားတဲ့ ဘ၀သရုပ်ဖော်ကဗျာတစ်ပုဒ် ပါရှိနေတယ်ဆိုတာ မြင်သာပါလိမ့်မယ်။
(၆)
ကျနော်ရေးထားသမျှဖော်ပြထားပြီးတဲ့နောက်မှာ ဘာတွေလာပြောနေတာလဲလို့ ခင်ဗျားကဆိုမယ်၊ ထင်မယ်။
ကျနော်ပြောချင်တာကဒီလိုပါ။
၂၀၀၇ ခု ဇူလိုင်လ(၂၉)ရက်နေ့ MRTV 4 တီဗီက ထုတ်လွှင့်သွားတဲ့ အစီအစဉ်တစ်ခုမှာကဗျာရွတ်ပွဲမှာပါဝင် ရွတ်ဖတ်ခဲ့တဲ့သူတွေကို အင်တာဗျူးလေးတစ်ခု မေးသွားတာမြင်ကြားလိုက်ရပါတယ်။ အဲဒီမှာဗျူးသူက “ကဗျာဟာ တစ်စုံတစ်ရာကို ပြောင်းလဲနိုင်တယ်လို့ ထင်ပါသလား” ဆိုတဲ့မေးခွန်းတစ်ခု မေးသွားခဲ့ပါတယ်။ မေးသွားတာက ဆရာမ “မအိ” ကိုလား၊ “လွင်မိုး” ကိုလား၊ “ရဲလေး” ကိုလား မမှတ်မိတော့။
အခုတင်ပြခဲ့တဲ့အရေးအသားဟာ အဲဒီမေးခွန်းကို ကိုယ်နားလည်သလိုဖြေလို့ရသမျှ ဘောင်လေးထဲက (လွတ်လပ်ရေး မရခင် နောက်ခံအထိရောက်အောင် ပြန်မသွားတော့ပဲ) ပေါ့ပေါ့ပါးပါး ပြေးကြည့်လိုက်မိတာပါပဲ။ ဖော်ပြပါ ဒီအရေးအသားထဲမှာ ကဗျာကို ရေလို လေလို သောက်သုံးရှူရှိုက်ကြီးပြင်းခဲ့ရသူ “ကလေး” တစ်ယောက်ရှိမယ်။
မိုးရာသီ ချင်းသာတူပြီး နေရာဒေသ၊ နောက်ခံသမိုင်း၊ ခုနှစ်သက္ကရာဇ်မတူတဲ့ အခြေအနေသုံးခုမှာ သဏ္ဌန်သုံးမျိုးနဲ့ ဖြစ်တည်ခဲ့တဲ့ ကဗျာတွေအပေါ် ခံစားရသူ (လူတစ်ယောက်တည်း)ရဲ့ အာရုံရိပ်တွေပါမယ်။ ကဗျာကကိုယ့်ရင်ဆုံကို ထိမှန်သွားပြီးတဲ့အခါ ပေါက်ကွဲတယ်။ ယစ်မူးတယ်။ အံသြတယ် ဆိုတဲ့ခံစားမှုမျိုးတွေဟာ အဲဒီလူတစ်ယောက်တည်းရဲ့ ဒီခန္ဓာတစ်ခုတည်းမှာ ဖြစ်တည်ခဲ့တာ။ ဦးနှောက်နဲ့ နှလုံးသား တစ်ခုတည်းမှာ စုဖွဲ့ခဲ့တာ၊ ကဗျာဟာ လူတစ်ယောက်က အင်္ကျီ၊ ဘောင်းဘီသစ်တစ်ထည် ကောက်စွပ်ပုံပြောင်းလိုက်လို့ ချက်ချင်းကြီးသဏ္ဌန်ပြောင်းသွားတာမျိုး၊ ဒေးဗစ်ကော့ပါးဖီးရဲ့ လက်တစ်ဖက် အနွဲ့အလှည့်မှာ “Oh” “ amazing” လို့ ၀ိုင်းအော်ကြရလောက်အောင် သိသိသာသာကြီး ဥုံဖွတိုက် ပြောင်းသွားတာမျိုးတော့ ဘယ်လုပ်နိုင်ပါ့မလဲ။
ဒါပေမယ့်……………ကဗျာဆိုတာ……………။
ကဗျာဟာ သူ့ကို တကယ်နှစ်နှစ်သက်သက် ချစ်မက်သူတွေကို ထူးဆန်းတဲ့လောကသစ်တစ်ခုဆီ အရောက် ခေါ်ဆောင်သွားတတ်တာ အသေအချာ။
ရင့်ကျက်ပြောင်းလဲပြီ။ တရားမျှတမှုနဲ့ အမှန်တရားဆီ ချဉ်းကပ်သွားစေတာ အသေအချာလို့ ကျနော်ယုံတယ်၊ အမှန်ပါပဲ။ ကျနော်ဟာကဗျာခေါ်သွားတဲ့ နေရာသစ်တွေဆီ အကြိမ်များစွာရောက်ဖူးခဲ့ပါတယ်။ ခေါင်းထဲမှာ အခွံချည်းရှိတဲ့လူတွေဟာ ကဗျာကို မဖတ်တဲ့အပြင် ကဗျာရဲ့အားကို တစ္ဆေသူရဲလို ကြောက်လန့်တတ်ကြပါတယ်။
ကဗျာဟာ စာရွက်တွေပေါ်မှာချည်း ကြပ်ညှပ်ပိတ်လှောင်နေတယ်လို့ ကျနော်မယူဆပါဘူး။ ကဗျာဟာ လူတွေကြားမျာလည်း လှည့်လည်သွားလာနေတတ်ပါတယ်။ လူတွေနဲ့အတူ အလုပ်တွဲလုပ်လိုက်၊ စားသောက်နေထိုင်လိုက်၊ ကခုန်ပျော်ပါးလိုက်ရှိတတ်တယ်လို့ထင်ပါတယ်။ ကောက်စိုက်တေး၊ ဗုံကြီးသံတွေနဲ့ကျေနပ်၊ နေတတ်ခဲ့တဲ့ ကျေးလက်ပြည်သူတွေ ရှိခဲ့၊ တစ်ချို့ရှိဆဲ ဖြစ်ပါတယ်။
ဘယ့်နှယ်လဲ၊ ကဗျာဆိုတာ လူမသိသူမသိ ရပ်ဝန်းတစ်ခုမှာ ဘာအလုပ်မှမလုပ်ပဲ၊ သူ့ဘာသာ ဧကစာရီကျင့်ကြံနေတတ်တဲ့ “ငပျင်း”တစ်ကောင်မျိုးလို ခင်ဗျားထင်မြင်ယူဆနေသေးတာလား။
ကျနော်ကတော့ ပိတောက်ပွင့်သစ်မဂ္ဂဇင်း၊ အမှတ် (၁၃)ဇူလိုင် ၂၀၀၇၊ စာမျက်နှာ (၁၂၄)၊ ကော်လံ(၁) စာကြောင်းရေ (၃) ကစတဲ့ “ဆရာမြင့်ခေါင်” ရဲ့အရေးအသားလေးကိုပဲ မိုးအေးအေးမှာဖြေးဖြေး ဖတ်နေမိတော့တယ်။
“ကဗျာသည် အကြောင်းအရာ စိတ်ကူးတစ်ရပ်ကို သယ်ပိုးထားသည့်စာပေပစ္စည်းတစ်ရပ်ထက် ရိုးလွန်းလာသည့်အခါ လက်နှက်သဖွယ်ဖြစ်လာရတော့တယ်။ နိုင်ငံရေးဆိုသည်မှာ ဖြစ်နိုင်ရေးကို သိမြင်နားလည်မှုဆိုင်ရာ အနုပညာဖြစ်သည်။ အနုပညာတစ်ရပ်ဖြစ်သည့် နိုင်ငံရေး ရှိသည့်နေရာတွင် အနုပညာတစ်ရပ်ဖြစ်သည့် ကဗျာသည် ရှိလာရတော့သည်။ ထိုအချိန်တွင် ကဗျာတစ်ပုဒ်၏ တာဝန်သည် ကျယ်ပြန့်နက်ရှိုင်းလာတော့သည်။”
ငြိမ်းအေးအိမ်
(၂၀၀ရ ဇူလိုင်လ ၂၇ ရက်၊ရန်ကုန်)
ဆရာငြိမ်းအေးအိမ်၏ ဤဆောင်းပါးနှင့်အခြား ဆောင်းပါးများကို အခက်အခဲအရဆရာ့ထံမှ ခွင့်ပြုချက်တောင်းခံနိုင်ခြင်း မရှိဘဲ ဖော်ပြခြင်းသာဖြစ်ပါသည်။ ဤဆောင်းပါးမူရင်းကို ဒေါက်တာလွဏ်းဆွေ Blog မှရယူပြီး မူရင်းသည် image ဖိုင် မဖြစ်သောကြောင့် ထင်ထင်ရှားရှားမရှိပါ။ ထပ်ဆင့်ကူးယူဖော်ပြခြင်းသာဖြစ်ကြောင်း ၀န်ခံပါသည်။ (ဂျိုး-ငြိမ်းချမ်းရေး)
မူရင်း …. ဒေါက်တာလွဏ်းဆွေမှ





















